News

POST TYPE

INTERVIEW

စာရေးဆရာမဂျူးနဲ့ တွေ့ဆုံခြင်း
01-Feb-2019



““ကြာတော့သည်လည်း မောင့်စကား” ဝတ္ထုကို ဖတ်ထားတဲ့ ပရိသတ်တွေအတွက်ကတော့ ရုပ်ရှင်မှာက နည်းနည်းလေး ကွဲလွဲတာမျိုး ဖြစ်ချင်ဖြစ်လိမ့်မယ်”

“ကြာတော့သည်လည်း မောင့်စကား္လ ဝတ္ထုကို ရေးသားခဲ့တဲ့ စာရေးဆရာမ ဂျူးနဲ့တွေ့ဆုံပြီး ယင်းဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ဖို့ ခွင့်ပြုတဲ့အကြောင်းရင်းနဲ့ ရုပ်ရှင်ဇာတ်ကားအပေါ် အမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အရင်တုန်းက ရုပ်ရှင်အဖြစ် ရိုက်ခဲ့ဖူးတဲ့ “ကြာတော့သည်လည်း မောင့်စကား” ဝတ္ထုကို နောက်တစ်ကြိမ် ရုပ်ရှင်ရိုက်ဖို့ ဘာကြောင့်ခွင့်ပြုခဲ့တာလဲ။
J : အဲ့ဒါကတော့ ဝတ္ထုထဲပါတဲ့ ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်မယ့်သူတွေနဲ့  ရိုက်ကူးမယ့် ဒါရိုက်တာကြောင့်ပါ။ ဒီကားကို ရိုက်မယ့်ဒါရိုက်တာကလည်း ကိုယ်ယုံကြည်ရတဲ့သူ ဖြစ်နေတယ်လေ။ ဒီကားရုံမတင်ခင် ဖေ့စ်ဘွတ်ခ်မှာ ပြောဆိုနေကြတာတွေကို ကျွန်မလည်း ကြားပါတယ်။ အရင်တုန်းက ရိုက်ခဲ့တာကတော့ Version အဟောင်းပေါ့နော်။ ကိုမီးပွား ရိုက်တာကတော့ Version အသစ်ပေါ့။ ဇာတ်ကားအဟောင်းတုန်းကတော့ သရုပ်ဆောင်တွေက အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်သွားကြတယ်။ Version အသစ်သည်လည်း အဟောင်းကို မကျော်ရင်တောင်မှ မီအောင်လိုက်နိုင်မယ်လို့ ကျွန်မထင်ပါတယ်။ ဒီကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း နှယ်နှယ်ရရတော့ မဟုတ်ကြဘူးလေ။

Voice : ဝတ္ထုဇာတ်အိမ်တည်ထားတဲ့ ရေနံချောင်းမြို့အစား ပြင်ဦးလွင်မှာ ပြောင်းရိုက်တာကိုလည်း တချို့ ပရိသတ်တွေက သဘောမကျတာ ရှိတယ်နော်။
J : အရင်ဇာတ်ကားဟောင်းတုန်းကတော့ ရေနံချောင်းမှာပဲ ရိုက်ခဲ့တာပေါ့။ အခုပြန်ရိုက်တဲ့ကားမှာတော့ ပြင်ဦးလွင်မှာ ပြောင်းရိုက်တယ်။ ကျွန်မစိတ်ထဲမှာတော့ တင်တင်ဇော်သည် ရေနံချောင်းသူပဲဖြစ်ဖြစ်၊ ပြင်ဦးလွင်သူပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံထဲမှာနေနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဆရာဝန်တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ စိတ်ထား၊ သူ့ရဲ့ မာန၊ သူ့ရဲ့ ခံစားချက်၊ သူ့ရဲ့ ကျင့်ဝတ်အကုန်လုံးဟာ ဘယ်မြို့မှာပဲဖြစ်ဖြစ် အတူတူပါပဲ။ ကျွန်မစိတ်ထဲမှာတော့ ပြင်ဦးလွင်နဲ့ ရေနံချောင်းဟာ သိပ်မကွာပါဘူး။ ဒါရိုက်တာအနေနဲ့ကတော့ ပြင်ဦးလွင်မှာ ရိုက်ခွင့်ပေးပါလို့ ပြောလာတဲ့အခါမှာ သူတို့ ရိုက်လို့လွယ်အောင်လို့ ခွင့်ပြုပေးခဲ့တာပါ။

