News

POST TYPE

INTERVIEW

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
21-Nov-2018

စွန့်ပစ်ပစ္စည်းနှင့် ကျန်းမာရေး

စွန့်ပစ်ပစ္စည်းများသည် လူမှုပတ်ဝန်းကျင်တွင် အန္တရာယ်ရှိသည့် အရာဝတ္ထုများဖြစ်သည်။ အချို့သောပစ္စည်းများသည် နှစ်ရှည်ပျက်စီးမှု မရှိခြင်းကြောင့် ကျန်းမာရေးအပြင် သဘာဝဘေးအန္တရာယ်များကို ဖြစ်စေနိုင်ပါသေးသည်။ ဥပမာ - ထိန်ပင်အမှိုက်ပုံ မီးလောင်မှုသည် ကြီးမားသည့်သာဓကတစ်ခုပင် ဖြစ်သည်။ အဆိုပါပစ္စည်းများကြောင့် လူမှုဘဝတစ်လျှောက် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေးဆိုးကျိုးများနှင့်ပတ်သက်၍ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : စွန့်ပစ်ပစ္စည်းတွေဆိုတာ ဘယ်လိုပစ္စည်းတွေကို ပြောလို့ရပါသလဲဆရာ။
Dr.KSO : စွန့်ပစ်ပစ္စည်းဆိုတာ လူတွေ သုံးဆောင်လိုက်တဲ့ပစ္စည်းတွေပေါ့။ ဘာတွေလဲဆိုတော့ အရည်နဲ့ အစိုင်အခဲတွေကိုပြောတာပါ။ အစိုင်အခဲဆိုတာက အမှိုက်၊ ပုလင်း၊ ဘူး၊ ကြွပ်ကြွပ်အိတ်တွေပါ။ အရည်ကတော့ စက်ရုံတွေကထွက်တဲ့ ရေဆိုးတွေ၊ အိမ်တွေကနေ အဝတ်လျှော်ပြီး ထွက်လာတဲ့ဆပ်ပြာရည်တွေ၊ တချို့က အက်စစ်ရည်တွေ စတဲ့ အညစ်အကြေးတွေပေါ့။ နောက်တစ်ပိုင်းက စွန့်ပစ်ပစ္စည်းမှာ သူ့ဘာသာသူ ပျက်စီးလွယ်သွားတာရှိတယ်။ အမှိုက်ကနေ မြေဆွေး ဖြစ်သွားတာလေ။ တချို့ကျတော့လည်း နှစ်ပေါင်း များစွာကို မပျက်စီးဘဲရှိနေတဲ့ ပလတ်စတစ်လိုမျိုးတွေ၊ ရေသန့်ဘူးတွေပေါ့။ နောက်ပြီး အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေက လူတွေကို ထိခိုက်စေတယ်။ ဒါတွေက လောင်ကျွမ်းစေနိုင်တာတွေ၊ အဆိပ်ရှိတဲ့ ဓာတ်ငွေ့တွေ စသဖြင့်ပြောလို့ရတယ်။ တကယ်တမ်းမှာ လူတွေကထွက်တဲ့ စွန့်ပစ်ပစ္စည်းက အင်မတန်မှ အရေးကြီးပါတယ်။ အဓိကတော့ ဝမ်းနဲ့မစင်ပေါ့။ ဒါတွေအတွက် အိမ်သာတွေကို စနစ်တကျ တည်ဆောက်ဖို့ လိုပါတယ်။ အဲဒါတွေကနေတစ်ဆင့် ရောဂါပိုးကူးစက်နိုင်တာကြောင့်ပါ။

Voice : ဟုတ်ကဲ့။ စွန့်ပစ်ပစ္စည်းတွေကတစ်ဆင့် ဖြစ်လာနိုင်တဲ့ရောဂါတွေက ဘာတွေဖြစ်မလဲဆရာ။
Dr.KSO : ဥပမာပြောရရင် လမ်းမှာအမှိုက်တွေ ပုံကြတယ်။ ဒီတော့ မြေထုညစ်ညမ်းတယ်ပေါ့။ အဲဒီလို ညစ်ညမ်းရာကနေ ရေထုရော၊ လေထုရော ညစ်ညမ်းတာတွေရှိတယ်။ ဒါတွေနဲ့ဆက်စပ်ပြီး ကျန်းမာရေး ညစ်ညမ်းတာဖြစ်တယ်။ လေထုညစ်ညမ်းတဲ့အခါ အဆိပ်အတောက်ရှိတဲ့ အခိုးအငွေ့၊ ဓာတ်ငွေ့ကိုရှူမိရင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါနဲ့ ဆီးချိုရောဂါတွေ ဆက်စပ်ဖြစ်တတ်တယ်။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးလာတဲ့ ကလေးတွေဆိုရင် ပေါင်မပြည့်ဘဲမွေးတာ၊ မွေးရာပါရောဂါတွေ ပါလာတွေဖြစ်တယ်။ ရေမသန့်တဲ့အခါမှာ ဝမ်းပျက် ဝမ်းလျှောတွေ ဖြစ်နိုင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သေချာမစွန့်ပစ်ရင် အမှိုက်သိမ်းတဲ့သူတွေနဲ့ တခြားလူတွေကို ရောဂါကူးစက်နိုင်ခြေရှိတယ်။ အကုန်လုံးက ဆက်စပ်မှုရှိနေပါတယ်။

