News

POST TYPE

INTERVIEW

နေမင်းနဲ့ တွေ့ဆုံခြင်း
26-Nov-2018

“ပြည့်စုံခြင်းဆိုတာထက်ကို စနစ်တကျဖြစ်အောင် အမေတို့က ထိန်းကျောင်းခဲ့တာဆိုတော့ သက်ထင်ညိုလို လွတ်လပ်မှုမျိုးတော့မရခဲ့ဘူး” 



ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ရန်သူ” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်နေမင်းနဲ့တွေ့ဆုံပြီး ဇာတ်ရုပ်အကြောင်း၊ ဇာတ်ကားအကြောင်းနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားမှုများအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “ရန်သူ” ရုပ်ရှင်ကားက ရုံတင်တော့မယ်ဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားနေပြီလား။ 
NM : ဒီကားကတော့ အမှတ်တရတွေအများကြီးနဲ့ကားပါ။ အခက်အခဲတွေရော၊ ကိုယ်မလုပ်နိုင်ဘူးလို့ ထင်ခဲ့တာတွေရော၊ လုပ်ပြီးတော့လည်း ဇာတ်ရုပ်အပေါ်မှာ ကျေနပ်မိတဲ့စိတ်တွေပါ အများကြီးပါပဲ။ ကျွန်တော့်ရဲ့ ဇာတ်ရုပ်နဲ့ပတ်သက်ပြီးတော့ ပရိသတ်ကရုံထဲရောက်လို့ရှိရင် ထူးခြားမှုတစ်ခုတော့ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော့် ပရိသတ်တွေအတွက်လည်း ကျွန်တော့်ကိုထင်မထားတဲ့ဇာတ်ရုပ်တစ်ခုအနေနဲ့ မြင်တွေ့ရမှာပါ။ နောက်တစ်ခုက ထပ်ပြီးအားပေးမယ့်ပရိသတ်တွေအတွက်လည်း အရင်တုန်းက မြင်ထားတဲ့နေမင်းမဟုတ်ဘဲနဲ့ ဒီကားထဲမှာ သက်ထင်ညိုအဖြစ် မြင်တွေ့ရမယ်ထင်ပါတယ်။ ဒီကားထဲက သက်ထင်ညိုက နေမင်းတော့မဟုတ်ဘူး၊ ဒါပေမဲ့ သက်ထင်ညိုဖြစ်အောင် ကျွန်တော် တတ်နိုင်သလောက်လေး ကြိုးစားထားပါတယ်။ 

Voice : သက်ထင်ညိုဇာတ်ရုပ်အတွက် တော်တော်ခက်ခက်ခဲခဲသရုပ်ဆောင်ခဲ့ရလား၊ ဘာတွေပြင်ဆင်ခဲ့ရလဲ။ 
NM : အဓိကပြဿနာကဘာလဲဆိုတော့ ကျွန်တော့်ရဲ့အပြင်ကစိတ်က ပြတ်တယ်။ တစ်ခုခုကို မလုပ်ဘူးဆိုမလုပ်ဘူးပဲ။ အဲဒါကြောင့် ဆိုးတဲ့အထဲမှာပါတယ်။ နောက်တစ်ခုက ကျွန်တော်က ငယ်ငယ်ကတည်းက အရမ်းကြီးချမ်းသာတဲ့အထဲမှာမပါဘူး။ အဓိက ကိုယ်တွေနေလာ ခဲ့ရတဲ့ဘဝနဲ့ ဒီကားထဲက သက်ထင်ညိုရဲ့ဇာတ်ရုပ်နဲ့ကျတော့ ကိုယ်မဖြတ် သန်းဖူးတဲ့ဘဝတစ်ခုဖြစ်နေတယ်။ ဒီကားထဲက သက်ထင်ညိုကျတော့ မိဘက အရမ်းချမ်းသာတယ်၊ မိဘက ပံ့ပိုးပေးတယ်။ ကျွန်တော်က ကျတော့ ငယ်ငယ်ကတည်းက အမေတို့က အလုပ်ခိုင်းတယ်၊ အလုပ်နဲ့ အတူတူရှင်သန်ရတယ်၊ ကြီးပြင်းရတယ်။ အဓိက ပြည့်စုံခြင်းဆိုတာထက်ကို စနစ်တကျဖြစ်အောင် ကျွန်တော်တို့ဘဝကို အမေတို့က ထိန်း ကျောင်းခဲ့တာဆိုတော့ သက်ထင်ညိုလို လွတ်လပ်မှုမျိုးတော့မရခဲ့ဘူး။ သက်ထင်ညိုကကျတော့ လွတ်လပ်မှုအများကြီးရတယ်။ အဲဒီ လွတ်လပ်မှုထဲမှာမှ ဘေးနားမှာရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ ပြိုင်ဆိုင်လိုစိတ်ပါရှိတဲ့ ယောကျာ်းတစ်ယောက်ဆိုတော့ တော်တော်လေးကို ကြိုးစားပြီး ပြင်ဆင်ခဲ့ရပါတယ်။ 

