News

POST TYPE

INTERVIEW

မန္တလေးမြို့တော်စည်ပင်ကော်မတီဝင် စမတ်စီးတီးအရာရှိ ဦးရဲမြတ်သူနှင့်တွေ့ဆုံခြင်း
28-Nov-2018

အရှေ့တောင်အာရှနိုင်ငံများ၏ စမတ်စီးတီးမြို့စာရင်းတွင် မန္တလေးမြို့သည် နံပါတ်ငါးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ နည်းပညာကိုအခြေခံကာ မြို့ပြဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဦးတည်ဆောင်ရွက်နေသော မန္တလေးမြို့သည် လက်ရှိတွင် အာဆီယံစမတ်မြို့တော်ကွန်ရက်တွင် အဖွဲ့ဝင်မြို့အဖြစ် ချိတ်ဆက်ဆောင်ရွက်နေပြီလည်းဖြစ်သည်။ စမတ်စီးတီးဖြစ်ပေါ်လာရန် လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး စမတ်စီးတီးအရာရှိတာဝန် ထမ်းဆောင်နေသော ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ပထမဆုံးသိချင်တာက မန္တလေးမြို့တော် အနေနဲ့ စမတ်စီးတီးဖြစ်ဖို့ ဘာတွေဆက်လုပ်ဖို့ရှိ သလဲ။ လက်ရှိမှာရော ဘာတွေလုပ်နေပြီလဲ။
UYMT : စင်ကာပူက အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အချိန်မှာ စမတ်စီးတီးကို အားသန်တယ်။ သူက ခေါင်းဆောင်လို့ရနေတဲ့အချိန်မှာ Chapter (ကဏ္ဍ) တစ်ခုဖွင့်လိုက်တယ်။ ဆိုလိုတာက သူ့လက်ကနေ မပြောင်းခင်မှာ စမတ်စီးတီးဖြစ်ဖို့ ရအောင်လုပ်နေတာ။ စမတ်စီးတီးနဲ့ပတ်သက်ပြီး ဘာတွေလုပ်ထားသလဲ၊ ဘာတွေဖြစ်နိုင်သလဲဆိုတာတွေမှာ အဲဒီဟာတွေက နိုင်ငံတစ်ခုချင်းစီရဲ့ အကြံပြုချက်တွေရှိတယ်။ ဘာတွေလုပ်ထားတယ်၊ ဘယ်အဆင့်ရှိတယ် ဆိုပါတော့။ အဲဒီမှာ ကျွန်တော်တို့က နံပါတ်ငါးထဲမှာ ပါသွားတယ်။ ဒီလိုမလုပ်ထားတဲ့ မြို့တွေကများနေတော့လေ။ အထူးသဖြင့် သိပ်ကြီးတဲ့မြို့တွေဆို မလုပ်နိုင်တော့ဘူး။ ရန်ကုန်ဆို မလုပ်နိုင်တော့ဘူး။ ရန်ကုန်က လူဦးရေ သုံးသန်းလောက်ပဲရှိရမယ့်ဟာ ရှစ်သန်းလောက်ဖြစ်နေတယ်။ အဓိကတော့ ပတ်ဝန်းကျင်ကိုကိုင်နိုင်တယ်။ သန့်ရှင်းတယ်ဆိုလို့ရှိရင် တော်တော်များများက ထိန်းသွားလို့ရတယ်။ နောက်တစ်ချက်က မန္တလေးရဲ့အားသာချက်က လူတော်တော်များများက ကျွန်တော်တို့ လုပ်နေတယ်ထင်နေတာ။ အမှန်က ပြည်သူနဲ့လုပ်တဲ့အဖွဲ့အစည်း စည်ပင်နဲ့တင် ယုံကြည်မှုရသွားတာ။ အဲဒီကျတော့ ပြဿနာမရှိတော့ဘဲ ပြည်သူအခြေပြုဖြစ်သွားတာ။ အခုနောက်ပိုင်းမှာ တချို့အလုပ်တွေက တကယ်နားလည်တတ်ကျွမ်းတဲ့သူဆိုရင်မြင်တယ်။ အလုပ်လုပ်တာက သတ်သတ်။ ဝန်ထမ်းတွေလုပ်တာ။ မြို့တော်ဝန်ကိုယ်တိုင်က အမှိုက်ဝင်ကောက်တဲ့ကိစ္စက အမှိုက်ပြောင်ချင်လို့ မဟုတ်ဘူး။ တစ်ဖွဲ့လောက် လွှတ်လိုက်ရင် အဲဒီအမှိုက်က ပြောင်တယ်။ ဒါပေမဲ့ လူတွေအကုန်လုံး ပါဝင်စေချင်တယ်။ ကျောင်းသားတွေ အကုန်လုံး သိစေချင်တယ်။ ပြည်သူ့လှုပ်ရှားမှုတွေ ပါစေချင်တယ်ဆိုတဲ့ကိစ္စတွေပါတယ်။ နောက်တစ်ချက်က လမ်းမီးဆိုရင်လည်း သူ့ (မြို့တော်ဝန်) ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တော့ လှူချင်သူတွေ ထပ်ရောက်လာတယ်။ ပြည်သူနဲ့ကျွန်တော်တို့ အလုပ်အတူတူလုပ်တယ်ဆိုတဲ့ဟာ ရသွားတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မဖျက်ဆီးတော့ဘူး။ အဲကိစ္စက အရေးကြီးဆုံးပဲ။

