News

POST TYPE

INTERVIEW

စည်သူလွင်နဲ့ တွေ့ဆုံခြင်း
22-Nov-2018

“သူများသီချင်းတွေ ပြန်ဆိုတဲ့အခါမှာလည်း အဆိုတော်ကြီးတွေထက် ငါသာအောင်ဆိုမယ်၊ ဘယ်လိုလုပ်ပြမယ်ဆိုတဲ့ စိတ်မရှိပါဘူး”



တေးသံရှင်စည်သူလွင်နဲ့ တွေ့ဆုံပြီး “A Part Of Me” ရှိုးပွဲရဲ့ အောင်မြင်မှုအပေါ်ခံစားမှု၊ ပြန်ဆိုတေးတွေသီဆိုတဲ့အခါမှာ သတိထားရမယ့်အကြောင်းတွေနဲ့ တေးရေးဆရာကိုလေးလွင်ရဲ့ သီချင်းဟောင်းတွေကို ပြန်လည်သီဆိုထားတဲ့ စီးရီးအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : အဆိုတော်ကြီးတွေရဲ့  အောင်မြင်ခဲ့တဲ့ သီချင်းကောင်းတွေကို ကိုစည်သူလွင် ပြန်လည်သီဆို ဖျော်ဖြေတဲ့ “A Part Of Me” ရှိုးပွဲက အောင်မြင်မှုရခဲ့တဲ့အပေါ် ဘယ်လိုခံစားမှုရှိလဲ။
STL : ဒီပွဲမှာ သီဆိုဖျော်ဖြေခဲ့ရတာကို ကျွန်တော်ကိုယ်တိုင်လည်း ကျေနပ်အားရပါတယ်။ ပရိသတ်တွေသိခဲ့တဲ့ သီချင်းတွေကိုပဲ စုစည်းပြီးတော့ ဖျော်ဖြေခဲ့တဲ့အတွက် စင်အောက်က ပရိသတ်တွေပါ ကျွန်တော်နဲ့အတူတူ ပျော်ပျော်ပါးပါးလိုက်ဆိုလို့ရခဲ့တာပေါ့နော်။ ကျွန်တော့်အတွေးကကျတော့ ရှိုးတစ်ခုနဲ့တစ်ခု တင်ဆက်ပုံချင်း မတူချင်တဲ့အတွက် ဒီတစ်ခေါက်မှာ တစ်ချိန်က Hit ဖြစ်ခဲ့တဲ့ သီချင်းတွေကိုပဲဆိုဖြစ်တာပေါ့နော်။ ပွဲလာကြည့်တဲ့ ပရိသတ်တချို့ကတော့ ကျွန်တော့်ကိုယ်ပိုင်သီချင်းတွေလည်း များများဆိုစေချင်ကြတယ်။ အဲဒါလေးတစ်ခုတော့ ကျွန်တော်လောဘကြီးသွားတယ်။ သူများသီချင်းတွေဆိုတာများသွားတယ်။ နောက်ပွဲတွေကျရင် ကိုယ့်ကိုယ်ပိုင်သီချင်းတွေလည်း များများပါအောင် ဖျော်ဖြေတင်ဆက်သွားဖို့  စဉ်းစားထားပါတယ်။

Voice : ပြန်ဆိုတေး ဂယက်တွေက အခုချိန်အထိ ရှိနေတုန်းပဲနော်။ ကိုခင်မောင်တိုးသီချင်းကို ပြန်ဆိုတဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ဆို တော်တော်ဝေဖန်ခံခဲ့ရတယ်။ ကိုစည်သူလွင်ရော သူများသီချင်းတွေ ပြန်ဆိုတဲ့အခါမှာ စိုးရိမ်စိတ်ရောရှိခဲ့သေးလား။
STL : ကျွန်တော့်မှာတော့ အဲဒီလို စိုးရိမ်စိတ်မရှိပါဘူး။ ကျွန်တော်ကတော့ ဘယ်သူတွေ ဘယ်လိုပဲပြောပြော ကိုယ့်စိတ်ကသာ အရေးအကြီးဆုံးလို့ ထင်ပါတယ်။ ကျွန်တော်တို့ကကျတော့ ကိုယ့်ရှေ့က စီနီယာအဆိုတော် ကြီးတွေကို တကယ်လည်းလေးစားခဲ့ရတယ်။ တကယ်လည်းအားကျခဲ့ရတယ်။ သူတို့သီချင်းတွေကို တကယ်ကြိုက်လို့လည်းရွေးချယ်ပြီး သီဆိုတာပါ။ ကိုယ်ဆိုတဲ့အခါမှာ တတ်နိုင်သမျှ မူရင်းအရသာလေး မပျက်အောင်လည်း ကျွန်တော်ဂရုစိုက်ပါတယ်။ ကိုယ့်ဘက်က လိပ်ပြာသန့်သန့်နဲ့ လုပ်ခဲ့တဲ့အတွက် သီချင်းဟောင်းတွေ ပြန်ဆိုတဲ့အပေါ်မှာ စိုးရိမ်စိတ် သိပ်မရှိပါဘူး။

