News

POST TYPE

INTERVIEW

ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်နှင့်တွေ့ဆုံခြင်း
28-Nov-2018

အသုံးပြုပြီးဆေးထိုးပိုက်များကို Recycle အသုံးပြုခြင်း
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေနှင့် အသုံးပြုပြီးသားဆေးထိုးအပ်ပိုက်များကို ပိုးသတ်သန့်စင်၍ အခြားသော နေရာများတွင် ပြန်လည်အသုံးချနိုင်မည့်အစီအစဉ်ကို ရှမ်းပြည်နယ် ပင်းတယနှင့် ရန်ကုန်တိုင်း မှော်ဘီမြို့တို့တွင် စမ်းသပ်အကောင်အထည်ဖော်လျက်ရှိသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ရောဂါပိုးကူးစက်နိုင်ခြင်း ရှိမရှိနှင့် မည်သို့ Recycle အဖြစ် သုံးစွဲမည်နည်းဆိုသည်များနှင့်ပတ်သက်၍ ပင်းတယ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို The Voice သတင်းစာမှတွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အသုံးပြုပြီးသားဆေးထိုးအပ်ပိုက်တွေကို ပြန်လည် အသုံးပြုမယ့်အကြောင်း ရှင်းပြပေးပါဦး။
Dr.TMH : ဒါက Sharp Waste Management System လို့ခေါ်တယ်။ ဆေးထိုးတဲ့အပ်ကို ဖြတ်စက် (Cutter)နဲ့ နှစ်ပိုင်းဖြတ်တယ်။ ချွန်တဲ့အပ်ကတစ်ပိုင်း၊ ကော်ကတစ်ပိုင်းပေါ့။ အပ်ကတော့ ဖြတ်လိုက်တာနဲ့ Cutter အောက်ကဘူးထဲ တန်းကျမယ်။ ဒီတော့လူကို စူးစရာမရှိဘူး။ အဲဒီအပ်တွေကို လေးပေလောက်ရှိတဲ့ ကွန်ကရစ်စည်ပိုင်းကို မြေကြီးတူးထားတဲ့တွင်းထဲထည့်ပြီး မြှုပ်ပါမယ်။ တွင်းကလည်းတစ်တွင်းကို အနှစ် ၂၀ လောက် သုံးလို့ရပါတယ်။ ဒီလိုမြေမြှုပ်လိုက်တဲ့အတွက် အပ်ကနေတစ်ဆင့် အသည်းရောင် အသားဝါဘီပိုး၊ စီပိုးစသဖြင့် ကူးစရာမရှိတော့ဘူး။ ကော်ပိုင်းကိုတော့ ကလိုရင်းပါတဲ့ ပိုးသတ်ဆေးနဲ့ ၂၄ နာရီပိုးသတ်တဲ့အတွက် ဗက်တီးရီးယားတွေက အဲဒီအချိန်မှာပဲ သေသွားမယ်။

Voice : ဒါတွေကို ဆေးထိုးအပ်အဖြစ် ပြန်အသုံးပြုသွားမှာလား။ အရင်ကရောသုံးပြီးသားတွေကို ဘယ်လိုစွန့်ပစ်ပါသလဲ။
Dr.TMH : အရင်ကတော့ မီးရှို့တယ်။ မီးရှို့တဲ့အခါမှာ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေထွက်တဲ့အတွက် မီးရှို့တဲ့စနစ်ကိုမသုံးချင်ဘူး။ မြေကြီးထဲမြှုပ်ရင်လည်း နှစ်ပေါင်းထောင်နဲ့ချီ မပျက်စီးဘဲ လူတွေကို ဒုက္ခပေးတယ်။ ဒီတော့ Recycle လုပ်တာ အကောင်းဆုံးပါ။ ဒါကို Recycle ပြန်လုပ်ရင် စားပွဲခုံ၊ ထိုင်ခုံတွေ လုပ်လို့ရပါတယ်။ ဒီအတွက် ပိုးသတ်ပြီးသားပိုက်တွေကို စက်ရုံပို့မယ်။ ဆေးထိုးအပ်အနေနဲ့ ပြန်မသုံးပါဘူး။ အန္တရာယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ စက်ရုံရောက်တဲ့အခါ ကော်ကိုကျိုပြီး ခုံလုပ်မှာ။ အပူဒီဂရီထောင်ချီနဲ့ ကျိုမှာဖြစ်တဲ့အတွက် ဗက်တီးရီးယားတွေ မရှိနိုင်ပါဘူး။