Voice : ဒါပေမဲ့ တကယ်စမတ်ဖြစ်ဖို့အတွက် Framework (မူဘောင်) တွေ လုပ်ထားတယ်လို့ သိရတယ်။ အဲဒါကရော။ 
UYMT : ယာဉ်အသွားအလာ ကိုင်တွယ်ဖြေရှင်းမှု (Traffic Management) ကို ဦးစားပေးပြီးလုပ်နေပါတယ်။ Mobility (လူမှုရေး၊ အသက်မွေးဝမ်းကျောင်း) ကို ဆက်လုပ်မယ်လို့ပြောထားတယ်။ Traffic Management က ခုလောလောဆယ် မြို့ထဲဧရိယာတွေ ဆက်လုပ်ဖို့ရှိတယ်။ စီစီတီဗီတွေလည်း ထပ်ချဲ့ပြီး Check Point တွေ ဆက်တပ်ဖို့ရှိတယ်။ အဲဒါက Traffic Management နဲ့ Mobility ကိစ္စ။ နောက်ထပ် ဘာလုပ်ဖို့ဆက်သွားနေလဲဆိုတော့ ဘီးခွန်ကို RFID (Radio Frequency Identification) ဆက်သွားဖို့ လုပ်နေတယ်။ အဲဒီကိစ္စက တကယ်တမ်းတော့ ကညနက လုပ်ရမှာ။ ကျွန်တော်တို့ မရောက်ခင်ကတည်းက လုပ်နေတာကို ကြာနေတာ။ အဲဒါကို ကျွန်တော်တို့က ဇွတ်ဝင်လုပ်တာ။ ဆိုင်ကယ်တက္ကစီနဲ့ သုံးဘီးတွေကို ထိန်းချုပ်ဖို့ပေါ့။ ကျွန်တော်တို့လုပ်လို့မရသေးတာက တွဲကားတွေ၊ သဲကားတွေ၊ ကျောက်ကားတွေ။ ပြည်သူ တွေ ဒုက္ခမရောက်အောင် ဘယ်လိုလုပ်ပေးရမယ်ဆိုတဲ့ကိစ္စ။ အဲဒါဘာလဲဆိုတော့ ဒီမှာရှိတဲ့ ဝန်ကြီးဌာနတွေ ညှိရတာ နည်းနည်းခက်တယ်။ ကျောက်ကားတွေ သဲကားတွေကို ကြည့်တော့လည်း တချို့လမ်းတွေက ဝင်လို့မရဘူး။ ခုံးကျော်တံတားပေါ် တက်လို့မရဘူး။ မရတော့ ခိုးတက်တယ်။ သူတို့အတွက်လည်း အန္တရာယ်များတယ်။ သူတို့အတွက် လမ်းဖောက်ပေးလို့ရတယ်။ ၃၅ လမ်းကနေ အမရပူရထိ သံလမ်းတွေကို တချို့ ဖျက်ပေးရင်ရတယ်။ ပြဿနာက မီးရထားက ဖျက်မရဘူးဖြစ်နေတယ်။ မီးရထား သံလမ်းကိုပဲ မီးရထားလည်းသွား၊ တံခါးပိတ်။ အဲဒီကားတွေသွားဆိုတာမျိုး လုပ်ချင်တာလေ။ ၃၅၊ ၃၆၊ ၃၇ လမ်းလိုမျိုးပေါ့။ အဲဒါကို သူတို့က မပေးတော့ ခက်နေတာ။ အဲဒါပေးတယ်ဆိုရင် သဲကားပဲသွားလို့ရတဲ့လမ်းတွေ ဖောက်ပေးလို့ရတယ်။ ဆီကားပဲသွားလို့ရမယ့်လမ်းတွေ ဖောက်ပေးလို့ရမယ်။ လက်ရှိရှိနေတဲ့လမ်းတွေက Weight အများကြီးကို မခံနိုင်ဘူး။ သူတို့သွားမယ့်လမ်းတွေကို တကယ်ခံနိုင်အောင် ဖောက်ပေးလိုက်ရင် သူတို့လည်း ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူ သွားလို့ရမယ်။ သူတို့လမ်းကို ကောင်းအောင်လုပ်ပေးလိုက်ရင် လမ်းမပျက်တော့ဘူး။ သူတို့ခိုးသွားတော့ ကျန်တဲ့လမ်းတွေလည်း ပျက်တယ်။ ခက်တာက စည်ပင်ကနေမှ လျှပ်စစ်ရဲ့အလုပ်၊ ဆက်သွယ်ရေးရဲ့အလုပ်၊ မီးရထားရဲ့အလုပ်တို့ ဒါတွေဝင်လုပ်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ မြို့တော်ဝန်က သူ့မြို့ထဲမှာရှိနေတဲ့ဌာန ဆိုင်ရာတွေနဲ့ ညှိပြီးလုပ်ပေးစေချင်တယ်။

