News

POST TYPE

INTERVIEW

အေးမြတ်သူနဲ့ တွေ့ဆုံခြင်း
29-Jan-2019



“အေးမြတ်သူ မလှုပ်ရဲပါဘူး။ ယောက္ခမ ဆူလိမ့်မယ်”

နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေးမြတ်သူနဲ့ တွေ့ဆုံပြီး၊ ဖက်ရှင်တွေ ပြန်လန်းလာတဲ့အကြောင်း၊ အိမ်ထောင်ပြုဖို့ စဉ်းစားရာမှာ ထည့်တွက်ရမယ့် အချက်များအကြောင်းတို့ကို မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရွှေနန်းတော်ရွှေဆိုင်ရဲ့ ကံစမ်းမဲဖွင့်ပွဲမှာ ဖက်ရှင်တွေပြန်လန်း လာတယ်နော်။ ဘယ်လိုကြောင့် ဝတ်ဖြစ်တာလဲ။
AMT : ဒီလိုမျိုးဖက်ရှင်မျိုးနဲ့ သိပ်မတွေ့ရတာကတော့ ပွဲတက်တွေ မရှိလို့ပါ။ ပွဲတက်တွေ ရှိရင်တော့ ဝတ်ဖြစ်ပါတယ်။ ကားရိုက်ကကျတော့လည်း ဒီလိုတွေအမြဲတမ်း မဝတ်ဖြစ်ဘူးလေ။ အိမ်မှာနေရင်လည်း ပေါ့ပေါ့ပါးပါးပဲ ဝတ်ဖြစ်တယ်။ ပွဲတွေတက်ရတော့မှသာ ကိုယ်က လှလှပပလေး ဝတ်ဖြစ်တယ်ပေါ့။ 

Voice : ဒီလိုမျိုး ခပ်ဟော့ဟော့ဖက်ရှင်တွေ မဝတ်ရတာကြာတော့ ခံစားချက်ကရော ဘယ်လိုရှိလဲ။
AMT : ဒီလိုမျိုး တစ်ခါတလေပြန်ဝတ်ရတာ ပျော်ပါတယ်။ ပွဲတက်တော့မှသာ ကိုယ်နဲ့ခင်တဲ့ မီဒီယာတွေနဲ့လည်း ပြန်တွေ့ရတယ်။ နောက်ပိုင်းမှာ မီဒီယာတွေက ရှုတင်ကိုလာပြီး သတင်းမယူကြတော့ဘူး။ ပွဲမှာပဲ စောင့်ပြီး မေးကြတော့တယ်။ ကိုယ်ပြောချင်တာလေးတွေကို မီဒီယာတွေနဲ့တွေ့ရင် ပြောပြလို့ရတယ်။ ကိုယ့်ကိုပွဲဖိတ်တဲ့ သူတွေရှိတော့လည်း မီဒီယာတွေနဲ့ အဆက်အသွယ်ပြန်ရတာပေါ့နော်။ 

Voice : ပွဲရှင်တွေက သူတို့ပွဲကိုပေါက်စေချင်လို့ မင်းသမီးတွေ၊ မော်ဒယ်လ်တွေကို Sexy ပုံစံဝတ်ပေးဖို့ တောင်းဆိုလာမှုတွေအပေါ်ရော ဘယ်လိုမြင်မိလဲ။
AMT : ညီမကတော့ Sexy ပုံစံမျိုး ဝတ်ပေးပါလို့ တောင်းဆိုတဲ့ ပွဲရှင်မျိုး မကြုံဖူးသေးဘူး။ ရှိလာခဲ့ရင်လည်း ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်မျိုးကိုပဲ ဝတ်မှာပါ။ ရွှေနန်းတော်ပွဲနေ့ကတော့ လက်ဝတ်ရတနာတွေနဲ့လည်း လိုက်ဖက်မယ့်၊ ကိုယ်လည်းကြည့်ကောင်းမယ့် ပုံစံမျိုးကို စဉ်းစားပြီး ဝတ်ဖြစ်တာပါ။ Sexy ပုံစံမျိုး ဝတ်ပေးပါလို့ သီးသန့်ကြီးတောင်းဆိုတဲ့ ပွဲရှင်မျိုး မကြုံဖူးသေးပါဘူး။

Voice : သူငယ်ချင်းဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ၂၀၁၉ ခုနှစ် အတွင်းမှာ လန်းတာတွေ နည်းနည်းလျှော့မယ်လို့ ပြောထားတယ်။ သင်ဇာ အငြိမ်၊ အေးမြတ်သူအလှုပ် ဖြစ်မလား။
AMT : အေးမြတ်သူ မလှုပ်ရဲပါဘူး။ ယောက္ခမဆူလိမ့်မယ်။ သင်ဇာက ညီမထက် ငယ်ပါတယ်။ ညီမကကျတော့ အသက်သုံးဆယ်ကျော်သွားပြီ။ သင်ဇာကကျတော့ သုံးဆယ်မကျော်သေးဘူးထင်တယ်။ ညီမတို့လည်း သင်ဇာ့ အသက်အရွယ်တုန်းက ဆိုးခဲ့တာပဲ။ သင်ဇာ ဆိုးတယ်လို့ မပြောဘူးနော်။ ညီမကတော့ အသက်သုံးဆယ်ကျော်လာပြီ။ အိမ်ထောင်ပြုချင်တဲ့ မိန်းမတစ်ယောက်ဖြစ်လာတဲ့အတွက် ကိုယ်ယူမယ့်အမျိုးသားရဲ့ စိတ်အခြေအနေ၊ ကိုယ်ယူမယ့်အမျိုးသားဘက်က မိသားစုဝင်တွေကို နည်းနည်းပါးပါးပြန်ကြည့်ရတော့ တအားကြီး လှုပ်ဖို့တော့မရှိပါဘူး။