Voice : ဒီလိုပြန်အသုံးပြုမယ်ဆိုတော့ ရောဂါကူးစက်မှု အန္တရာယ်တွေ ဖြစ်လာနိုင်မလား။
Dr.TMH : အခုလောလောဆယ် အသုံးပြုပြီး စွန့်ပစ်တဲ့စနစ်က ပိုအန္တရာယ်များတယ်။ အခုကသုံးပြီး လမ်းဘေးက အမှိုက်ပုံတွေမှာ ပစ်လိုက်ကြတယ်။ ဒါကိုအမှိုက်ကောက်တဲ့သူတွေက လျှောက်ကောက်တယ်။ ဒီအပ်တွေက စက်ရုံမဟုတ်တဲ့ ပြန်သုံးတဲ့နေရာတွေ ရောက်သွားတာက ပိုအန္တရာယ်များပါတယ်။ အမှိုက်ပုံမှာပစ်တဲ့အတွက် အပ်စူးတဲ့ကလေးတွေ အများကြီးရှိတယ်။ အခုလိုလုပ်ပေးခြင်းက အိတ်ခ်ျအိုင်ဗီကူးစက်တာ သက်သာသွားလိမ့်မယ်။ အခုလုပ်မှာက ၂၄ နာရီ ကလိုရင်းနဲ့ ပိုးသတ်သွားမှာပါ။ ပိုးသတ်တာကို ဆရာတို့ဆေးရုံကပဲလုပ်မှာ။ သူတို့လုပ်ရင်စိတ်မချရဘူး။ ဆေးရုံက ကာကွယ်ဆေးထိုးတဲ့ ဆရာမတွေလုပ်မယ်။ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင် ကျန်းမာရေးဌာနကနေ ဦးဆောင်လုပ်မှာပေါ့။

Voice : ဒီစမ်းသပ်လုပ်ဆောင်မှုက ပင်းတယမှာပဲ လုပ်မှာလားဆရာ။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် ဘယ်လိုကောင်းမွန်တဲ့ရလဒ်တွေရလာနိုင်မလဲ။
Dr.TMH : အခုလောလောဆယ် ပင်းတယနဲ့ မှော်ဘီမှာစလုပ်မယ်။ လုပ်နေတာတော့ တစ်လကျော်ပဲ ရှိသေးပေမယ့် နောက်ပိုင်းမှာ တစ်နိုင်ငံလုံးကို ဖြန့်ဖို့ဆက်လက်လုပ်ဆောင်မှာပါ။ ဒီဆေးထိုးပိုက်တွေအားလုံးကို ပိုးသတ်ပြီးမှသုံးမှာဖြစ်တဲ့အတွက် အန္တရာယ်မရှိနိုင်ပါဘူး။ နောက်ပြီးတော့ တစ်ကမ္ဘာလုံးက ပလတ်စတစ်သုံးတာလျှော့ချနေတယ်။ ဒီလိုလျှော့ဖို့အတွက် ငြင်းပယ်(Refuse)ရမယ်။ ဒါပေမဲ့ ဆေးထိုးအပ်ဆိုတာ ငြင်းပယ်လို့မရဘူးလေ။ ဒီတော့ ပြန်သုံး(Reuse)ဖို့ကျတော့လည်း ဆေးထိုးအပ်ကလည်း ပြန်သုံးလို့မရပါဘူး။ လျှော့သုံး(Reduce)ဖို့ဆိုတာကလည်း ဆေးမထိုးနဲ့ဆိုပြီးတော့ လုပ်လို့ ရတာမဟုတ်တဲ့အတွက် ဆရာတို့လုပ်နိုင်တာက ပြန်လည်သုံးဖို့(Reuse)ပဲရှိတယ်။ ဒီလိုလုပ်လိုက်ခြင်းက သဘာဝပတ်ဝန်းကျင်မှာ ပလတ်စတစ်အန္တရာယ် ကို ထိန်းပြီးသားလည်းဖြစ်တယ်။ လက်လွတ်စပယ် ပစ်နေတာထက်စာရင် အခုလိုစနစ်တကျလုပ်တော့ ကူးစက်အန္တရာယ်တွေ ထိန်းချုပ်ပြီးသားဖြစ်မယ်။ အမှိုက်ပုံမှာ ပြီးစလွယ်စွန့်ပစ်တဲ့စနစ်က သူများတိုင်းပြည်မှာ မရှိပါဘူး။

Voice : ဆေးထိုးပိုက်တွေ ပြန်လည် အသုံးပြုမယ်ဆိုတော့ စိုးရိမ်ကြတဲ့ လူထုအတွက် ဆရာ့အနေနဲ့ သတင်းစကားပါးပေးပါဦး။
Dr.TMH : အမှိုက်ပုံမှာ စည်းမဲ့ကမ်းမဲ့ပစ်ထားတဲ့ ဆေးထိုးအပ်တွေက လူထုအားလုံးရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဒါတွေကအမှိုက်ပုံမှာ မရှိသင့်တော့ပါဘူး။ အခုလုပ်ဆောင်တဲ့စနစ်သာ ဖွံ့ဖြိုးလာရင် ဆေးထိုးအပ်အန္တရာယ်က ကင်းဝေးကြမှာပါ။ သုံးပြီးသားတွေကိုဖြတ်မယ့် Cutter တွေကို နိုင်ငံခြားကမှာယူသုံးတာပါ။ ဆရာတို့ဘက်က ပိုးသတ်ပေးရတာ ပိုပြီးအလုပ်ရှုပ်ပါတယ်။ အလုပ်ရှုပ်ပေမယ့်လည်း ကူးစက်ရောဂါတွေ ကျသွားနိုင်မှာဖြစ်တော့ ဒါကအကျိုးအမြတ်တစ်ခုပါလို့ ပြောချင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