News

POST TYPE

INTERVIEW

ကျွန်းစုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်နှင့်တွေ့ဆုံခြင်း
27-Nov-2018

“သူတို့မှာလိုင်စင်ရှိတယ်၊ ကမ်းဝေးက ကမ်းနီးကိုဝင်ဆွဲတာ တရားမဝင် ငါးခိုးဖမ်းတာမဟုတ်ဘူးဖြစ်ရော။ စည်းကမ်းမလိုက်နာဘဲ ဝင်ဖမ်းတဲ့အတွက် ပေးတဲ့ပြစ်မှုပြစ်ဒဏ်က တော်တော်လေးကိုနည်းနေတယ်”



တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းစက်လှေများ ကမ်းနီးသို့ခိုးဝင်ကာ ငါးဖမ်းနေမှုကြောင့် ဒေသခံ ကမ်းနီးငါးဖမ်းသမားများ အခက်တွေ့နေရသည်။ ထိုသို့ ကမ်းဝေးငါးဖမ်းရေးယာဉ်များ ကမ်းနီးတွင် ငါးခိုးဖမ်းနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် ပင်လယ်ပြင်ထွက်၍ အထောက်အထားရှာနေရခြင်း နှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်ထံ The Voice သတင်းစာမှ ဆက်သွယ်မြေမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက် ပါသည်။

Voice : ကမ်းဝေးငါးဖမ်းစက်လှေတွေ ကမ်းနီးကိုခိုးဝင်ပြီး ငါးဖမ်းနေတဲ့ကိစ္စက အဲဒီဘက်မှာဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။
Dr.HNA : ဒီပြဿနာဖြစ်နေတာက တော်တော်ကိုကြာပြီဗျ၊ ၁၀ စုနှစ်နဲ့ချီပြီးတော့ကို ဖြစ်နေတာ။ ကမ်းဝေးလှေကြီးတွေက ဆွဲပိုက်နဲ့ ကမ်းနီးရေပြင်မှာ ဆွဲတော့ ကမ်းနီးရေလုပ်သားတွေရဲ့ လှေကလေးတွေ၊ မျောပိုက်တွေ၊ ထောင်ထားတဲ့ ပိုက်တွေတင်မဟုတ်ဘူး ရေအောက်သယံဇာတတွေလည်းပျက်တယ်။ သူတို့က ဥပဒေမဲ့ ဒီလိုဝင်ဆွဲတာကို ခါးစည်းပြီးခံနေရတယ်။ ဒီပြဿနာက တော်တော်ကိုကြာနေပါပြီ၊ ကွင်းဆင်းတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက်လည်း အတော်ကိုအန္တရာယ်များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ်းနီးလှေကလေးတွေက သူတို့ပိုက်တွေပါသွားလို့ လှေကြီးတွေကို သွားပြောတာ အပေါ်ကနေ လောက်လေးခွနဲ့ပစ်တာမျိုးတွေလည်း ခံရတယ်။ ကျွန်တော်တို့ဘက်မှာတော့ တရားဥပဒေစိုးမိုးတဲ့အပိုင်းကတော့ တော်တော်အားနည်းနေတယ်။

Voice : ဒီလိုဖြစ်တာက ဘယ်မြို့နယ်မှာ အဖြစ်များတာလည်း။ ဒါမှမဟုတ် တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်လုံး ဖြစ်တာလား။ 
Dr.HNA : တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာကို ဖြစ်နေတာ။ တနင်္သာရီမှာ ခရိုင်သုံးခုရှိတာ။ ကျွန်တော်တို့လွှတ်တော်ကော်မတီအနေနဲ့ ခရိုင်သုံးခုလုံးသွားပြီး ဒေသခံတွေနဲ့တွေ့တော့ ကမ်းနီးရေလုပ်သားတွေရဲ့ အသံကို နားထောင်ကြည့်တော့ ခရိုင်သုံးခုစလုံးက ရွာတိုင်းရွာတိုင်းလိုလိုမှာ ဖြစ်နေတာ၊ နေရာတိုင်းမှာ ကြားရတဲ့ ပြဿနာဖြစ်နေတယ်။