Voice : အမြဲတမ်းမဝတ်ဖြစ်ပေမယ့် တစ်ခါတလေတော့လည်း လန်းမှာပေါ့။
AMT : ဒီလိုမျိုး ဖက်ရှင်တွေက ဝတ်တော့ဝတ်ဖြစ်မှာပါ။ သီးသန့်ကြီး Sexy ပုံစံမျိုး ငါဝတ်လိုက်မယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဝတ်ဖြစ်သွားခဲ့ရင်တော့လည်း မတတ်နိုင်ဘူးပေါ့နော်။ ပရိသတ်တွေက အေးမြတ်သူအပေါ် အများကြီး နားလည်ပေးခဲ့ပါတယ်။ ညီမက ဆိုးလိုက်၊ လိမ္မာလိုက်ဆိုတော့လည်း သူတို့ဘက်က နားလည်မှု ပေးထားတာပေါ့နော်။ တစ်ခါတလေတော့လည်း သူတို့က ညီမကို ဆိုးခွင့်ပေးထားပါတယ်။

Voice : ယောက္ခမ မကြိုက်မှာစိုးလို့ ဝတ်စားဆင်ယင်မှုကိုတောင် ဆင်ခြင်တယ်ဆိုတော့ ယောက္ခမကို တော်တော်အလေးထားတာပဲနော်။
AMT : မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုမယ်လို့ စဉ်းစားထားရင် အများကြီးတွေးပြီး ကြည့်ပေးရတာတွေရှိပါတယ်။ ဒီလိုပြောလို့ အိမ်ထောင်ပြုတော့မယ်လို့ ပြောတာမဟုတ်ပါဘူး။ သေလည်းမသေချာ သေးပါဘူး။ ဘယ်သူမှန်းမသိတဲ့ ယောက္ခမကို လှမ်းပြီး ဂရုစိုက်ရတာပေါ့။ အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးသားက ကိုယ့်ကို ချစ်ရင်ပြီးရောလို့ တချို့က ထင်ကြတယ်။ ညီမအမြင်ကကျတော့ အိမ်ထောင်ပြုတယ်ဆိုတာ မိသားစု နှစ်စုပေါင်းစည်းရတာဖြစ်တဲ့အတွက် ညှိနှိုင်းရတာတွေ အများကြီးရှိပါတယ်။

Voice : အိမ်ထောင်ပြုဖို့ အချိန်က ဝေးသေးတာလား။
AMT : အိမ်ထောင်ပြုဖို့အတွက် ချစ်သူက ဘယ်သူဘယ်ဝါဆိုပြီး အကောင်အထည် ထုတ်ပြရအောင်လည်း မရှိသေးပါဘူး။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြောစရာတွေအများကြီး မရှိသေးတာပါ။ ညီမအလုပ်တွေ အများကြီး ဆက်လုပ်ချင်သေးတယ်။ အသက် ၃၈ နှစ်အရွယ်လောက်အထိ ဇာတ်ကားတွေရိုက်နေချင်သေးတယ်။ ကိုယ့်ပရိသတ်တွေနဲ့ ထိတွေ့ခွင့် ရချင်သေးတယ်။ လောလောဆယ်မှာ လက်ထပ်ဖို့က အရေးတကြီး ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုမဟုတ်သေးပါဘူး။

Voice : အိမ်ထောင်ပြုပြီးသွားရင်ရော အနုပညာအလုပ်တွေကို နားလိုက်မှာလား။
AMT : အဲဒါကတော့ ညီမ အမြဲပြောလေ့ရှိပါတယ်။ အိမ်ထောင်ပြုပြီးရင် အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်မလား၊ မလုပ်ဖြစ်ဘူးလားဆိုတာ မသိသေးဘူး။ ညီမက လူတစ်ယောက်ရဲ့ တွန်းအားကြောင့် ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုကို မလုပ်ဘူးလို့ ဆုံးဖြတ်မယ့် သူမျိုးမဟုတ်ဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ဆက်လုပ်ဖို့၊ မလုပ်ဖို့ကို ဆုံးဖြတ်မယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ရပ်တည်ရတာကို သဘောကျတယ်။ လိမ္မာချင်လည်း ကိုယ့်စိတ်ကြောင့်ပဲ၊ ဆိုးချင်လည်း ကိုယ့်စိတ်ကြောင့်ပဲ။ 
  
သန့်ဇင်ဦး