News

POST TYPE

INTERVIEW

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
30-Jan-2019

ကျောက်ကပ်တွင် ကျောက်တည်ခြင်း

“အဝလွန်တဲ့သူတွေကလည်း ကျောက်တည်ဖို့အတွက် အခွင့်အလမ်းများပါတယ်”



ကျောက်ကပ်တွင် ကျောက်တည်ခြင်းသည် အရွယ်မရွေးဖြစ်ပွားနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ကျောက်တည်ခြင်းသည် ကျောက်ကပ်အပြင် ဆီးပြွန်နှင့် ဆီးအိမ်တွင်ဖြစ်ပွားတတ်သော်လည်း ကျောက်ကပ်တွင် ဖြစ်ပွားသူပိုမိုများပြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာ ရှင်းပြပေးပါဦး။ 
Dr.KSO : ကျောက်ကပ်မှာ ကျောက်တည်တယ်ဆို တာကတော့ နေရာနဲ့မူတည်ပြီးတော့ သုံးခုပြောလို့ရတယ်။ ကျောက်ကပ်ထဲမှာ ကျောက်တည်တာ ရှိတယ်၊ ဆီးပြွန်မှာ ကျောက်တည်တာရှိတယ်၊ ဆီးအိမ်မှာ ကျောက်တည်တာရှိတယ်။ ကျောက်တည်တာကို ဖြစ်စေတဲ့ အချက်အလက်က အများကြီးရှိတယ်။ ကျောက်ကပ်ထဲမှာ ကျောက်ဖြစ်ဖို့အတွက် ပုံဆောင်ခဲ တွေဖြစ်စေတဲ့ Calcium၊ Oxalate အပြင် Uric Acid တွေ များလာတဲ့အခါ၊ စုပြုံလာတဲ့အခါ ကျောက်ကပ်ထဲမှာ အနည်ထိုင်ပြီးတော့ ကျောက်ဖြစ်သွားတယ်။ ဒါကိုဖြစ်စေတဲ့အကြောင်းကတော့ မိသားစုထဲမှာကျောက်တည်တာ ဖြစ်ဖူးတဲ့သူဆိုရင် ဖြစ်နိုင်တယ်။ ရေဓာတ်နည်းတဲ့သူတွေ၊ ရေသောက်နည်းတဲ့ သူတွေနဲ့ တချို့သော အစားအသောက် စားတဲ့အခါမှာ ပရိုတင်းဓာတ်အလွန်အကျွံစားတာ၊ ဆိုဒီယမ်များတာ၊ သကြားဓာတ်များတဲ့ အစားအသောက်တွေကြောင့်လည်း ကျောက်တည်နိုင်ပါတယ်။ အဝလွန်တဲ့သူတွေကလည်း ကျောက်တည်ဖို့ အတွက် အခွင့်အလမ်းများပါတယ်။ တချို့သောရောဂါတွေနဲ့ ဆေးဝါးတွေကြောင့် ကျောက်တည်တာဖြစ်နိုင်တယ်။

Voice : ဟုတ်ကဲ့။ ကျောက်ကပ်မှာ ကျောက်တည်တာက ကုသလို့ရနိုင်တဲ့ရောဂါလား၊ အသက်အန္တရာယ် စိုးရိမ်ရပါသလားဆရာ။
Dr.KSO : ကျောက်တည်တဲ့အခါ ကျောက်ရဲ့အရွယ် အစားကိုကြည့်တာပေါ့။ သူ့ဘာသာသူ ကြွေကျသွား နိုင်တဲ့အရွယ်အစားဆိုရင် သူ့ဘာသာပဲ ထွက်ကျသွားတယ်။ အဲဒီလိုမဟုတ်ဘဲ သူ့ထက်ကြီးတဲ့ အရွယ်အစားဆိုရင် ကျောက်ချေစက်နဲ့ချေရတယ်။ အဲဒီလိုမှ မရရင်တော့ ခွဲစိတ်ရတဲ့ အခြေအနေအထိရှိနိုင်ပါတယ်။ ကျောက်တည်တာကိုတော့ လျှော့တွက်လို့မရဘူး။ ကျောက်တည်နေတာကို ဆေးကုသမှု သေချာမခံယူတဲ့အတွက် နောက်ဆုံးကျောက်ကပ်တစ်ဖက်ပျက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ မပေါ့ဆသင့်ပါဘူး။

Voice : ကျောက်ကပ်ကျောက်တည်ပြီဆိုရင် ဘယ်လိုလက္ခဏာတွေစပြီး ခံစားရနိုင်ပါသလဲ။
Dr.KSO : အဓိကတော့ နာတာပေါ့။ ခါးနာတတ်တယ်။ ပြီးရင် ခါးရဲ့အပေါ် ပိုင်း ဝမ်းဗိုက်ဘယ်နဲ့ ညာမှာ ကျောက်တည်တဲ့ဘက်က အရမ်းအောင့်တယ်။ ဆီးသွားရတာခက်တယ်။ ဆီးသွားတဲ့အခါမှာ အရမ်းနာတယ်။ တချို့ဆို ချမ်းတုန်ပြီးဖျားတယ်။ ပျို့အန်တယ်။ တချို့ကတော့ ဆီးထဲမှာ အမြှုပ်တွေပါတာ၊ သွေးပါတာတွေအထိ ဖြစ်တတ်ပါတယ်။ ကျောက်တည်တာကို သေချာမကုရင်တော့ ခဏခဏခံရတယ်။ ကျောက်တည်တဲ့သူ တွေကပြန်ဖြစ်တဲ့အခါမှာ သေလောက်အောင်ခံစားရတယ်။ ဆေးထိုးလိုက်ရင် နာတာနည်းနည်းသက်သာတာလောက်ပဲရှိတယ်။ ဒါကြောင့် ဆေးကုသမှုကို သေချာခံယူတာအကောင်းဆုံးပါပဲ။ အရွယ်အစား သေးတုန်းမှာကုတာတော့ အကောင်းဆုံးပါ။

Voice : ကြိုတင်ကာကွယ်မှုအနေနဲ့ကရော။
Dr.KSO : ကြိုတင်ကာကွယ်မှုအနေနဲ့က ရေများများ သောက်သင့်တယ်။ တချို့သော တောင်ပေါ်ဒေသ တွေမှာဆိုရင် ရေထဲမှာ ထုံးဓာတ်ပါတာရှိတဲ့အတွက် ရေကိုကျိုချက်သောက်သင့်တယ်။ ရေများများသောက်၊ သစ်သီးဖျော်ရည်သောက်၊ ဟင်းသီးဟင်းရွက်တွေ များများစားမယ်။ နောက်ပြီး ဆားဓာတ်များတာတွေကို ချင့်ချိန်ပြီးစားရပါမယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလည်း လုပ်သင့်ပါတယ်။

Voice : ဆရာ့အနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး သတင်းစကားပါးပေပါဦး။
Dr.KSO : ဒီလိုကျောက်တည်တာကို မပေါ့ဆတာ အကောင်းဆုံးပါပဲ။ ကြိုတင်ကာကွယ်မှုလေးတွေကိုလည်း လုပ်ထားသင့်ပါတယ်။ အရမ်းကြောက်မနေဘဲနဲ့ ဆေးကုသမှုကို ဂရုတစိုက်နဲ့ကုသစေချင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 
သီတာဆွေ