Voice : ကိုစည်သူတို့လည်း ပြန်ဆိုတေးတွေအများကြီးဆိုခဲ့ဖူးပေမယ့် ဝေဖန်ခံရတာမျိုး သိပ်မရှိတာကျတော့ ဘာကြောင့်ဖြစ်မလဲ။
STL : ကျွန်တော်ကတော့ ပြန်ဆိုတေးဆိုတဲ့အခါမှာ တတ်နိုင်သလောက် ထိန်းတာကတော့ ကိုယ်က သူများသီချင်းကို ပြန်ဆိုတဲ့အခါမှာ ကိုယ့်ရဲ့ ဟန်လည်းပါရမယ်ဆိုပေမယ့် မူရင်းသီချင်းရဲ့ အရသာကိုတော့ မပြောင်းအောင် သတိထားပြီး ဆိုပါတယ်။ အဲဒီအတွက်ကြောင့် ပရိသတ်တွေက သူတို့ နားယဉ်ပြီးသားသီချင်းကို နောက်ထပ် Version အသစ်တစ်မျိုးနဲ့ ထူးထူးခြားခြားကြီးမခံစားရတဲ့အတွက် သူတို့ကြားဖူးနေကျသီချင်းက သူတို့နားထဲကို ရှောရှောရှူရှူနဲ့ ဝင်သွားတယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ လည်း သီချင်းတစ်ပုဒ်ကို Arrangement တွေပြောင်း၊ Version တွေ ပြောင်းပြီးဆိုတတ်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်းပြန်ဆိုတယ်ဆိုတာက မူရင်းအဆိုတော်ကို လေးစားလို့ရယ်၊ မူရင်းအရသာကို ပရိသတ်ကို ပြန်ပေးချင်တဲ့အတွက်ကြောင့်ပါ။ ကျွန်တော့်ရဲ့အသံ ၊ ကျွန်တော့်ရဲ့ဟန် နည်းနည်းပါတယ်။ သို့ပေမယ့်မူရင်းအရသာတော့ မပျောက်အောင် ရည်ရွယ်ပါတယ်။

Voice : ဒီသီချင်းကတော့ ကိုယ်နဲ့ မလိုက်ဖက်ဘူး၊ ပြန်မဆိုသင့်ဘူးဆိုပြီး ငြင်းခဲ့တဲ့ သီချင်းမျိုးရောရှိလား။
STL : တတ်နိုင်သမျှတော့ သီချင်းဟောင်းပြန်ဆိုဖို့ လာကမ်းလှမ်းရင် ကိုယ့်အသံနဲ့ လိုက်၊ မလိုက် အရင်စဉ်းစားပါတယ်။ ကိုယ်နဲ့ လုံးလုံးမလိုက်နိုင်ဘူးလို့ထင်ရင်တော့ မဆိုဖြစ်ပါဘူး။ ကိုယ်တတ်နိုင်သလောက် ကြိုးစား အားထုတ်ကြည့်လို့ အဆင်ပြေလောက်မယ်ထင်တဲ့ သီချင်းမျိုးဆိုရင်တော့ လက်ခံဖြစ်ပါတယ်။ မကြာခင်မှာလည်း တေးရေးဆရာ ကိုလေးလွင်ရဲ့ သီချင်းတွေကို ပြန်ဆိုထားတဲ့ “လေးစားရတဲ့ကိုလေးလွင်” ဆိုတဲ့ စီးရီးတစ်ခွေထွက်ဖို့ ရှိပါတယ်။ အဲဒီခွေလုပ်တာကတော့ကျွန်တော့် စိတ်ကူးနဲ့ လုပ်တာမဟုတ်ပါဘူး။ ချိုကြည်သာတေးသံသွင်းက အန်တီနီလာ စီစဉ်တာပါ။ ကျွန်တော်လုပ်ချင်တဲ့ခွေလေးတွေကိုလည်း အန်တီက အများကြီး ပံ့ပိုးပေးခဲ့တာရှိပါတယ်။ သင်္ကြန်ခွေတွေဆိုလည်း အန်တီလုပ်ပေးခဲ့တယ်။ ကိုလေးလွင် သီချင်းလေးတွေ သူပြန်လုပ်ချင်တယ်လို့ ပြောလာတော့လည်း ကျွန်တော်တတ်နိုင်သလောက် ပြန်ကူညီပေးတဲ့အနေနဲ့ ဆိုပေးတာပါ။