Voice : စည်ပင်အနေနဲ့ Traffic Management ကို ဦးစားပေးပြီးလုပ်နေတယ်။ စီစီတီဗီနဲ့ SCATS (ယာဉ်သွားလာမှုကို အလိုအလျောက် ထိန်းချုပ်နိုင်သော) မီးပွိုင့်တွေ ချိတ်ဆက်ပြီးလုပ်နေတယ်ဆိုတော့ အဲဒါတွေက ဘယ်လိုအားသာချက်တွေ ရသလဲ။
UYMT : အားသာချက်က နံပါတ်တစ်က Data (အချက်အလက်) ရတာပေါ့။ ကားတွေက ဘယ်ဘက်ကို ဘယ်လိုသွားလဲဆိုတာ ကျွန်တော်တို့သိတယ်။ လမ်း ၈၀ နဲ့ ၂၆ ဘီလမ်းက လမ်းကျပ်တယ်ဆိုတဲ့ကိစ္စက ကျွန်တော်တို့ အလကား ပြောတာမဟုတ်ဘူး။ အဲဒီလမ်းမှာ မနက်ပိုင်းဆိုရင် အရှေ့ကနေ အနောက်ကို သွားတဲ့ကားချည်းပဲ ကွေ့တဲ့ကားမပါဘူးနော် တစ်သောင်းခုနစ်ထောင်လောက်ရှိတယ်။ ကျန်တဲ့လမ်းတွေ အကုန်လုံး အဲလောက် များတာမရှိဘူး။ ဘာကိုပြောတာလဲဆိုတော့ ပြုံနေတယ်ပေါ့။ အဲဒါဆို ဘယ်အချိန်မှာ ဘယ်လိုလုပ်သင့်တယ်။ ယိုးဒယားမှာဆိုရင်တော့ လမ်းတွေကို စီမံပေးတယ်။ လေးလမ်းစီရှိတယ်ဆိုရင် နေ့လယ်ဆိုရင် တစ်ဖက်က နှစ်လမ်း၊ တစ်ဖက်က ခြောက်လမ်း လုပ်ပေးတယ်။ အဲလိုမျိုးတွေကို ကျွန်တော်တို့က Plan လုပ်လို့ရတာပေါ့။ အဲဒီအခါကျရင် Resource တွေကို ထပ်ပြီး Management လုပ်စရာမလိုတော့ဘူး။ နောက်တစ်ချက်က Synchronize (အချိန်ကိုက်) လုပ်ပေးတာ။ ကျွန်တော် ခဏခဏ ပြောတယ်။ ၃၅ လမ်း ခုံးကျော်ကြီးက အရင်တုန်းက ခဏခဏ Jump ဖြစ်တယ်။ တစ်ရက်ကို အစီး ၈၀၀ ပဲ တက်တယ်။ အခုဆိုရင် ၁၆၀၀ နဲ့ ၂၀၀၀ ကြားတက်တယ်။ ပုံမှန်အားဖြင့် ၁၆၀၀ လောက် တက်တယ်။ အဲလိုတက်နိုင်တဲ့ကိစ္စက ရှေ့ကတက်တဲ့ တံတားနှစ်စင်း ဆောက်စရာမလိုဘူး။ တံတားထိပ်မှာ အဲဒီဆော့ဖ်ဝဲလ် တပ်လိုက်ရုံပဲ။ အဲဒီ သဘောမျိုးပဲ။ ကျွန်တော်တို့က လမ်းတွေကို တစ်မြို့လုံးမှာ သူ့ရဲ့ Maximum Capacity (လုပ်ပေးနိုင်သလောက်ထိ လုပ်ပေးခြင်း) ရောက်အောင် စီမံပေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ Traffic Management ကို ထိန်းလို့ရတဲ့အပြင် မရှူနိုင် မကယ်နိုင် ဘယ်အချိန်ဖြစ်မလဲဆိုတာ ကြိုတွက်လို့ရတယ်။ နောက်တစ်ချက်က လုပ်နေတဲ့ဟာက ပွိုင့် ၁၀၀ လောက်ရှိတဲ့ဟာမှာ SCATS က ၅၀ မပြည့်သေးဘူး။ နောက်ထပ် ၂၀ လောက် ဒီနှစ်ဘတ်ဂျက်ထဲမှာ တိုးဖို့ရှိတယ်။ SCATS က ၅၀ လုံးတိုးပြီးရင် အဲဒီ SCATS က First Generation ပေါ့။ Second Generation AI တွေကို အဆင့်မြှင့်လို့ရသေးတယ်။ အဲဒါတွေလုပ်လိုက်ရင် လူကြီးလမ်းကြောင်းတို့ လူနာတင်ယာဉ်တို့ကို စီမံခန့်ခွဲနိုင်တဲ့စနစ်တွေ ပါလာမယ်။ လူတစ်ယောက်လို လုပ်သွားတာ။ ခု လက်ရှိလုပ်ထားတာက Program လုပ်ထားတာ။ Program ဆိုတာ ကြိုတင်စီစဉ်ထားတဲ့ သီအိုရီအတိုင်းပဲ။ အဲဒီအချိန် ကျရင်တော့ သူ့ကိုယ်သူကို Learning လုပ်တော့မှာ။ အဲဒီဟာက ကျွန်တော်တို့ ဆက်သွားဖို့အထဲမှာ အကုန်လုံးပါတယ်။

