News

POST TYPE

INTERVIEW

မေရီနဲ့ တွေ့ဆုံခြင်း
28-Nov-2018
“မေရီ့အသံက သီချင်းဆိုရင် အရက်မူးနေတဲ့အသံ ဖြစ်နေတယ်လို့ပြောကြတယ်။ အဲဒါက မေရီ့ရဲ့ ပင်ကိုအသံဖြစ်နေတော့ ပြောင်းလို့မရဘူး” 



အွန်လိုင်းမှာ တင်ခဲ့တဲ့ Single သီချင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးခြင်းကို စတင်ရရှိခဲ့တဲ့ တေးသံရှင် မေရီရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ Midnight Thoughts က ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထွက်ရှိလာတော့မှာပါ။ ယင်းစီးရီးမှာ ပါဝင်မယ့်သီချင်းတွေနဲ့ ပတ်သက်ပြီး မေရီကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။ 

Voice : ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “သန်းခေါင်ယံ အတွေးများ” စီးရီးထွက်နိုင်ဖို့အချိန်ဘယ်လောက်ယူပြီး ပြင်ဆင်ခဲ့ရလဲ။
M : မေရီက သီချင်းသစ်မထွက်နိုင်တာ တစ်နှစ်လောက်ရှိပါပြီ။ ဂျပန်နိုင်ငံမှာ ကျောင်းပြန်တက်နေရတဲ့အတွက် သီချင်းသစ်လုပ်ဖို့ အချိန်သိပ်မပေးနိုင်ဘူး။ ဒါပေမဲ့ တစ်ကိုယ်တော်စီးရီးထွက်ချင်တဲ့စိတ်ကြောင့် အားတဲ့အချိန်လေးတွေကို ဖဲ့ပြီးတော့လုပ်ခဲ့တာပါ။ အစကတော့ တစ်ကိုယ်တော်အယ်လ်ဘမ်ဆိုတာ ထုတ်ဖို့လိုအပ်လို့လား၊ အွန်လိုင်းမှာပဲတင်လိုက်ရင်ရော မဖြစ်နိုင်ဘူးလားလို့စဉ်းစားခဲ့သေးတယ်။ ကိုယ်က ဂျပန်မှာ ကျောင်းပြန်တက်နေရတော့ အယ်လ်ဘမ်လုပ်ဖို့က အချိန်လည်း သိပ်မပေးနိုင်ဘူး။ အွန်လိုင်းမှာ တစ်ပုဒ်ချင်းစီပဲထုတ်ဖို့ စိတ်ကူးလိုက်သေးတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ဘဝအတွက် မှတ်တိုင်တစ်ခုအနေနဲ့ ကျန်ခဲ့ချင်တာကြောင့် Midnight Thoughts အယ်လ်ဘမ်ကို ထုတ်ခဲ့တာပါ။

Voice : အွန်လိုင်းမှာ Single သီချင်းတွေ ဘယ်လောက်ပေါက်ပေါက် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်နိုင်မှ အဆိုတော်လို့ သတ်မှတ်လို့ရတယ်လို့ ပြောကြတဲ့အပေါ်ကိုရော ဘယ်လိုမြင်မိလဲ။
M : အဲဒါကတော့ မေရီလက်မခံဘူး။ ကိုယ်က Single သီချင်းတွေနဲ့ အရင်ပေါက်လာလို့ပြောတာမဟုတ်ပါဘူး။ တစ်ခါတလေကျရင် အယ်လ်ဘမ်ကို အဖြစ်သဘောလုပ်လိုက်တဲ့ သူတွေလည်းအများကြီးရှိပါတယ်။ နိုင်ငံခြားမှာဆိုရင်လည်း တစ်ပုဒ်ချင်းစီပေါက်ပြီးမှ အယ်လ်ဘမ်ထုတ်တဲ့ သူတွေလည်းအများကြီးပါ။ အယ်လ်ဘမ်မထုတ်နိုင်ရင် အဆိုတော် မဟုတ်ဘူးဆိုတဲ့ အတွေးကြီးက မှားနေပါတယ်။ အယ်လ်ဘမ်ကို အဖြစ်သဘောလုပ်လိုက်တဲ့သူတွေလည်း အများကြီးရှိတယ်လို့ မေရီထင်ပါတယ်။

Voice : ဒီခွေထဲမှာရော ဘယ်လိုသီချင်းပုံစံမျိုးတွေ ပါဝင်မလဲ။
M : ဒီခွေမှာတော့ မေရီ Jazz၊ Country၊ Pop နဲ့ EDM ပုံစံသီချင်းလေးတွေ ထည့်ထားပါတယ်။ သီချင်းအကြောင်းအရာတွေကလည်း ခွေနာမည်နဲ့လိုက်အောင် ညဘက်မှာ ကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ နားထောင်လို့ရတဲ့ သီချင်းလေးတွေထည့်ထားပါတယ်။ ပျော်နေတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ ပါတီပေးနေတဲ့အချိန်တွေမှာ နားထောင်လို့ကောင်းတဲ့သီချင်းတွေတော့မဟုတ်ဘူး။ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်၊ ခရီးသွားနေတဲ့အချိန်တွေ၊ ကားမောင်းနေတဲ့အချိန်၊ ဆွေးနေတဲ့အချိန်၊ လွမ်းနေတဲ့အချိန်တွေမှာ ကိုယ့်ကို အဖော်ပြုပေးမယ့် သီချင်းလေးတွေပါပါတယ်။

