News

POST TYPE

INTERVIEW

နေတိုးနဲ့ တွေ့ဆုံခြင်း
13-Nov-2018

“မုန်းစွဲရုပ်ရှင်မှာ ကျွန်တော့်ထက်တောင်မှ မင်းသွေးက ပိုပြီးတော့ စိတ်နှစ်ပြီး အလုပ်လုပ်ခဲ့တယ်လို့ မြင်ပါတယ်”



နာမည်ကျော်သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ မှာ စတင်ရုံတင်ပြသတော့မယ့် “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ညီဖြစ်သူ မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေနဲ့ အကယ်ဒမီရင်ခုန်သံတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်ထုတ်ရိုက်ဖို့ စီစဉ်ခဲ့သေး တယ်လို့ သိရတယ်။ အဲဒီအကြောင်းကနေစပြီး ပြောပြပေးပါဦး။
NT : ဒီဇာတ်ကားကို ကျွန်တော့်ရဲ့ Story Board Production ကနေ ရိုက်ဖို့စီစဉ်ခဲ့ပါသေးတယ်။ ဇာတ်ကားအတွက် Location တွေတောင် သွားကြည့်ထားပြီးပါပြီ။ ဒါပေမဲ့ 7 Sense Production နဲ့  စကားပြော ဖြစ်တဲ့အချိန်မှာ သူတို့က ရိုက်ချင်တယ်လို့ ပြောတဲ့အတွက် ပေးရိုက်လိုက်တာပေါ့။ ဇာတ်လမ်းကလည်း သာမန်လူတွေရိုက်လေ့ရိုက်ထမရှိတဲ့ ဇာတ်လမ်းအမျိုးအစားလည်းဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေလည်း အများကြီးလုပ်ခဲ့ရပါတယ်။ 

Voice : “မုန်းစွဲ ”ရုပ်ရှင်ဇာတ်ကားကို ရုံမတင်ရသေးခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရနေတဲ့အပေါ် ဘယ်လိုခံစားမှုရှိလဲ။
NT : ကျွန်တော်တို့က ရုပ်ရှင်ရိုက်ကူးတဲ့ အချိန်မှာ ရသမျိုးစုံ၊ ဇာတ်ကား မျိုးစုံ ရိုက်ကူးရပေမယ့် “မုန်းစွဲ ”လို အညွှန်းကောင်းကောင်းရဖို့ ကိုယ့် ရုပ်ရှင်ဇာတ်ကား ပိုစတာရှေ့မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဓာတ်ပုံရိုက်ချင်တဲ့ စိတ်ဖြစ်ဖို့ဆိုတာတကယ်မလွယ်ကူပါဘူး။ အဲဒီလိုမလွယ်ကူတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ “မုန်းစွဲ ”ရုပ်ရှင်ကို ရိုက်ကူးခွင့်ရတာ၊ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာကို ဂုဏ်ယူကျေနပ်မိပါတယ်။

Voice : ဒီဇာတ်ကား ရုံတင်တော့မယ့်အချိန်မှာ ကိုနေတိုးရဲ့ ညီအရင်း ဖြစ်တဲ့ မင်းသွေးမရှိတော့တဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။
NT : ဒီဇာတ်ကား ရုံတင်တော့မယ့်အချိန်မှာ ကြီးမားတဲ့ အမှတ်တရ ကတော့ မင်းသွေးမရှိတော့တာပေါ့နော်။ ဒီကားကို သူလည်း မကြည့်ခဲ့ ရဘူး။ ဒီကားကို ကြည့်ဖို့ အကြိမ်ကြိမ် ချိန်းခဲ့တယ်ဆိုပေမယ့် ကျွန်တော်ပဲ ကြည့်ခွင့်ရခဲ့တယ်။ သူ့အနေနဲ့ ကြည့်ဖို့အတွက် ကံမပါခဲ့ဘူးပေါ့။ ဒီ ဇာတ်ကားမှာ သူ အရမ်းလည်းကြိုးစားထားတယ်။ “မုန်းစွဲ ”ရုပ်ရှင်မှာ ကျွန်တော့်ထက်တောင်မှ မင်းသွေးက ပိုပြီးတော့ စိတ်နှစ်ပြီး အလုပ်လုပ် ခဲ့တယ်လို့ မြင်ပါတယ်။ သူ့ဘဝအတွက်လည်း မှတ်မှတ်ရရဖြစ်စေမယ့် ကားဖြစ်မှာပါ။ 