Voice : စည်ပင်မှာရှိတဲ့ ဌာန ၁၄ ခုမှာရော ဘာတွေဆက်လုပ်ဖို့ရှိမလဲ။
UYMT : ဌာနမှာလုပ်တဲ့ကိစ္စက အများကြီးပဲ။ Software တွေ နှစ်တိုင်းတင်ဒါခေါ်တယ်။ နှစ်တိုင်းဝယ်တယ်။ ဒါပေမဲ့ မြင်သာလောက်အောင် လုပ်ငန်းတွေကမတက်ဘူး။ ဘာလို့မတက်လဲဆိုတော့ နဂိုက လူငါးယောက်လုပ်လို့ရတဲ့အလုပ်က အဲဒါထပ်တိုးလိုက်တော့ လူခြောက်ယောက်ဖြစ်သွားတာ။ နဂိုက တစ်လကြာတဲ့ဟာက တစ်လနဲ့တစ်ရက် ကြာသွားတာ။ လူတွေကို ဖြုတ်လို့မှမရတာ။ အမှန်က ဒါတွေ တပ်တယ်ဆိုတာက လူတွေကိုဖြုတ်တာ။ ဒါမှမဟုတ် စနစ်ကိုပြင်တာ။ လုပ်ငန်းစဉ်ကိုပြောင်းချင်လို့။ ဒီမှာက အသစ်တပ်လည်း အဟောင်းဖြုတ်လို့မရဘူးဆိုတော့ အဲဒီဘက်ကို ကျွန်တော်တို့ သိပ်အားမသာဘူး။ နောက်တစ်ချက်က ကျွမ်းကျင်မှုအတွက် Project တွေ များလာလေလေ Project ကိုကိုင်နိုင်တဲ့ လူတွေက အဟောင်းကို အဆင်ပြေအောင် လုပ်နေရင်းနဲ့ပဲ လူတွေကုန်သွားပြီး ထပ်ခေါ်လို့မရလေလေ။ စည်ပင်ဥပဒေအရကလည်း ဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်း၊ လူဘယ်နှဦးပဲ ခန့်ရမယ်ဆိုတာတွေရှိတယ်။ ဖွဲ့စည်းပုံကလည်း ခြောက်မြို့နယ်ကနေ ခုနစ်မြို့နယ်ကို မပြောင်းနိုင်သေးဘူး။

