News

POST TYPE

INTERVIEW

ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
14-Nov-2018
လူငယ်နှင့် ဆီးချို

ဆီးချိုရောဂါဖြစ်ပွားမှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်ထက်ပို၍ လူငယ်များတွင် ဖြစ်ပွားမှုများနေသည်။ ထိုရောဂါဖြစ်ပွားမှုသည် အစားအသောက် အနေအထိုင် ပြောင်းလဲမှုများကြောင့်ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ပွားမှုများနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိနိုင်ရန် အထွေထွေ ရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် The Voice Daily က တွေ့ဆုံမေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆီးချိုရောဂါ ဖြစ်ပွားပုံကို ရှင်းပြပေးပါဦး။
Dr.MAKN : ခန္ဓာကိုယ်ထဲ၊ သွေးထဲမှာရှိသင့်တဲ့ အချိုဓာတ် ပမာဏထက် များနေတော့ ဆီးထဲမှာ အချိုဓာတ်တွေ ပါလာတာကို ပြောတာဖြစ်တယ်။ ရှိသင့်ရှိထိုက်တဲ့ ပမာဏထက် များနေတဲ့အကြောင်းအရင်း နှစ်မျိုးရှိတယ်။ အချိုဓာတ်ကိုထိန်းတဲ့ အင်ဆူလင်ဓာတ်က ခန္ဓကိုယ်ထဲမှာရှိတဲ့ ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်ကနေ မထုတ်လုပ်နိုင်တော့တဲ့အခါမှာ အချိုဓာတ်တွေ မြင့်တက်တယ်။ ဒါကို အမျိုးအစား ၁ ဆီးချိုရောဂါလို့ ခေါ်တယ်။ အမျိုးအစား ၂ ဆီးချိုရောဂါက ခန္ဓာကိုယ်ထဲက ဆီးချိုထိန်းနိုင်တဲ့ အင်ဆူလင်ဓာတ်ကို ထုတ်တော့ထုတ်ပေမယ့် လုပ်ငန်းလုပ်တဲ့အခါမှာ အဟန့်အတား၊ အနှောင့်အယှက်ဖြစ်နေတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အချိုဓာတ်ကို ထိန်းသိမ်းမှုမပြုနိုင်ဘူး။ ပတ်ဝန်းကျင်မှာ အများစုဖြစ်တာ၊ ဖြစ်မှုမြင့်တက်တာသည် ဆီးချိုရောဂါတွေသည် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်တယ်။ သူက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆီးချိုထိန်းတဲ့ဓာတ်သည် ရောက်ရှိလာတဲ့ အချိုဓာတ်တွေကို ထိန်းသိမ်းမှု မပြုနိုင်တော့ဘူး။ အမျိုးအစား ၁ က အကြောင်းအမျိုးမျိုးကြောင့် ပန်ကရိယထိခိုက်ပျက်စီးသူတွေမှာ အချိုဓာတ် မထိန်းနိုင်ဘူး။ အဲဒီလိုလူနာတွေကို ကုသမှုမှာတော့ အင်ဆူလင်လို့ခေါ်တဲ့ ထိုးဆေးထိုးခြင်းကို အဓိကထား ကုသမှုပေးရတယ်။