Voice : ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေအပြင် ရုပ်ရှင်ပညာရပ်ပိုင်းဆိုင်ရာတွေကိုလည်း ချီးကျူးမှုတွေ ရရှိထားတယ်နော်။
NT : ဒီဇာတ်ကားကို ကျွန်တော်တို့က စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ကြိုးစား ရိုက်ကူးထားပါတယ်။ ရလာတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးအချထားကြပါတယ်။ ကျွန်တော်တို့သည် ဒီထက်မက လုပ်နိုင်သေး တယ်လို့တော့ မြင်ပါတယ်။ ဒါပေမဲ့ လုပ်ခွင့်ရတဲ့အတိုင်းအတာ အတွင်းမှာတော့ အကောင်းဆုံးကြိုးစားထားပါတယ်။ ဒီဇာတ်ကားသည် ပုံမှန်ရိုက်ကူးနေကျ ရုပ်ရှင်တွေထက် “ A ” အဆင့်ကို ရောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ နောင်တမရမယ့်ကားတစ်ကားလို့ ပြောချင်ပါတယ်။

Voice : ဒီဇာတ်ကားမှာ ကိုနေတိုးက အရင်ဘဝက လူမိုက်ကြီး ထူးဇော်၊ နောက်ဘဝမှာတော့ အမြွှာညီအစ်ကိုအဖြစ် ပုံစံသုံးမျိုး သရုပ်ဆောင်ခဲ့ရတာနော်။ ဇာတ်ရုပ်တွေကို ကွဲပြားအောင် ကိုယ့်ဘက်က ဘယ်လိုကြိုးစားခဲ့ရလဲ။
NT : ဇာတ်ရုပ်တွေကို ပုံစံကွဲပြားအောင်တော့ ကိုယ့်ရဲ့စိတ်ခံစားမှုအပေါ် မူတည်ပြီးတော့ပဲ သရုပ်ဆောင်ခဲ့တာပါ။ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ စိတ်တွေကို သွင်းလိုက်၊ ထုတ်လိုက်လုပ်ရတာပေါ့။ ကျွန်တော်တို့ အနု ပညာလောကမှာက တကယ် Professional တစ်ယောက်ဖြစ်လာပြီဆိုရင် ဘယ်လိုကာရိုက်တာမျိုးမဆို စိတ်ထဲကို ထည့်လိုရအောင်ကြိုးစား ရတာပေါ့။ ဒါကတော့ကျွန်တော်တို့အတွက်က အကျင့်ဖြစ်နေပါပြီ။

Voice : ဒီဇာတ်ကားမှာ ဖွေးဖွေးက ကိုနေတိုးရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တာနော်။ သူ့ကိုရော ကိုယ့်ရဲ့အမေတစ်ယောက်အနေနဲ့ ဘယ်လိုခံစားပြီး သရုပ်ဆောင်ခဲ့လဲ။
NT : သရုပ်ဆောင်မှုအပိုင်းနဲ့ ပတ်သက်လို့ကတော့ အကုန်လုံးက ကြိုးစားထားကြပါတယ်။ ပြန်ကြည့်တဲ့ အချိန်မှာလည်း သရုပ်ဆောင်တွေ အကုန်လုံးက အံဝင်ခွင်ကျဖြစ်နေတယ်လို့ မြင်ပါတယ်။ မုန်းစွဲရုပ်ရှင် ဇာတ်ကားရဲ့ Facebook Page မှာလည်း ရိုက်ကွင်းနောက်ကွယ်က သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုလေးတွေကို တင်ပေးသွားဖို့ ရှိတယ်လို့လည်း ကြားရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ ကင်မရာရှေ့မှာ အလုပ်လုပ်နေတာကို ပရိသတ်တွေက မြင်ခွင့်မရဘူးလေ။ ရိုက်ကွင်းပေါ်မှာ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေကို ကင်မရာတွေနဲ့ မှတ်တမ်းတင်ရိုက်ကူးထားတာလေးတွေကို မြင်တွေ့ရမှာပါ။

Voice : ဒီဇာတ်ကားအတွက် အမျိုးသားဇာတ်ဆောင်ဆု ရနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့ အပေါ်မှာရော ဘယ်လိုခံစားမှုရှိလဲ။
NT : ကျွန်တော်က ဘယ်ကားမဆို ရိုက်ကူးပြီးတိုင်းမှာ အကယ်ဒမီဆိုတာက ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားပါတယ်။ ကျွန်တော်တို့က ကျတော့ပရိသတ်ကိုပဲ ဦးတည်ပြီး ကိုယ့်သရုပ်ဆောင်မှုကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်နေတာပါ။ အကယ်ဒမီဆုဆိုတာကတော့ ကိုယ်ကြိုးစားနေသရွေ့ မျှော်လင့်ခွင့်ရှိနေမှာပဲလေ။ ကိုယ်တိုင်ထက်၊ ပရိသတ်တွေအတွက်ကတော့ ပိုပြီးတော့ ရင်ခုန်စရာကောင်းမယ်လို့ ထင်ပါတယ်။

သန့်ဇင်ဦး