Voice : e-Government စနစ်ကို ဖော်မယ်ဆိုပြီး စည်ပင်မှာ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဌာနတိုးချဲ့ဖွဲ့စည်းဖို့ ဝန်ထမ်းတွေ ခေါ်နေတာတွေ့တယ်။ အဲဒါကရော ဘာအတွက်လဲ။
UYMT : ဝန်ထမ်းတွေခေါ်တာက အဲဒါက Entry (ဝင်ခွင့်) အတွက်ပဲ။ အဓိကက ကျွန်တော်တို့က အောက်ကလူကိုပဲ တဖြည်းဖြည်းမွေးပြီး ဆက်သင်သွားလို့ပဲရတာ။ ဆိုလိုတာက ဒီဝန်ထမ်းက အလယ်ခေါင်းဆောင်ရာထူးလုပ်တတ်လည်း အလယ်ခေါင်းဆောင်ရာထူးခေါ်လို့မရဘူး။ အစိုးရဝန်ထမ်းမှာ ခန့်လို့ရတာက အောက်ဆုံးကနေပဲ ယာယီစခန့်လို့ရတယ်။ နောက်တစ်ခုက မိုးပေါ်ကကျလာတဲ့နည်းရှိတယ်။ ရာထူးတူချင်း ကူးတာပေါ့နော်။ အဲဒီသဘောမျိုးက ရာထူးတူချင်းကူးဖို့ဆိုတာက တခြားဝန်ကြီးဌာနကနေ ကူးရတာဆိုတော့ ကျွန်တော်တို့လိုချင်တဲ့ ပညာရှင်က အခြားဝန်ကြီးဌာနမှာမရှိရင် ကျွန်တော်တို့ခေါ်လို့မရဘူး။ အခြားဝန်ကြီးဌာနကလည်း သူတို့ဆီက သိပ်ကောင်းတဲ့လူကို ကျွန်တော်တို့ကို ဘယ်ပေးချင်မလဲ။ အခုလာလျှောက်တဲ့အထဲမှာ မာစတာဘွဲ့ရတွေပါတယ်ဆိုတော့ ကျွန်တော်တို့ အားတက်စရာပေါ့။