Voice : အခုနောက်ပိုင်း လူငယ်တွေမှာ ဆီးချိုရောဂါ အဖြစ်များလာတာ ဘာကြောင့်ပါလဲ ဆရာ။
Dr.MAKN : ဒါက အမျိုးအစား ၁ ဆီးချိုရောဂါသည် မုန့်ချိုအိတ် ထိခိုက်ပျက်စီးလို့ဖြစ်တဲ့အတွက် အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ လူငယ်တွေမှာလည်း ဖြစ်တာတွေ့ရတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါက အချိုဓာတ်ထိန်းတဲ့နေရာမှာ အခက်အခဲဖြစ်တယ်။ သူသည် အရင်တုန်းကတော့ အသက် ၄၀ ကျော်မှာဖြစ်တယ်။ လူကြီးတွေမှာဖြစ်တဲ့ရောဂါလို့ သတ်မှတ်ထားတယ်။ အခုနောက်ပိုင်းမှာတော့ အသက် ၂၀ ကျော်မှာ တွေ့လာရတာ အများကြီးပဲ။ ဘာကြောင့်ဖြစ်သလဲဆိုတော့ ဆီးချိုဓာတ်ထိန်းတဲ့ဓာတ်ကို အဟန့်အတား အနှောင့်အယှက်တွေ ပေါ်လာတဲ့အတွက်ပါ။ နောက်ပြီး အစားအသောက်၊ အနေအထိုင် ပြောင်းလဲလာလို့ပါ။ လူနေမှုပုံစံ ပြောင်းလဲလာလို့ပါ။

Voice : အမျိုးအစား ၂ ဆီးချိုရောဂါက အဖြစ်များ တယ်ဆိုတဲ့ အချက်လေးတွေကို ရှင်းပြပေးပါဦးဆရာ။
Dr.MAKN : အမျိုးအစား ၂ က ဘာနဲ့ဆက်စပ်သလဲဆိုတော့ ဝခြင်း၊ အဆီများခြင်း၊ ကိုယ်လက် လှုပ်ရှားမှုမပြုခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိတာ တွေ့ရတယ်။ ကျန်းမာအောင် မစားသောက်တာတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကြောင့် လူငယ်တွေမှာ တွေ့ရတယ်လို့ ယူဆတယ်။ နောက်တစ်ခုက အချိုစားသုံးမှုမြင့်လာတယ်။ အဓိကတော့ ကော်ဖီမစ်နဲ့ အအေးတွေက ပေါပေါနဲ့ လွယ်လွယ်သောက်နိုင်တဲ့ သရေစာအုပ်စုဖြစ်တယ်။ အချိုစားသုံးတာ မြင့်လာတဲ့အတွက် တစ်ဖက်ကကြည့်ရင် အမျိုးအစား ၂ က ဖြစ်တာမြင့်လာတယ်။ ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အချိုဓာတ်တွေကို သုံးစွဲတဲ့နေရာမှာ လျော့ကျသွားတဲ့အတွက် အချိုဓာတ် မြင့်မားလာတယ်။ ပုံမှန်အားဖြင့် အချိုဓာတ်က ခန္ဓာကိုယ်ထဲမှာ စွမ်းအင်အတွက် မရှိမဖြစ်လိုတယ်။ အဲဒီအချိုဓာတ်က အစားအသောက်မှာပါတဲ့ ကစီဓာတ်တွေကနေချေဖျက်ပြီး အချိုဓာတ်ကို ခန္ဓာကိုယ်ရဲ့ စွမ်းအင်အဖြစ် အသုံးချတယ်။ ပိုလျှံတာတွေကိုတော့ သိမ်းဆည်းထားတယ်။ အချိုဓာတ်တွေ အများကြီးထားရင် ခန္ဓာကိုယ်ရဲ့ သွေးကြောနံရံတွေ ပျက်စီးတတ်တော့ သိမ်းတာများလာတဲ့အခါ အဆီဓာတ်တွေက များလာပြီး အချိုဓာတ်ကို ဆက်မထိန်းနိုင်တော့ဘူး။ အနေအထိုင်နဲ့လည်းဆိုင်တယ် ဆိုတဲ့အခါကျတော့ အရင်က အသက် ၄၀ ကျော်လောက်ဆို အခုက အသက် ၂၀၊ ၂၅ လူငယ်တွေမှာပါ ဖြစ်တာတွေ့ရတယ်။ သုတေသနရလဒ်တွေအရ Childhood Obesity လို့ခေါ်တဲ့ လူငယ်ဘဝတည်းက အဝလွန်တဲ့ကလေးတွေ များလာတဲ့အတွက်ပါ။ ဒါကြောင့် အစားအသောက် အနေအထိုင်က တိုက်ရိုက်ပတ်သက်ပါတယ်။