Voice : ဆရာမ ဝတ္ထုတွေကို ရုပ်ရှင်ရိုက်မယ်ဆိုရင် ပရိသတ်တွေက အသေးစိတ်ကအစ ခံစားပြီးတော့ ဂရုစိုက်ကြတာရှိတဲ့အပေါ်ကိုရော ဘာပြောချင်လဲ။
J : ကျွန်မအတွက်ကတော့ “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်မှာ အရေးကြီးတာက တင်တင်ဇော်ရဲ့  ရုပ်သွင်ရယ်၊ သူ့ရဲ့ စိတ်နဲ့ခံစားမှုပေါ့။ ဒါပေမဲ့လည်း တချို့ ကကျတော့ အဲ့ဒီလိုမှ မမြင်တာ။ အထူးသဖြင့် ရေနံချောင်းက သူတွေပေါ့နော်။ အဲ့ဒါလေးတွေကိုလည်း သူတို့ဘက်က အားမလိုအားမရ ဖြစ်တာလေးတွေ ရှိပါတယ်။ ကျွန်မအတွက်ကတော့ ပြဿနာမရှိပါဘူး။ ပရိသတ်တွေက ကျွန်မဝတ္ထုတွေကို ရုပ်ရှင်ရိုက်ရင် ဂရုတစိုက်နဲ့ စောင့်ကြည့်ကြတာကို ကျွန်မလည်း ပိုပြီး သတိထားမိပါတယ်။ 

Voice : ဆရာမရဲ့ ဇာတ်ကောင် တင်တင်ဇော်နဲ့ ဖွေးဖွေးက ကွဲလွဲမှုတွေရှိတယ်လို့လည်း ပြောကြတာရှိတယ်။
J : ပရိသတ်တွေကတော့ ကွဲလွဲတယ်လို့ ထင်ကြတာပေါ့နော်။ ကျွန်မစိတ်ထဲမှာတော့ တင်တင်ဇော်ကို အသားညိုတယ်လို့လည်း မရေးထားမိဘူး။ တင်တင်ဇော်သည် ဆံပင်ရှည်သလား၊ တိုသလားဆိုတာကို ကျွန်မတောင် သိပ်မမှတ်မိတော့ဘူး။ ဒါပေမဲ့ သူတို့ စိတ်ထဲမှာတော့ ဖွေးဖွေးနဲ့ တင်တင်ဇော်က ရုပ်သွင်ချင်းမတူဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ဇာတ်ကားကိုကြည့်လိုက်ရင်တော့ သူတို့ရဲ့ စိတ်တွေ၊ ထင်မြင်ယူဆချက်တွေ ပြောင်းရင်ပြောင်းသွားနိုင်တယ်လို့ ကျွန်မထင်ပါတယ်။

Voice : ဒီဇာတ်ကားမှာ ဖွေးဖွေးရဲ့ သရုပ်ဆောင်မှုကိုရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။
J : ဒီကားကို အထူးပွဲပြတဲ့နေ့တုန်းက ကျွန်မသွားကြည့်ဖြစ်ပါတယ်။ ဇာတ်ကားပြပြီးတဲ့ အချိန်မှာ ဆရာမရေ ဖွေးသရုပ်ဆောင်တာ ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လားလို့ ဖွေးဖွေးက မေးပါတယ်။ ဖွေးရယ် သိပ်တော်တာပဲလို့ ကျွန်မပြောခဲ့ပါတယ်။ သူ သရုပ်ဆောင်တာက ကျွန်မရဲ့ ဇာတ်ကောင် တင်တင်ဇော်နဲ့ အများအားဖြင့်တော့ တူပါတယ်။ ဒီဇာတ်ကားကို ရုပ်ရှင်ကြည့်ပရိသတ်တွေ လာကြည့်ရင်တော့ ကြိုက်ကြမှာပဲဆိုတာ ကျွန်မသိပါတယ်။ “ကြာတော့သည်လည်း မောင့်စကား” ဝတ္ထုကိုဖတ်ထားတဲ့ ပရိသတ်တွေအတွက်ကတော့ ရုပ်ရှင်မှာက နည်းနည်းလေးကွဲလွဲတာမျိုး ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကတော့ တအားသဘောကျကြမှာပါ။

Voice : ဆရာမရေးခဲ့တဲ့ ဝတ္ထုတွေထဲမှာ “အမှတ်တရ”ကိုတော့ ရုပ်ရှင်ရိုက်ဖို့ ဘယ်တော့မှ မရောင်းဘူးလို့ သိရတယ်။ ဘာကြောင့်ဖြစ်မလဲ။
J : ကျွန်မရဲ့ ဝတ္ထုတွေမှာ “အမှတ်တရ” ကိုတော့ ရုပ်ရှင်ရိုက်ဖို့ ရောင်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှတ်တရ ဝတ္ထုထဲမှာပါတဲ့ ဇာတ်ကောင်တွေကို ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ အစားထိုးပြီးတော့ မကြည့်ချင်ဘူး။ မရောင်းတာပဲ ကောင်းတယ်လို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။ ပရိသတ်တွေကို အမှတ်တရဝတ္ထုထဲမှာ ပါတဲ့ စုစုထွေးနဲ့မောင်နဲ့ကို ဝတ္ထုထဲကအတိုင်းပဲ ခံစားစေချင်တယ်။ ကျွန်မနဲ့ပရိသတ်တွေရဲ့ အမြင်က ဒီနေရာမှာတော့ ထပ်တူကျတယ်။ အဲ့ဒါကြောင့် မရောင်းတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။

သန့်ဇင်ဦး