Voice : နောက်တစ်ခုက မိုးတွင်းကာလမှာ မန္တလေးမြို့ ရေမမြုပ်အောင် စည်ပင်က စီစဉ်နေတယ်လို့ သိရတယ်။ အဲဒီအခြေအနေကရော။ 
UYMT : မိတ္ထီလာက မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နဲ့ ပညာရေးဝန်ကြီးဌာနပေါင်းပြီး လေယာဉ်ပျံနဲ့ ကောင်းကင်ဓာတ်ပုံရိုက်ပေးတယ်။ အဲဒီဓာတ်ပုံတွေအကုန်လုံး ကုမ္ပဏီတစ်ခုကို အပ်ထားတယ်။ အဲဒီကုမ္ပဏီကနေမှ မန္တလေးမြို့မှာရှိတဲ့ ပွိုင့်တွေအကုန်လုံးကို မီလီမီတာစကေးနဲ့ ပွိုင့်တွေလိုက်ချပြီးတော့ အဲဒါနဲ့ပေါင်းစပ်ပြီး မန္တလေးတစ်မြို့လုံးရဲ့ မြေမျက်နှာသွင်ပြင်ကို တစ်ပေပတ်လည်တိုင်း အကုန်တွက်လိုက်တာ။ အဲဒီက အချက်အလက် ထွက်လာပြီဆိုတော့မှ ဘယ်နေရာမှာ ရေဘယ်လောက်ထွက်မယ်၊ ဘယ်လောက်စီးမယ်ဆိုတာ Raining Master Plan ကို ပြန်ဆွဲရမှာ။ နှစ်ပိုင်းပေါ့။ တစ်ပိုင်းက မိုးရေချိန်ခြောက်လက်မရွာရင် ရေက ဘယ်လောက်လောက်မြုပ်မယ်။ အဲဒီရေကို ဆွဲထုတ်တဲ့အခါ မိုးရေက ဘယ်လောက်အချိန်အတွင်းမှာ ပြန်ထွက်မယ်။ ဒါမှမဟုတ်ရင်လည်း ရေဘယ်လောက်ထိပါရင် ခံနိုင်ရည်ရှိတယ်ဆိုတာ တွက်ရမှာ။ အထူးသဖြင့် ဧရာဝတီမြစ်ရေနဲ့ ဒုဋ္ဌဝတီမြစ်ရေက မြင့်နေတဲ့အချိန်မှာ ဘယ်လိုစီမံမလဲဆိုတဲ့ကိစ္စ။ အဲဒါက စက်နဲ့စုပ်ထုတ်တဲ့ကိစ္စဖြစ်တော့ စက်တွေထပ်တိုးဖို့ ကိစ္စနဲ့ စုတ်တဲ့အချိန်မှာ ရေဆိုးတွေမဖြစ်အောင် ဘယ်လိုသန့်စင်ပေးရမလဲဆိုတဲ့ကိစ္စတွေကို အသေးစိတ် ပြန်ဆွဲရမယ်။ လက်ရှိမှာတော့ ကောင်းကင်ဓာတ် ပုံရိုက်တဲ့လုပ်ငန်းက ၄၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။

Voice : ဆိုတော့ မန္တလေးမြို့စမတ်စီးတီးဖြစ်ဖို့ မြို့နေပြည်သူတွေကို ဘာများပြောချင်သေးလဲ။
UYMT : အဓိကတော့ စည်းကမ်းရှိဖို့ပါပဲ။ ထူးထူးခြားခြား စည်းကမ်းရှိစရာမလိုဘူး။ ဥပဒေနဲ့မညီတာကို မလုပ်ဘူးဆိုရင်ဖြစ်တာပဲ။ တကယ်တမ်းကျတော့ သူတို့အချင်းချင်းထိန်းရတာပဲ။ အခုဆိုရင် ဘာတွေဖြစ်လာလဲဆိုတော့ ရပ်ကွက်ကနေမှ သုံးဘီးအမှိုက်ကားတွေ စုဝယ်တာရှိတယ်။ အမှိုက်ပုံးကို ကင်မရာတပ်ပြီး သူတို့ဟာသူတို့ စောင့်ကြည့်တာရှိတယ်။ ပြည်သူလူထုအခြေပြုတဲ့လုပ်ငန်း (Community Based) က ပိုပြီး တက်လာတယ်။ အခုလည်း အဲလိုပေါ့။ မီးတိုင်တွေ အများကြီး လှူလာတဲ့သူရှိတယ်။ မြို့သစ်ဘက်မှာဆိုရင် လမ်းခင်းတဲ့အခါ တစ်ဝက်စိုက်ပေးတယ်။ သူတို့စရိတ်နဲ့သူတို့ ပလက်ဖောင်းလုပ်ပေးတယ်။ မြောင်းလုပ်ကြတယ်။ ပြည်သူဘက်က အဲဒီလိုတွေ ဖြစ်လာပြီ။

အေးစုမွန်