Voice : အသက်ငယ်တဲ့ကလေးမှာ ဆီးချိုရောဂါ ဖြစ်လာပြီဆိုရင် ဘယ်လိုခွဲခြားသိနိုင်ပါသလဲ။
Dr.MAKN : ကလေးတွေမှာ ဆီးချိုရောဂါဖြစ်ပြီဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ ခွဲခြားဖို့လိုတယ်။ မုန့်ချိုအိတ်ရောင်ရမ်းထိခိုက်လား၊ မုန့်ချိုအိတ်ကြောင့် ဆီးချိုထိန်းတဲ့ဓာတ်ကို မထုတ်နိုင်ဘူးဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါဖြစ်မယ်။ အဲဒီအခါမှာ လူငယ်ပေမယ့် အင်ဆူလင် ဆေးထိုး ကုသပေးရမယ်။ အင်ဆူလင်ထိုး ကုသဖို့မလိုတဲ့ ကလေးဆီးချိုရောဂါကို အမျိုးအစား ၂ ဆီးချိုရောဂါလို့ ဆိုတယ်။ ဒီတော့ကလေးတစ်ယောက်မှာ ဆီးချိုရောဂါဖြစ်၊ မဖြစ် အမျိုးအစားခွဲခြားဖို့ လိုအပ်တယ်။

Voice : ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုရောဂါတွေ ဆက်စပ်ဖြစ်ပေါ်လာနိုင်ပါသလဲ။
Dr.MAKN : ဆီးချိုရောဂါရဲ့ သဘောကတော့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အချိုဓာတ်ကို သာမန်အခြေအနေရအောင် ထိန်းသိမ်းမှုမပြုနိုင်ဘူး။ သွေးကြောထဲမှာ များနေတယ်၊ ကျောက်ကပ်ကိုရောက်ဖို့ အချိုဓာတ်တွေက သွေးထဲမှာလှည့်ပတ်ပြီး ရောက်ရှိတယ်၊ သွေးကြော နံရံတွေက ဖျက်ဆီးတယ်၊ ခန္ဓာကိုယ်က ပြန်ပြင်လိုက်၊ ဖျက်လိုက်နဲ့ ကြာတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ သွေးကြောတွေ ကျဉ်းလာတယ်။ ဘယ်လိုထိခိုက်သလဲဆိုတော့ တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းမြောင်းပိတ်ဆို့စေတယ်။ လတ်တလောဖြစ်တာ မဟုတ်ဘူး။ နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာ ထိခိုက်ပျက်စီးတာ။ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်သွေးကြောကျဉ်းပြီး လေဖြတ်တာ၊ မျက်စိသွားတဲ့ သွေးကြောထိရင် အမြင်အာရုံထိခိုက်တာ၊ နှလုံးသွားတဲ့ သွေးကြောထိရင် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်တယ်။ ကျောက်ကပ်သွားတဲ့ သွေးကြောထိရင် ကျောက်ကပ်ထိခိုက်ပျက်စီးပြီးတော့ ကျောက်ကပ်ဆေးရတာ ဖြစ်နိုင်တယ်။ ခြေ၊ လက်သွားတဲ့ သွေးကြောကျဉ်းပြီးပိတ်ရင် ပိုးဝင်ပြီး ခြေပုပ်၊ လက်ပုပ်ရောဂါဖြစ်နိုင်တယ်။ ဆီးချိုရောဂါက သွေးကြောနံရံတွေ ထိခိုက်ကျဉ်းမြောင်းပိတ်ဆို့စေတဲ့အတွက် တစ်ကိုယ်လုံးမှာ ဖြစ်နိုင်တယ်။ သတ်မှတ်တဲ့ဘောင်ထဲမှာ ထိန်းသိမ်းရင်တော့ နောက်ဆက်တွဲ ရောဂါတွေမဖြစ်အောင် ကာကွယ်ရာရောက်မယ်။ တစ်ဖက်ကလည်း ခန္ဓာကိုယ်ဝတဲ့သူတွေနဲ့ ဆက်စပ်မှုရှိတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ တချို့ကင်ဆာ ဖြစ်ပွားနှုန်းများတာ တွေ့ရတယ်။ ရင်သားကင်ဆာ၊ သားအိမ်ကိုယ်ထည်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာတွေဖြစ်တယ်။ ကင်ဆာရောဂါတွေက အဝလွန်တာ၊ ဆီးချိုရှိတာနဲ့ ဆက်စပ်နေတယ်။

