News

POST TYPE

INTERVIEW

အရပ်ဘက်အဖွဲ့အစည်းများနှင့် မွန်ပြည်နယ် ကျန်းမာရေးဌာနတို့ ဒုတိယအကြိမ်တွေ့ဆုံ
27-Dec-2018
မော်လမြိုင်၊ ဒီဇင်ဘာ ၂၆

မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနတို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ယခင်အကောင်အထည် မဖော်ရသေးသည့် လုပ်ငန်းများအပြင် ဆုံးဖြတ်ချက် ၃ ခုကို ထပ်မံဆုံးဖြတ် အတည်ပြုခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒုတိယအကြိမ်အနေနဲ့ ကျွန်တော်တို့ လာမယ့်လမှာ ဆင်ခြေထောက်ရောဂါ ကာကွယ်ဖို့ လူအားလုံးဆေးတိုက်ကျွေးမှုမှာ ဘယ်လိုကူညီနိုင်မလဲ၊ နောက်ပြီး လူအများနဲ့ သက်ဆိုင်တဲ့နေရာမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကင်းစင်တဲ့နေရာအနေနဲ့ သတ်မှတ်ဖို့ ဆွေးနွေးသဘောတူကြတယ်။ ကျန်တာကတော့ အရင်သဘောတူထားတဲ့ အချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ သဘောတူထားတယ်”ဟု ၎င်းကဆိုသည်။

ပထမအကြိမ်တွေ့ဆုံမှုတွင် ဆုံးဖြတ်ထားသည့်အချက်များမှ အကောင်အထည်ဖော်ရန် ကျန်နေသည့်အချက်ဖြစ်သည့် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များကို ကျန်းမာရေးအသိပညာပေး သင်တန်းပေးမည့်ရက်ကို သတ်မှတ်နိုင်ခဲ့ကြောင်းနှင့် ခွေးလေခွေးလွင့် ကိစ္စရပ်နှင့်ပတ်သက်၍ စည်ပင်မှရှင်းလင်းပေးခဲ့ကြောင်း ဒေါက်တာထွန်းအောင်ကြည်က ရှင်းပြသည်။

ဒုတိယအကြိမ် တွေ့ဆုံမှုတွင် ဆုံးဖြတ်ထားသည်များမှာ အရပ်ဘက်အဖွဲ့အစည်းများအား ကျန်းမာရေးအသိ ပညာသင်တန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ မှ ၉ ရက်အထိ ပြုလုပ်ရန်၊ ဇန်နဝါရီလ ၂၂ မှ ၃၀ ရက်အထိ ဆောင်ရွက်မည့် ဆင်ခြေထောက် ရောဂါကာကွယ် ဆေးတိုက်ကျွေးခြင်းကို လူမှုအဖွဲ့အစည်းများမှ ရပ်ကွက်/ ကျေးရွာအလိုက် ကူညီဆောင်ရွက်ရန်၊ အကျဉ်းဦးစီးဌာနမှ မော်လမြိုင်ဆေးရုံကြီးတွင် ကုသသော လူနာများအနက် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းရန်လိုအပ်သော လူများကို လွှဲပြောင်းရာတွင် သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၏ လွှဲပြောင်းစာကို ပြည်နယ်ဆေးရုံကြီးမှ ရုံးစာဖြင့် လွှဲပြောင်းပေးရန် အချက် ၃ ချက်ကိုဆုံးဖြတ်ခဲ့သည်။  

R-21