Voice : ကိုလေးလွင်သီချင်းတွေကလည်း အရမ်းပေါက်ခဲ့ဖူးတာတွေရှိတော့ ကိုယ်ပြန်ဆိုရတဲ့အပေါ်မှာရော တာဝန်ကြီးတယ်လို့ ခံစားရလား။
STL : ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကိုလေးလွင်သီချင်းတွေက ပြန်ဆိုရတာ တော်တော်တော့ တာဝန်ကြီးပါတယ်။ အန္တရာယ်လည်းများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုလေးလွင်သီချင်းတွေထဲကမှ ကျွန်တော့်ခွေထဲမှာပါမယ့် သီချင်းတွေက ဦးသန်းနိုင် (ပလေးဘွိုင်းသန်းနိုင်) သီချင်းတွေများပါတယ်။ ဦးသန်းနိုင်ဆိုတာ တကယ်ကိုတော်တဲ့ အဆိုတော်ကြီး တစ်ယောက်ပါ။ သီချင်းတွေအပေါ်မှာ သူ့ရဲ့ ခံစားသီဆိုမှုက ထူးခြားတယ်။ ခံစားမှု အရမ်းအားကောင်းတယ်။ ဒီသီချင်းတွေကို ပြန်ဆိုရမှာ ဖြစ်တဲ့အတွက် ကျွန်တော်စိုးရိမ်တယ်၊ စိတ်ပူတယ်။ ကျွန်တော် နှစ်ကြိမ်၊ သုံးကြိမ်လောက် ငြင်းပါသေးတယ်။ အန်တီနီလာကလည်း ဆိုဖို့ အတင်းတွန်းတဲ့အတွက် ဆိုခဲ့ပါတယ်။ ဆိုတဲ့အခါမှာလည်း သီချင်းရဲ့ မူရင်းအရသာမပျက်အောင်၊ ကိုယ့်ဟန်လေးလည်းပါအောင် ကြိုးစားပြီးဆိုခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီလိုသီချင်းမျိုးတွေက ကျွန်တော်နဲ့ သိပ်မလိုက်ဘူးထင်ပါတယ်။ 

Voice : ပြန်ဆိုတေးဆိုတဲ့အခါမှာ တချို့သီချင်းတွေက အစဉ်အလာအရ၊ အောင်မြင်မှုနောက်ခံသမိုင်းကြောင်းအရ ကိုယ်သွားထိလို့မရတဲ့ သီချင်းတွေရှိတယ်လို့ ကိုမာရဇ္ဇက ပြောဖူးတယ်။ 
STL : အဲဒါကို ကျွန်တော်လည်း လက်ခံပါတယ်။ အဆိုတော်တွေမှာ သူတိုရဲ Trademark သီချင်းတွေရှိတယ်။ အဲဒီသီချင်းမျိုးတွေက ဖြစ်နိုင်ရင် သွားမဆိုသင့်ဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ သီချင်းတစ်ပုဒ်ကို ကိုယ်က သိပ်ကြိုက်နေတယ်ဆိုရင် ငါ့ဘဝမှာ ဒီသီချင်းတာ့ဆိုဖူးချင်တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်မိတာပေါ့နော်။ အဲ့ဒီလို အခါမျိုးကျရင် ပြန်ဆိုဖူးတာတွေရှိတယ်။ အဲဒီလို ပြန်ဆိုတဲ့အခါမှာလည်း မူရင်းတေးသံရှင်လောက်တော့ ဘယ်လိုမှ ကောင်းမှာ မဟုတ်ဘူး။ အခုလည်း သူများသီချင်းတွေ ပြန်ဆိုတဲ့အခါမှာလည်း အဆိုတော်ကြီးတွေထက် ငါသာအောင်ဆိုမယ်၊ ဘယ်လိုလုပ်ပြမယ်ဆိုတဲ့ စိတ်မရှိပါဘူး။ ရှေ့ကဆိုခဲ့တဲ့ အဆိုတော်ကြီးတွေရဲ့ မူရင်းအရသာ မပျက်အောင်ပဲဆိုပါတယ်။

သန့်ဇင်ဦး