News

POST TYPE

INTERVIEW

သရုပ်ဆောင် ဇဏ်ခီ၊ ဒါရိုက်တာ ခရစ္စတီးနားခီတို့နဲ့တွေ့ဆုံခြင်း
14-Nov-2018
“ကျွန်တော်နဲ့တွဲဖက်သရုပ်ဆောင်ရမယ့် မင်းသမီးအတွက်လည်း စိန်ခေါ်မှုများတဲ့ ဇာတ်ကားပါ” - ဇဏ်ခီ

“အချစ်ကားလည်းကြိုက်တယ်။ အချစ်ကားလည်းအရမ်းကြည့်ဖြစ်ပါတယ်” - ခရစ္စတီးနားခီ 



မြန်မာ့ရုပ်ရှင်လောကကို ရိုက်ခတ်မှုများစွာဖြစ်စေခဲ့တဲ့ “မုဒြာရဲ့ခေါ်သံ”၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေကို ဖန်တီးခဲ့တဲ့သရုပ်ဆောင် ဇဏ်ခီ၊ ဒါရိုက်တာ ခရစ္စတီးနားခီတို့နဲ့တွေ့ဆုံပြီး ဒီဇင်ဘာလအတွင်း ရိုက်ကူးတော့မယ့် “Now And Ever” ရုပ်ရှင်အကြောင်း၊ သရုပ်ဆောင်ရွေးချယ်မှုအကြောင်းနဲ့ ခေတ်လွန်ရုပ်ရှင်ကားတစ်ကား ရိုက်ဖို့ရှိတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “Now And Ever”ရုပ်ရှင်အတွက် သရုပ်ဆောင်တွေရွေးချယ်တဲ့အပိုင်း ပြီးသွားပြီလား။
CK : ဒီဇာတ်ကားအတွက် သရုပ်ဆောင်တွေ တော်တော်များများကတော့ ရွေးချယ်ပြီးပြီပေါ့နော်။ အခုလောလောဆယ်ကတော့ အဓိကဇာတ်ကောင်တစ်နေရာအတွက် သုံးယောက်ထဲက ဘယ်တစ်ယောက်ကို ရွေးမလဲဆိုတာကို စဉ်းစားနေပါတယ်။ ရွေးပြီးတဲ့သူတော်တော်များများကိုတော့ စာချုပ်တောင်စချုပ်နေကြပြီဆိုတော့ အဆင်ပြေနေပါပြီ။ ဇာတ်ကားအတွက် Location ပိုင်းတွေလည်း သွားကြည့်ထားပြီးပါပြီ။ 

Voice : ဇာတ်ကားအတွက် သရုပ်ဆောင်ဘယ်နှယောက်လောက် ရွေးချယ်ထားလဲ။
CK : ဘယ်နှယောက်ရွေးမယ်လို့တော့ မှန်းထားတာမရှိပါဘူး။ ဒီဇာတ်ကားမှာ ပါဝင်ရမယ့် ဇာတ်ကောင်ကလည်း ရှစ်ယောက်၊ ကိုးယောက်လောက်ပဲရှိပါတယ်။ မင်းသားကတော့ ကိုဇဏ်ပေါ့နော်။ မင်းသမီးလည်း ရွေးပြီးသွားပြီ။ ဇာတ်ပို့အနေနဲ့ကတော့ တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ အန်ကယ်ကြီးနှစ်ယောက်ကိုလည်း ကမ်းလှမ်းထားပါတယ်။ တစ်ယောက်ကတော့ လုပ်ပေးမယ်လို့ပြောပါတယ်။ နောက်တစ်ယောက်ဆီကတော့ အဖြေစောင့်နေပါတယ်။

Voice : ဒီဇာတ်ကားမှာ ကိုဇဏ်ခီနဲ့တွဲရမယ့် မင်းသမီးကိုရော ပြောပြလို့ရမလား။
ZK : ဒီဇာတ်ကားအတွက် မင်းသမီးဘယ်သူဖြစ်မလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ ဇာတ်ကားမှာပါဝင်မယ့်သူတွေကိုတော့ Now And Ever ရုပ်ရှင်ရဲ့ Facebook Page ကနေ တစ်ပတ်ကို တစ်ယောက်နှုန်းလောက်နဲ့ ကြေညာပေးသွားမှာပါ။ မင်းသမီးကိုတော့ နောက်ဆုံးကျတော့မှ ကြေညာပေးပါမယ်။ ဇာတ်ကားကတော့ ဒီဇင်ဘာလလယ်ပိုင်းလောက်မှာ စရိုက်ပါမယ်။ ဒီမတိုင်ခင်ကတော့ Pre Production ပိုင်းတွေ ကျွန်တော်တို့လုပ်ပါမယ်။