Voice : ဆီးချိုရောဂါရဲ့ လက္ခဏာတွေကရော။
Dr.MAKN : အစပျိုးလက္ခဏာတွေက သတိပြုမိတတ်သလို သတိမပြုမိတတ်တာလည်း ရှိတယ်။ သတ်မှတ်ထားတဲ့ ပမာဏကျော်ရင် ကျောက်ကပ် အပြင်ကို အချိုတွေ အကုန်လုံး စွန့်ထုတ်တယ်။ အချိုနဲ့ အတူ ရေကိုပါဆွဲပြီး ယူချသွားတယ်။ ဒီတော့ ဆီးသွားတာများတယ်။ ဆီးချိုစဖြစ်သူရဲ့ ပထမဆုံး လက္ခဏာက ဆီသွားတာ တအားများတယ်။ ဆီးသွားများတော့ ရေငတ်ပြီး အာခြောက်တယ်။ ရေပြန်သောက်ရတယ်။ ဒီတော့ ရေပိုသောက်ဖြစ်တယ်။ ဆီးပိုသွားတယ်။ တချို့ဆို အချိုဓာတ်ကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် အသုံးမချနိုင်တဲ့အခါမှာ ဝိတ်ကျတယ်။ အစားအသောက်ကတော့ မပျက်ဘူး။ နောက်ပြီး ကိုယ့်မှာမျိုးရိုးရှိတယ်၊ အချိုကို ပုံမှန်ထက် ပိုစားချင်တဲ့စိတ်၊ အရင်ကမကြိုက်ပေမယ့် နောက်ပိုင်းမှာ ကြိုက်လာတယ်။ ရောဂါလက္ခဏာတွေက မထင်ရှားဘဲ အကြောင်းအမျိုးမျိုးနဲ့ ဆီးစစ်လိုက်မှပဲ ရောဂါဖြစ်နေတာ တွေ့ရတယ်။ သတိပြုသင့်တာက ပုံမှန်ထက်ဆီးသွားပြီ၊ ညဘက် အိပ်ပျော်တဲ့အခါ ခဏခဏ ဆီးသွားရရင် အာခြောက်ပြီး ရေသောက်နေရပြီဆိုရင်တော့ ဆီးချိုစစ်သင့်တယ်။

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.MAKN : ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတယ်။ ဆီးချိုရောဂါက ကာကွယ်နိုင်တဲ့ အမျိုးအစားထဲမှာပါတယ်။ အစားအသောက် အနေအထိုင်ရော၊ အဝမလွန်အောင်လုပ်တဲ့ နည်းစနစ်တွေရော လိုက်နာသင့်တယ်။ ဒီတော့ အရက်၊ ကွမ်း၊ ဆေးလိပ် ရှောင်ပါ။ အဆီနဲ့ အချိုကိုရှောင်ပါ။ ဆန်၊ ဂျုံနဲ့လုပ်တဲ့ ကစီဓာတ်ပါတာတွေ လျှော့စားပါ။ အငန်လျှော့စားပါ။ အသီးအရွက် ပိုစားပါ။ ကိုယ်လက်လှုပ်ရှားမှုပြုပါ။ ခန္ဓာကိုယ် အလေးချိန်ကို စစ်ဆေးနေခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