Voice : ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရဘက်ကရော ဘယ်လိုကိုင်တွယ်တာ ရှိသလဲ။ 
Dr.HNA : ကျွန်တော်တို့ ကျွန်းစုလွှတ်တော်ကိုယ် စားလှယ်ကပဲ လွှတ်တော်မှာ မေးခွန်းမေးဖူးတယ်။ ဒီ ကမ်းဝေးလှေကြီးတွေ ကမ်းနီးမှာဝင်ဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်ပေးမလဲ ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးတော့ မြေအောက်ပင်လယ်ငါးလုပ်ငန်း ဥပဒေရှိတာကိုး၊ အဲဒီတော့ စစ်ဆေးမှုပိုင်းမှာ တာဝန်ရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာနက တပ်မတော်ရေနဲ့ ကြည်းကို တာဝန်ပေးထားတယ်ဆိုတော့ တပ်ကပဲ ဖမ်းဆီးပြီး ငါးလုပ်ငန်းဦးစီးဌာနကို အပ်နှံရတယ်။ ကမ်းဝေးလှေကြီးတွေက သူတို့မှာ လိုင်စင်ရှိတယ်။ ကမ်းဝေးက ကမ်းနီးကိုဝင်ဆွဲတာ တရားမဝင် ငါးခိုးဖမ်းတာမဟုတ်ဘူးဖြစ်ရော။ စည်း ကမ်းမလိုက်နာဘဲ ဝင်ဖမ်းတဲ့အတွက် ပေးတဲ့ပြစ်မှု ပြစ်ဒဏ်က တော်တော်လေးကိုနည်းနေတယ်။ ဒဏ် ငွေသိန်း ၃၀ တို့၊ ငါးမဖမ်းခွင့်ရာသီတို့ အဲဒီလို သတ်မှတ်တော့ သူတို့အတွက် သိန်း ၃၀ က တကယ့်ကို ကလေးကစားစရာလောက်ပဲ ရှိနေတယ်။ ကျွန်တော်တို့လည်း လွှတ်တော်မှာ အကြိမ်ကြိမ်မေးတယ်၊ ဖမ်းဆီးမှုကမရှိသလောက်ပဲလို့ ပြောလို့ရပါတယ်။ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးပြောရင် ကျွန်တော်တို့ကပဲ ပြဿနာရှာနေသလိုဖြစ်နေတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီး လွှတ်တော်မှာ မမေးရဲလောက်အောင်ဖြစ်နေ တယ်။

Voice : ဖမ်းဆီးမှုတွေက မထိရောက်ဘူးလို့ ပြောလို့ရလား။ 
Dr.HNA : ဟုတ်တယ် မထိရောက်ဘူး၊ မထိရောက်လို့ ခုလိုအတင့်ရဲပြီး ဝင်ဆွဲနေကြတာ။ တစ်ခါတစ်ခါ ဝင်ဆွဲရင် တစ်စီးနှစ်စီးမဟုတ်ဘူး အစီး ၂၀၊ ၃၀ အဲဒီလို အစုလိုက်အပြုံလိုက်ကို ဝင်ဆွဲတာ။

Voice : ကျွန်းစုမြို့နယ်ဘက်မှာရော ဒီလိုပြဿနာက ဘယ်လောက်ဖြစ်နေသလဲ။ 
Dr.HNA : ဒီကျွန်းစု ရေပြင်ဆိုရင် အဆိုးရွားဆုံးပဲ။ တော်တော်အခြေအနေဆိုးတဲ့အထိဖြစ်တာ၊ အဆိုးဆုံး ဖြစ်တဲ့နေရာပဲ။

Voice : ဆိုတော့ ဒေသခံတွေရဲ့ အဓိကအခက်အခဲက ဘာတွေဖြစ်နေမလဲ။ 
Dr.HNA : အဓိကအခက်အခဲကတော့ ကမ်းနီးရေလုပ်သားတွေ ဝမ်းစာရှာရတာ ထိခိုက်လာတယ်။ ကမ်းနီးရေလုပ်သားတွေရဲ့ မျောပိုက်တို့ ထောင်ပိုက်တွေက ကမ်းနီးအချင်းချင်းကတော့ သိကြတယ်၊ သူတို့ အချင်းချင်းရှောင်ပြီး ဖမ်းကြတယ်၊ ထောင်ကြတယ်၊ ကမ်းဝေးလှေကြီးတွေဝင်ပြီးဆိုရင် သူကဘာမှမသိဘူး အကုန်ဆွဲချတယ်။ အောက်မှာရှိတဲ့ ကျောက်တုံးတွေကိုတောင် သူတို့ပိုက်က ဆွဲချလို့ရတာ။ အဲဒီလိုဖြစ်တော့ ကမ်းနီးသမားတွေက အရဲစွန့်ပြီး လှေနားကပ်ပြီး လှေနာမည်ကိုကြည့်တော့ တစ်ဖက်က လောက်လေးခွမှာ ခဲသီးတွေ ထည့်ပစ်တော့ ဒဏ်ရာတွေဘာတွေ ရတာလည်းရှိတယ်။ ကျွန်တော်တို့ကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရေလုပ်သားတွေပေါင်းပြီး ဖမ်းဖို့အတွက် ပြောတော့လည်း ဥပဒေနဲ့မညီဘူးလို့ဆိုတော့ လုပ်လို့မရဘူး။ သူခိုးဖမ်းတဲ့လူတွေက ဥပဒေနဲ့ငြိနေတဲ့ သဘောဖြစ်နေတယ်။

ခတ္တာနွန်