Voice : ဒီဇာတ်ကားက Romance ဇာတ်ကားလို့လည်း ပြောထားဖူးတယ်နော်။ ဘယ်လိုအချစ်ဇာတ်လမ်းမျိုးဖြစ်မလဲ။
ZK : ဒီဇာတ်ကားအတွက် ကျွန်တော်ဇာတ်ညွှန်းရေးကတည်းက၊ ကာရိုက်တွေကိုပုံဖော်ကတည်းက နည်းနည်းကြောက်တယ်၊ စိတ်လှုပ်ရှားတယ်။ ကျွန်တော်တစ်ခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာမျိုးဖြစ်နေတော့ နည်းနည်းလည်းခက်ပါတယ်။ ကျွန်တော်နဲ့တွဲဖက်သရုပ်ဆောင်ရမယ့် မင်းသမီးအတွက်လည်း စိန်ခေါ်မှုများတဲ့ ဇာတ်ကားပါ။ ဇာတ်အိမ်ကလည်း နက်ရှိုင်းတယ်။ မထင်မှတ်ထားတဲ့ အချစ်ဇာတ်ကားမျိုးပါ။ အချစ်ကားလို့ပြောလိုက်ရင် လူတွေက လှလှပပနဲ့ ပျော်ပျော်ရွှင်ရွှင် သရုပ်ဆောင်ရမယ်လို့ ထင်ကြတယ်။ ဒီကားကကျတော့ မလှမပနဲ့ အချစ်တစ်ခုကိုရအောင် တည်ဆောက်ရတဲ့ ဇာတ်လမ်းမျိုးပါ။

Voice : ဒီအရွယ်မှာ အချစ်ကားရိုက်ရတဲ့ ခံစားချက်ကရော ဘယ်လိုရှိလဲ။
ZK : ဒီအရွယ်မှာ အချစ်ကားရိုက်ရတာမိုက်ပါတယ်။ ပိုပြီးတော့ ခံစားချက်တွေ ပြည့်ဝနေတာပေါ့နော်။ ခဏရင်ခုန်တဲ့ အချစ်မျိုးမဟုတ်တော့ဘူးပေါ့။ တာရှည်ခံတဲ့အချစ်မျိုးကို ခံစားတတ်လာပြီဆိုတော့ ဒီအရွယ်မှာ အချစ်ကားရိုက်ရတာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ 
CK : ဒီအရွယ်ဆိုပေမယ့် အစ်မကတော့ ကိုယ့်ကိုယ်ကိုယ် ကလေးလေးတစ်ယောက်လိုပဲ သဘောထားထားပါတယ်။ အစ်မကကျတော့ ဟိုးတုန်းကတည်းက စိတ်လည်း အရမ်းအသက်ကြီးတယ်လို့ ကိုယ့်ကိုယ်ကိုယ် မခံစားရအောင်နေတယ်။ အချစ်ကားလည်းကြိုက်တယ်။ အချစ်ကားလည်းအရမ်းကြည့်ဖြစ်ပါတယ်။ အဲဒါကြောင့် အချစ်ကားရိုက်ရတာ ပျော်ပါတယ်။

Voice : ဒီဇာတ်ကားပြီးရင်ရော နောက်ထပ်ဘယ်လို ဇာတ်ကားမျိုးတွေ ဆက်ရိုက်ဖို့စဉ်းစားထားကြလဲ။
ZK : နောက်ထပ်ကတော့ အနာဂတ်ကာလကို အခြေခံတဲ့ ရုပ်ရှင်တစ်ကား ရိုက်ဖို့ရှိပါတယ်။ လာမယ့် နှစ်လေးငါးခြောက်ရာလောက်ကို အခြေတည်ပြီး ရိုက်မှာတော့ မဟုတ်ဘူးပေါ့။ အဲဒီလောက်ဆိုရင် ကုန်ကျစရိတ်ကလည်းမတတ်နိုင်ဘူးလေ။ ၂၀၄၅ လောက်ကို မှန်းပြီးတော့ ရေးထားတဲ့ ဇာတ်လမ်းပါ။ ခေတ်လွန်ဆိုပေမယ့် ကျွန်တော်ရေးထားတဲ့ ဇာတ်လမ်းက မြို့ပြထဲမှာရိုက်မှာမဟုတ်ပါဘူး။ မြို့ပြရဲ့အပြင်ဘက်ကို ထွက်ပြီးရိုက်မှာပါ။ 

Voice : ခေတ်လွန်ဇာတ်ကားဆိုတော့ ကုန်ကျစရိတ်က တော်တော်လေးများမယ်ထင်တယ်နော်။
CK : ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းရေးပြီးတာတော့ မနှစ်ကတည်းကပါ။ Now And Ever ထက်တောင် အရင်ရေးပြီးတာပါ။ ရိုက်ဖို့စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကုန်ကျစရိတ်ကတော်တော်မြင့်နေတယ်။ ကွန်ပျူတာအထူးပြုလုပ်ချက်တွေလုပ်ဖို့ကလည်း တော်တော်ကုန်ကျမယ်။ ရုံအရေအတွက်အရ ပရိသတ်က ဘယ်လောက်ပဲ အားပေးတယ်ပြောပြော ဇာတ်ကားအတွက်ကုန်ကျစရိတ်ကို ကာမီဖို့က မလွယ်သေးဘူး။ အဲဒါကြောင့် ရုံတွေများလာတဲ့အထိ စောင့်နေတုန်းပါ။

သန့်ဇင်ဦး