News

POST TYPE

INTERVIEW

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ တွေ့ဆုံခြင်း
05-Feb-2019
“ကိုယ်က ဈေးကွက်ကို ချဲ့မယ်၊ ဒီ့ထက်အောင်မြင် တိုးတက်ချင်တယ်ဆိုရင်တော့ သူများ ဝေဖန်နိုင်အောင် ခွင့်ပေးရမယ်ထင်တယ်”


(ဓာတ်ပုံ - ခရစ္စတီးနားခီ Facebook)

နာမည်ကျော် အမျိုးသမီး ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ခရစ္စတီးနားခီနဲ့ တွေ့ဆုံပြီး ကော်ပီဇာတ်ကားတွေ ဖန်တီးမှုအပေါ် သူ့အမြင်၊ ရုပ်ရှင်ရဲ့အရေးပါမှုနဲ့ အကယ်ဒမီအကြောင်းတွေကို မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရုပ်ရှင်လောကမှာ ကော်ပီ ဇာတ်ကားတွေရိုက်ရင် ပရိသတ်တွေက မကြိုက်ကြတော့တာမျိုး ရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြငိမိလဲ။
CK : အစ်မတို့အခုရိုက်နေတဲ့ Now  And  Ever ရုပ်ရှင်မှာဆို ကိုဇဏ်ခီက ဇာတ်ကားအဆုံးမှာ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ထည့်ချင်တယ်။ အဲ့ဒီအတွက် ခွင့်ပြုချက်ရဖို့ကို တော်တော်လိုက်ယူနေရတယ်။ သူတို့ဆီကနေ တရားဝင်ဝယ်ပြီးမှ သုံးချင်တယ်။ ဝယ်ပြီးရင်လည်း စာချုပ်ကို အစ်မတို့အွန်လိုင်းမှာ တင်ပေးမယ်။ အဲ့ဒီလို ဝယ်ဖို့အတွက်ကလည်း နည်းနည်းအလုပ်ရှုပ်တယ်။ ဒါပေမဲ့ အစ်မတို့က သူများရဲ့ အနုပညာကို လေးစားတယ်။ သီချင်းတစ်ပုဒ်၊ စာတစ်ကြောင်းဖြစ်လာဖို့က မလွယ်ပါဘူး။ ကော်ပီကိစ္စကတော့ ရိုက်ချင်တယ်ဆိုရင် ခွင့်ပြုချက်တောင်းတာက ကောင်းတယ်။ ခွင့်ပြုချက်မယူထားရင်တော့ တကယ်ထိရင် ကိုယ့်နာမည်တစ်လုံးကို ထိတာမဟုတ်ဘူး၊ မြန်မာဆိုတဲ့နာမည်ကိုထိတာပါ။ အစ်မကတော့ မြန်မာဆိုတဲ့ နာမည်လေးကို ထိန်းစေချင်ပါတယ်။

Voice : ရုပ်ရှင်ဆိုတာ နိုင်ငံရဲ့ ပုံရိပ်တစ်ခုလို့လည်း ပြောကြတာရှိတယ်နော်။ ဒီအပေါ်မှာရော ဘယ်လိုခံစားမိလဲ။
CK : ရုပ်ရှင်ဆိုတာ ကမ္ဘာအထိ ရောက်တယ်ပေါ့နော်။ အစ်မတို့ မြန်မာနိုင်ငံကသာ မရောက်သေးတာပါ။ တိုင်းပြည်တစ်ခုကို သွားလည်တော့မယ်ဆိုရင် လူတွေက အဲ့ဒီတိုင်းပြည်အကြောင်းကို You Tube မှာ ရှာကြတယ်။ သီချင်းလေးတွေ နားထောင်ကြတယ်။ အစ်မတို့လည်း သူများနိုင်ငံကို သွားလည်မယ်ဆိုရင် Google မှာ လေ့လာတယ်။ အဲ့ဒီလို လေ့လာရင် သူတို့နိုင်ငံက ဖန်တီးတဲ့အနုပညာပစ္စည်းတွေလည်း ပေါ်လာမှာပဲလေ။ အဲ့ဒီနိုင်ငံရဲ့ အနုပညာကို သူတို့လေ့လာစူးစမ်းကြမယ်။ သူတို့မြင်တဲ့အတိုင်း ဆုံးဖြတ် ကြမယ်။ အစ်မတို့ရဲ့ တန်ဖိုးကလည်း သုညဖြစ်ရင်ဖြစ်မယ်၊ ၁ ဖြစ်ရင်ဖြစ်မယ်၊ ၁၀ ဖြစ်ရင်ဖြစ်မယ်။ အစ်မတို့အနုပညာရှင်တွေ ဖန်တီးတဲ့ ဇာတ်ကားတွေက ကောင်းလာသည်နှင့်အမျှ သူများနိုင်ငံက လူတွေရဲ့ အမြင်တွေကလည်း ပြောင်းလာမယ်။ 