Voice : ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ရဲ့ သရုပ်ဆောင်မှုအပေါ် ကိုယ့်ရဲ့အမြင်ကိုလည်း သုံးသပ်ပေးပါဦး။ 
NM : ဒီကားမှာ နှစ်ယောက်စလုံး ကောင်းကြတယ်။ တကယ်လည်း သရုပ်ဆောင်နိုင်ကြတယ်။ အဲ့ဒီထဲမှာမှ ကျွန်တော်က ရောပြီး ပါသွားတာပါ။ အဓိက သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုအပေါ်မှာ ကျွန်တော်က Follow လိုက်ရတဲ့ဇာတ်ရုပ်ပေါ့နော်။ သူတို့နှစ်ယောက်တော်လွန်းအားကြီးလို့ သက်ထင်ညိုဖြစ်တဲ့ ကျွန်တော်က ပီပြင်သွားတာပါ။ သူတို့နှစ်ယောက်ရဲ့ ဇာတ်ကောင်အပေါ်မှာ ရူးသွပ်ပြီးတော့ သူတို့ဇာတ်ရုပ်ကိုသူတို့ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ကျေးဇူးကြောင့် ကျွန်တော်လည်းပီပြင်သွားတယ်။ ဇာတ်အရလည်း သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုကြားမှာ ကျွန်တော်ကဘာလုပ်ရမှန်းမသိတဲ့ယောကျာ်းတစ် ယောက်ဖြစ်နေတာကိုး။ 

Voice : အနုပညာလှုပ်ရှားမှုတွေ ကျဲနေတယ်နော်၊ ပရိသတ်တွေက အားမလိုအားမရဖြစ်နေကြပြီ။ 
NM : ကျွန်တော့်မှာ ရှေ့ဆက်ရိုက်သွားဖို့ ဇာတ်လမ်းတွေလည်းအများကြီးရှိပါတယ်။ လက်ရှိမှာ ရိုက်ကူးဖို့ ပိုပြီးလည်း အားရှိသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ဟာသကားတွေခေတ်စားလာတဲ့အချိန်မှာ ကျွန်တော်တို့ ဘာရိုက်ရမှန်းမသိဘူး။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း အပြင် စီးပွားရေးလုပ်တဲ့ဘက်ကိုရောက်သွားတယ်။ လက်ရှိမှာတော့ ပရိသတ်ကလည်း ဇာတ်လမ်းတွေအပေါ်မှာ သေချာကြည့်လာကြတယ်။ တကယ်ဇာတ်ကောင်းလို့ရှိရင်ကောင်းသလို ပရိသတ်ရဲ့ အားပေးမှုကိုရလာကြတယ်။ ကျွန်တော်တို့မှာ ပြန်ပြီးတော့ကြိုးစားဖို့ ခွန်အားတွေရလာတာကြောင့် ဆက်တိုက်ပြန်လုပ်တော့မှာပါ။ 

Voice : ရုပ်ရည်က အရင်ကထက် ပိုနုပျိုလာသလိုပဲ၊ စီးပွားရေးတွေ အောင်မြင်နေတာကြောင့်လား။ 
NM : အရင်တုန်းက ကျွန်တော်တို့ ကြိုးစားခဲ့သမျှ၊ လုပ်ခဲ့သမျှ အနုပညာလမ်းကြောင်းမှာ ပရိသတ်ကို ကြည့်စေချင်တဲ့ဇာတ်ရုပ်တွေ အများကြီးပြင်ဆင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်လိုမှအခွင့်အလမ်းမရခဲ့တော့ ဇာတ်တွေကို ဝယ်ပြီးသိမ်းခဲ့ရတယ်။ ကိုယ်ပြင်ဆင်ခဲ့တဲ့အရာတွေကို လုပ်ခွင့်မရခဲ့တော့ စိတ်ပျက်ခဲ့တာပေါ့နော်။ အဲ့ဒါကြောင့် ရုပ်ကပါ ညစ် တွန်းတွန်းတဲ့ရုပ်တွေ ပေါက်ကုန်တာပေါ့။ လက်ရှိမှာတော့ တခြားစီးပွားရေးကလည်း အဆင်ပြေသလို ရုပ်ရှင်ကလည်း ကျွန်တော်တို့ရိုက်ချင်တဲ့ပုံစံမျိုးတွေကို ပရိသတ်ကအားပေးလာတော့ အနုပညာကိုလည်း တက်တက်ကြွကြွနဲ့ ပြန်လုပ်ချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ အဲ့ဒါကြောင့် ရုပ်က နုလာတယ်ထင်ပါတယ်။ 

Voice : လူပျိုကြီးဘဝကနေ အစွံထုတ်ဖို့မကြိုးစားသေးဘူးလား၊ အချစ်ရေးက ကံမကောင်းသေးဘူးလား။ 
NM : အချစ်ရေးက ကံမကောင်းတာမဟုတ်ဘူး၊ ဇာတာမပါတာလို့ ပြောရမယ်။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စီးပွားရေးလုပ်ဖြစ်တဲ့အခါမှာ အချိန်တွေအားလုံးကို ပေးလိုက်ရတယ်။ အဲဒါကြောင့် မတွေးဖြစ်တော့ဘူး။ အချစ်နဲ့ပတ်သက်ပြီး ခေါင်းထဲမှာ စဉ်းစားဖို့ အချိန်မရှိတာပေါ့။ မတွေးဖြစ်တော့ မပင်ပန်းတော့ဘူး၊ မပင်ပန်းတော့ ရုပ်က နုပျိုလာတာပေါ့နော်။ နောက်တစ်ခုက ဘဝက ကိုယ်ထင်သလို ဖြစ်လာတာမှမဟုတ်တာလေ။ သူဖြစ်ချင်သလို ဖြစ်တာပဲဆိုတော့ ဖြစ်ချင်သလိုဖြစ်တဲ့ အခြေအနေအပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းရမှာပေါ့။ တစ်ချိန်ချိန်မှာတော့ သူ့ဘာသာသူ ဖြစ်ချင်ဖြစ်လာမှာပေါ့နော်။

သန့်ဇင်ဦး