Voice : စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေက ချက်ချင်းရောဂါလက္ခဏာ ပေါ်လာနိုင်ပါသလား။ ဘယ်လိုအရွယ်တွေက ထိခိုက်လွယ်နိုင်ပါသလဲ။
Dr.KSO : ညစ်ညမ်းမှုတွေကြောင့် ချက်ချင်းရောဂါ ဖြစ်မယ်လို့ မဆိုပါဘူး။ နိစ္စဓူဝ မသန့်ရှင်းတဲ့လေတွေ ရှူရပြီဆိုရင်တော့ ဆက်စပ်ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းမှာပဲဖြစ်ဖြစ် အသက်ငယ်တဲ့ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ခုခံအားကျတဲ့သူတွေနဲ့ နာတာ ရှည်ရောဂါရှိတဲ့သူတွေကတော့ အလွယ်တကူနဲ့ ထိခိုက်ခံစားရတယ်။ သူတို့တွေက ခုခံအားစနစ် အားနည်းတာရော၊ မဖွံ့ဖြိုးသေးတာတွေကြောင့်ပါ။

Voice : အခုနေရာတိုင်းမှာ ဒီလိုညစ်ညမ်းမှုတွေက များလာတာ တွေ့ရတယ်။ ဒါတွေကို လူထုအနေနဲ့ ဘယ်လိုကာကွယ်ပြီး နေထိုင်သင့်ပါသလဲ။
Dr.KSO : အိမ်ပြင်ပမှာ လေထုညစ်ညမ်းသလို အိမ်တွင်းမှာလည်း ဂရုစိုက်ဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့အိပ်ခန်းမှာ အမှုန်အမွှားတွေရှိတယ်၊ ဖုန်တွေတက်နေတယ်။ ဒါတွေကို သန့်ရှင်းအောင် မထားမိဘူး။ နေ့စဉ်ချက်နေတဲ့ ဟင်းချက်တဲ့အနံ့တွေ၊ ခြင်ဆေးအနံ့တွေ ရှူနေရတဲ့အတွက် အိမ်တွင်း လေထုညစ်ညမ်းမှုတွေ ဖြစ်စေပါတယ်။ အိမ်ပြင်ပမှာတော့ စက်ရုံ အလုပ်ရုံတွေကထွက်တဲ့ အခိုးအငွေ့တွေ၊ ကားအိတ်ဇောငွေ့တွေနဲ့ လေထုကို ညစ်ညမ်းစေတဲ့အရာတွေကို မဖြစ်ရလေအောင် လူတစ်ဦးချင်းစီက စလုပ်ရမယ်။ နိုင်ငံတော်အနေနဲ့လည်း တိကျတဲ့အမိန့်၊ စည်းကမ်းတွေနဲ့ ဥပဒေစိုးမိုးမှုရှိအောင် လုပ်ဖို့လိုပါတယ်။ တိကျတဲ့ဥပဒေနဲ့ အရေးယူဆောင်ရွက်မှသာ ဒါတွေက လျော့ကျသွားနိုင်မှာပါ။

Voice : လူထုအတွက် သတင်းစကား ပါးပေးပါဦးဆရာ။
Dr.KSO : လူထုတွေအနေနဲ့ ကိုယ်လုပ်နိုင်တာကို လုပ်စေချင်တယ်။ အမှိုက်ပစ်တဲ့အခါ အမှိုက်စို၊ အမှိုက်ခြောက် ခွဲပစ်ဖို့ပေါ့။ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်တွေကို လိုက်နာတတ်ဖို့ ပညာပေးတာတွေ လုပ်သင့်တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်သူလူထု ပါဝင်လာအောင် ဒီထက်မက ဝိုင်းဝန်းဆောင်ရွက်ပေးရင် အင်မတန်ကောင်းမွန်လာမှာပါ။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