Voice : ကိုရီးယားဆိုရင် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေနဲ့ အာရှနိုင်ငံတွေကို ထိုးဖောက်နိုင်ခဲ့တာနော်။
CK : ကိုရီးယားဆိုရင် အစ်မလည်း မရောက်ဖူးပါဘူး။ ကိုရီးယားလူမျိုးတွေနဲ့ခင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရုပ်ရှင်တွေကို ကြည့်ရင်းကပဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေက ကောင်းတယ်လို့ ခံယူလာတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထား လေးတွေက ကောင်းတယ်လို့ ခံယူလာတယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ပိုသုံး ဖြစ်လာတယ်။ သူတို့ရဲ့ အစားအသာက်တွေ၊ ယဉ်ကျေးမှုတွေကို တန်ဖိုးထားလာရင်းနဲ့ပဲ နောင်တစ်ချိန်အားရင်တော့ သွားလည်မယ်ဆိုတဲ့ စိတ်ကူးဖြစ်လာတယ်။ ဒါကလည်း သူတို့ကိုပဲ မြင်တာပါ။ မောင်ဘတို့မောင်လှတို့ကို မြင်တာ မဟုတ်ဘူးလေ။ သူ့နိုင်ငံ သူ့ဂုဏ်သိက္ခာကို သူ့ရုပ်ရှင်ကနေပဲ တစ်ကမ္ဘာလုံးက လူတွေကိုပြသွားတာပါ။ အဲ့ဒါဟာ သိပ်ဂုဏ်ယူစရာကောင်းတယ်လို့အစ်မကတော့ မြင်တယ်။ ရုပ်ရှင်ဟာ နိုင်ငံနဲ့ လူမျိုးအတွက် အရမ်းအရေးကြီးပါတယ်။

Voice : ရုပ်ရှင်ဇာတ်ကား တစ်ကားကောင်းရင် ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူရင်တောင်မှ ခံစားပေးလို့ရတယ်လို့ပြောကြတယ်နော်။ ဒါပေမဲ့ အကယ်ဒမီဘုတ်အဖွဲ့မှာ ပြည်ပပညာရှင်တွေ ဖိတ်ခေါ်ထည့်သွင်းဖို့အကြံပြုချက်ကို အခုချိန်အထိ သဘောမတူနိုင်ကြသေးဘူး။ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
CK : အစ်မတို့ ရုပ်ရှင်ရိုက်တယ်ဆိုတာ ယဉ်ကျေးမှုအကြောင်းတွေချည်း ရိုက်နေတာမှ မဟုတ်တာ။ ရုပ်ရှင်တစ်ကား ကောင်းရင် ဘာသာစကားနားမလည်တောင် ခံစားပေးလို့ ရပါတယ်။ အစ်မကတော့ အကယ်ဒမီဘုတ်အဖွဲ့မှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီး တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ဖိတ်ခေါ်စေချင်ပါတယ်။ သူတို့ကကျတော့ အစ်မတို့တွေကို ဘယ်သူ ဘယ်ဝါတွေမှန်း မသိတော့ဘူးလေ။ ဘယ်မင်းသားတွေ၊ ဘယ်မင်းသမီးတွေမှ မသိတော့ဘူးဆိုတော့ သူ့ဟာသူ လာကြည့် အကဲဖြတ်အမှတ်ပေးပြီး ပြန်သွားမှာပေါ့နော်။ ရင်းနှီးတာတွေ မရင်းနှီးတာတွေလည်း မသိတော့ဘူးပေါ့။

