News

POST TYPE

INTERVIEW

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၂) ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးရဲမင်းသိမ်းနှင့်တွေ့ဆုံခြင်း
20-Nov-2018

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမဲဆန္ဒနယ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ် နှင့် ပါတီဝင်နှစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဆိပ်ကမ်းမြို့နယ်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးရဲမင်းသိမ်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (က) နှင့် နိုဝင်ဘာလ ၁၇ ရက်က ဆိပ်ကမ်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်ခဲ့သူ ဦးရဲမင်းသိမ်းကို The Voice သတင်းစာက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : ကြားဖြတ်ရွေးကောက်ပွဲမှာ USDP ပါတီက အနိုင်ရကိုယ်စားလှယ်သုံးဦးကို ဘာကြောင့် အမှုဖွင့်ဖြစ်တာလဲ။ 
UYMT : အကြောင်းခြင်းအရာက မပြောချင်တော့ဘူး။ ပုဒ်မကတော့ ၅၈ (က) နဲ့ တရားစွဲထားတယ်။ ဒီပုဒ်မက ရွေးကောက်ပွဲကို အသုံးပြုပြီးတော့ မတရားရယူတဲ့အထဲမှာ ပါတယ်။ ချေးငွေကိစ္စတွေက အခုချိန်ပြောရင် စောသေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေ ဘာမှ မပြောချင်ဘူး။

Voice : ချေးငွေကိစ္စကြောင့် ဦးနေမျိုးအောင်ကို အမှုဖွင့်တယ်လို့ သိရတယ်။ ကျန်တဲ့နှစ်ယောက်ကို ဘာလို့ တရားစွဲတာလဲ။
UYMT : ကျန်နှစ်ယောက်ပါ ဘာကြောင့် အမှုဖွင့်လဲကို အဲဒါကပြောလို့မရသေးဘူး။ ရဲကစစ်ဆေးနေတုန်းပါ။ ဆိပ်ကမ်းမဲဆန္ဒနယ်က ဦးနေမျိုးအောင်ရယ်၊ ပါတီဘဏ္ဍာရေးမှူး ဒေါ်တိုးတိုးလွင် အပါအဝင် မေထွဋ် အသေးစားချေးငွေကုမ္ပဏီ ဒါရိုက်တာ ဦးလင်းအောင်အောင် သုံးဦးကို အမှုဖွင့်ထားတာပါ။

Voice : ဘယ်လို့ရည်ရွယ်ချက်နဲ့ အမှုဖွင့်ဖြစ်တာလဲ။ 
UYMT : ကျွန်တော် အမှုဖွင့်ရတဲ့ ရည်ရွယ်ချက်က စစ်မှန်တဲ့ ဒီမိုကရေစီတစ်ခုလမ်းကြောင်းပေါ်မှာ တရားမျှတမှုရှိပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ပေါ်ဖို့ ဥပဒေအတိုင်း ဆောင်ရွက်တာပါ။ ဥပဒေအတိုင်း တိုင်ကြားတာပါ။ စစ်မှန်တဲ့ ရွေးကောက်ပွဲ၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပါ။ ပုဂ္ဂိုလ်ရေးအရ တိုင်တာမဟုတ်ပါဘူး။

Voice : ရွေးကောက်ပွဲက ၃ ရက်နေ့ပြီးတယ် ၁၇ ရက်နေ့မှ တိုင်တယ်ဆိုတာက ဘယ်လိုအချက်အလက်တွေရပြီး တိုင်ကြားခဲ့တာလဲ။
UYMT : အွန်လိုင်းတွေမှာ မဇ္ဓျိမသတင်းဌာန၊ Myanmar Now သတင်းဌာနတွေမှာ ဖော်ပြထားတာတွေရှိတယ်။ ဖော်ပြထားတဲ့အပေါ် မူတည်ပြီးတော့ လေ့လာပြီးမှ အမှုဖွင့်ဖြစ်တာပါ။ လူကြီးတွေ ခွင့်ပြုချက်ယူပြီးမှ အမှုဖွင့်ဖြစ်တာပါ။

Voice : ဘာများ ဖြည့်စွက်ပြောကြားချင်လဲ။ 
UYMT : အမှုက သုံးယောက်ဖွင့်ထားပါတယ်။ အခုရဲမှာ အမှုဖွင့်ထားပြီးပြီ၊ ရဲပြီးရင် ထပ်ပြီး တရားစွဲသွားမယ်။ အမှုနဲ့ပတ်သက်ပြီး လုပ်ဖြစ်တာက စစ်မှန်တဲ့ ရွေးကောက်ပွဲ လိုချင်လို့ပါ။ ဆိပ်ကမ်းမြို့မရဲစခန်းမှာပဲ အမှုဖွင့်တာပါ။

ခင်မြတ်မြတ်ဝေ

(The Voice သတင်းစာက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲအနိုင်ရသူ ဦးနေမျိုးအောင်နှင့် ပါတီမှပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်နှင့် ဆက်သွယ်မေးမြန်းဖော်ပြရန် ကြိုးစားခဲ့သော်လည်း မရခဲ့သဖြင့် အမှုဖွင့်သူနှင့်သာ ဆက်သွယ်မေးမြန်းဖော်ပြပါသည်။)