Voice : အဆွေးသီချင်းတွေ အဆိုများတာက အချစ်နဲ့ပတ်သက်ပြီး ခံစားခဲ့ရတာတွေရှိခဲ့လို့လား။
M : ဒီခွေထဲမှာတော့ မေရီ့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ရေးထားတဲ့သီချင်းတွေလည်းပါသလို၊ မေရီ့သူငယ်ချင်းတွေဖြစ်တဲ့ ရေချယ်လ်တေဇ၊ ရဲရင့်မြင့်မိုရ်တို့ ရေးထားတဲ့သီချင်းတွေလည်းပါပါတယ်။ ဒီခွေလုပ်ရတာ မေရီ့အတွက် စိတ်ဖိစီးမှုတွေလည်းရှိခဲ့ပါတယ်။ Single သီချင်းတွေကလည်း ပေါက်ထားတယ်။ အဲဒီသီချင်းတွေက ကိုယ့်အတွက် မှတ်တိုင်တစ်ခုလိုဖြစ်နေတယ်။ တစ်ကိုယ်တော်ခွေမှာ ပါတဲ့သီချင်းတွေက အရင်သီချင်းတွေရဲ့ အောင်မြင်မှုကို ကျော်နိုင်ပါ့မလားလို့ စဉ်းစားနေရင်တော့ ဘာမှဆက်လုပ်လို့ရမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် တစ်ကိုယ်တော်ခွေမှာ ကိုယ်လုပ်ချင်တဲ့ သီချင်းပုံစံလေးတွေကို ဦးစားပေးပြီးလုပ်ထားတယ်။ ပရိသတ်တွေဆီက ဘယ်လိုတုံ့ပြန်မှုတွေရလာမလဲတော့ မသိသေးဘူး။

Voice : မေရီ့ရဲ့ ဆိုဟန်နဲ့အသံကို စကြားတဲ့အချိန်တုန်းက လက်ခံတဲ့သူတွေရှိသလို၊ ဝေဖန်ကြတဲ့သူတွေလည်းရှိခဲ့တယ်နော်။ အဲဒီအချိန်တုန်းကရော ဘယ်လိုခံစားခဲ့ရလဲ။
M : မေရီ့ကို အစပိုင်းမှာ ဝေဖန်တဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ မေရီက ကိုယ့်ကိုအားပေးနေတဲ့သူတွေရဲ့ မျက်နှာကိုပဲကြည့်တယ်။ အားမပေးတဲ့သူတွေဆို မေရီက ခေါင်းထဲမထည့်တော့ဘူး။ သူတို့ရေးတဲ့ Comment တွေကိုလည်း မကြည့်တော့ဘူး။ မေရီ့သီချင်း စပေါက်ပေါက်ချင်းတုန်းက ဝေဖန်တဲ့သူတွေဆိုရင်မေရီက Ban တာပဲ။ အခုနောက်ပိုင်းတော့ မလုပ်နိုင်တော့ဘူး။ သူတို့ပြောတာတွေကိုလည်း ဂရုမစိုက်တော့ဘူး။ ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံးလုပ်တယ်။

Voice : ဝေဖန်မှုတွေကြောင့် မေရီ့ရဲ့ဖေ့စ်ဘွတ်ခ် Account ကိုတောင် Deactivate လုပ်သွားသေးတယ်နော်။ 
M : ကိုယ်ဝါသနာပါတဲ့ ဂီတကိုလုပ်တယ်။ ကိုယ်ကြိုက်တဲ့သီချင်းကို ကိုယ်ဆိုတယ်။ အဲဒါကို ဘာလို့ လာပြောကြတာလဲဆိုပြီး နားမလည်နိုင်ဘူး။ စိတ်ရှုပ်မခံချင်တော့လို့ Account ကို Deactivate လုပ်လိုက်တာပါ။ ကိုယ့်ဟာကိုယ် သီချင်းဆိုတာကို ဘာကြောင့်ဝေဖန်ကြတာလဲဆိုတာကို နားမလည်နိုင်ဘူး။ ဒါပေမဲ့ မေရီ့ကို အမှန်တကယ် အားပေးတဲ့ ပရိသတ်တွေက Instagram မှာ စိတ်ဓာတ်မကျဖို့၊ သီချင်းတွေဆက်လုပ်ဖို့ အားပေးကြတယ်။ သူတို့ပေးတဲ့ စိတ်ဓာတ်ခွန်အားတွေကြောင့် မေရီသီချင်းတွေ ဆက်လုပ်ဖြစ်တာပါ။

Voice : လက်ရှိမှာရော ကိုယ့်အပေါ်ဝေဖန်မှုတွေကိုရော လက်ခံနိုင်ပြီလား။ 
M : ဝေဖန်မှုတွေကို မေရီလက်ခံနိုင်ပါပြီ။ ဒါပေမဲ့ အသံပိုင်းမှာ ဝေဖန်တာကိုတော့ မေရီလည်း ဘာမှမတတ်နိုင်ဘူး။ မေရီ့အသံက သီချင်းဆိုရင် အရက်မူးနေတဲ့အသံဖြစ်နေတယ်လို့ပြောကြတယ်။ အဲဒါက မေရီ့ရဲ့ ပင်ကိုအသံဖြစ်နေတော့ ပြောင်းလို့မရဘူး။ မေရီပြုပြင်နိုင်တာက ပရိသတ်တွေနဲ့ ဆက်ဆံတဲ့အပိုင်းနဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကိုပါ။ အဲဒါတွေကိုတော့ မေရီပြုပြင်နေပါတယ်။

သန့်ဇင်ဦး