Voice : ဇာတ်ကားတွေကို အကဲဖြတ်အမှတ်ပေးတဲ့အခါမှာ ပုဂ္ဂိုလ်စွဲတော့ ကင်းသွားမှာပေါ့။
CK : အစ်မခံယူထားတာတော့ ရုပ်ရှင်က နိုင်ငံတကာလမ်းကြောင်းပေါ်ကို သွားမယ်ဆိုရင် ပညာရှင်တွေရဲ့ အဆုံးအဖြတ်ကတော့ ခံရမယ်ထင်တယ်။ အခုလောလောဆယ် ဘာပြဿနာတက်နေလဲဆိုတော့ တစ်နိုင်ငံကနေ တစ်နိုင်ငံကို သွားပြဖို့တောင် အခက်အခဲရှိတယ်။ အစ်မတို့ဆိုရင် ရုံလည်း မငှားရဘဲ၊ ဘန်ကောက်တို့ တခြားနိုင်ငံတို့တွေမှာ ပြချင် တာပေါ့နော်။ အဲ့ဒီလိုပြဖို့စုံစမ်းတဲ့အချိန်မှာ သိပ်စိတ်မဝင်စားကြဘူး။ သူတို့က တန်း မြင့်ဇာတ်ကားတွေကို ဖန်တီးနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီလေ။ သူတို့လည်း ဈေးကွက်ကို ကြည့်မှာပေါ့။ ကိုယ်က ဈေးကွက်ကို ချဲ့မယ်၊ ဒီ့ထက် အောင်မြင်တိုးတက်ချင်တယ်ဆိုရင်တော့ သူများဝေဖန်နိုင်အောင် ခွင့်ပေးရမယ်ထင်တယ်။ အဲ့ဒီအခါကျရင် ကိုယ်မှန်း ထားသလို မဟုတ်တော့တဲ့ အချိန်မှာ လူတွေက ဒီ့ထက်ပိုပြီး ကြိုးစားကြလိမ့်မယ်။ 

Voice : ချစ်သူများနေ့လည်း ရောက်တော့မှာဆိုတော့ အမှတ်တရဖြစ်ရပ်တွေရော ဘာတွေရှိလဲ။ ကိုဇဏ်ခီကရော ဘယ်လိုလက်ဆောင်တွေ ပေးလေ့ရှိလဲ။
CK : ကိုဇဏ်ခီကတော့ အစ်မတို့ရည်းစားဘဝကနေ အခုချိန်အထိ လက်ဆောင်တွေ သိပ်ပေးတတ်တဲ့ သူမျိုး မဟုတ်ဘူး။ သူပေးချင်ရင်လည်း ပေးတယ်။ မပေးချင်ရင်လည်း မပေးဘူးဆိုတော့ ကိုယ်လည်း သိပ်မမျှော်လင့် တတ်ဘူးပေါ့။ ဒါပေမဲ့ အမြဲတမ်းတော့ ပျော်အောင်ထားတယ်။ သူနဲ့နေရတာ စိတ်ချမ်းသာပါတယ်။ အစ်မတို့ဘဝမှာ ငွေရေးကြေးရေး သိပ်မပြေလည်တဲ့ အချိန်တုန်းကလည်း နေရတာ အဆင်ပြေပါတယ်။ အစ်မအမြင်ကတော့ ကြီးကြီး ကျယ်ကျယ်လုပ်မှ လက်ဆောင်တွေပေးမှ အချစ်မဟုတ်ပါဘူး။ နှစ်ယောက်တူတူ ပျော်နေနိုင်ရင် ပြန်တွေးကြည့်တိုင်း ဒီအမှတ်တရတွေက တန်ဖိုးမဖြတ်နိုင်ဘူးလေ။ သူ့အပေါ် တစ်ခုခု စိတ်မကျေနပ်စရာရှိရင်တောင် ဒီအမှတ်တရလေးတွေကို ပြန်တွေးပြီးပျော်လို့ရတယ်။ အဲ့ဒီလိုမျိုး ဖြတ်သန်းတာက ပိုပြီး ပျော်စရာကောင်းပါတယ်။

သန့်ဇင်ဦး