News

POST TYPE

INTERVIEW

RFA မကွေးသတင်းထောက်ကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ခြင်းအပေါ် အမြင်များ
08-Nov-2018

အောက်တိုဘာလ ၂၂ ရက်က “ရန်ကုန်တက္ကသိုလ် ဗုံးကွဲသတင်း Confirm ဖြစ်လား”ဟု လူမှုကွန်ရက်စာမျက်နှာတွင် မေးမြန်းသူ Myintzaw Oo အကောင့်ပိုင်ရှင် RFA သတင်းဌာနမှ မကွေးသတင်းထောက် ဦးမြင့်ဇော်ဦးကို ကမာရွတ်မြို့မရဲစခန်းက နိုဝင်ဘာလ ၂ ရက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က)နှင့် အမှုဖွင့်အရေးယူခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စာနယ်ဇင်းနယ်ပယ်မှ ပုဂ္ဂိုလ်အချို့၏ သဘောထားအမြင်များကို ကောက်နုတ်ဖော်ပြပါသည်။

ဦးမြင့်ကျော် (မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး)

“သတင်းထောက် တစ်ယောက်က အခုလို သတင်းအစတစ်ခုကြားတဲ့အခါ ဆိုရှယ်မီဒီယာမှာ မေးမြန်းတဲ့အပေါ် ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်တာက သတင်းသမားတွေကို ပစ်မှတ်ထား အရေးယူနေသလားလို့ ကောက်ချက်ချမိတယ်။ ဒီရေးသားမှုက ဘယ်လောက်ထိပျံ့နှံ့ ဘယ်လိုသက်ရောက်မှုဖြစ်သလဲဆိုတာ အမှုဖွင့်တဲ့ တာဝန်ရှိသူတွေအနေနဲ့ သက်သေ အထောက်အထားပြဖို့ လိုလိမ့်မယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဒီထက်အန္တရာယ်ရှိတဲ့ ရေးသားမှုတွေ၊ ပရိသတ်ကို လမ်းလွဲရောက်အောင် လှုံ့ဆော်ရေးသားမှုတွေ အများအပြားရှိနေတာကို ဖော်ထုတ်အရေးယူခြင်းမရှိဘဲ ဒီလိုရေးသားမှုကို အရေးယူဖို့ပြင်ဆင်တာက သတင်းသမားတွေအပေါ် ပစ်မှတ်ထား ဆောင်ရွက်နေတာ ထင်ရှားနေတယ်လို့ ဆိုချင်တာ”

ဦးခင်သန်း (DVB Law Lab အစီအစဉ် တင်ဆက်သူ)

“ဒီကိစ္စမှာ အမှုဖွင့်ခံရသူက ဖေ့စ်ဘွတ်ခ်မှာ “ရန်ကုန်တက္ကသိုလ် ဗုံးကွဲသတင်း Confirm ဖြစ်လားရဲဘော်တို့” ရေးခဲ့ပေမယ့် တစ်နာရီအကြာမှာပြန်ပြီး ဖြုတ်ချခဲ့တယ်။ သတင်းမှန်၊ မမှန်သိချင်လို့ သိတဲ့သူတွေက ရှင်းပြနိုင်အောင် မေးခွန်းသဘောမျိုး ရေးတင်လိုက်ဖြစ်တယ်။ တခြားဘာရည်ရွယ်ချက်မှမရှိဘူးလို့ ပြောထားတယ်။ ရဲကတော့ Myintzaw Oo ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဒီစာသားကို အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီက တင်ထားတာတွေ့လို့ စုံစမ်းစိစစ်မှုများ ဆောင်ရွက်ခဲ့တယ်။ ဒီသတင်းက သတင်းမှန်ကန်မှု မရှိဘူးလို့ စစ်ဆေးပေါ်ပေါက်ခဲ့လို့ ကမာရွတ် မြို့မရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က)က “မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း”လို့ဆိုထားပြီး ဒါကိုကျူးလွန်ရင် ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ရမယ်လို့ ပြောတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က “မရိုးမဖြောင့်သောသဘော”ဆိုတဲ့အချက်ပဲ။ ကာယကံရှင်က ဒီပို့စ်ကို သဘောရိုးနဲ့ တင်တာလား၊ မရိုးမဖြောင့်တဲ့သဘောနဲ့ တင်တာလားဆိုတာကို စိစစ်ရမှာက အရေးကြီးတဲ့အချက်ပဲ။ လူမှုကွန်ရက်တွေမှာ မဟုတ်မမှန်တဲ့ သတင်းစကားတွေကို ရက်ပေါင်း၊ လပေါင်းများစွာ တင်ထားတဲ့ပို့စ်တွေကို ကွန်ရက်သုံးစွဲသူတိုင်း တွေ့နေရတာပဲ။ ဒါဟာ မရိုးမဖြောင့်တဲ့သဘောနဲ့ ရေးထားတယ်ဆိုတာ ခိုင်လုံတဲ့အချက်ပါ။ ဒါတွေကို ဘာဖြစ်လို့ အရေးမယူနိုင်သလဲ။ အခုကိစ္စမှာ ကာယကံရှင်ကရေးခဲ့ပြီး တစ်နာရီအကြာမှာ ပြန်ပြီး ဖြုတ်ခဲ့တယ်လို့ပြောထားတော့ မရိုးမဖြောင့်တဲ့သဘောနဲ့ ရေးခဲ့တာမဟုတ်ဘူးဆိုတာ သိသာတဲ့အချက်ပဲ။ သတင်းသမားတစ်ယောက်အနေနဲ့ အတည်ပြုချက်မရသေးတဲ့ သတင်းတစ်ခုကို အတည်ပြုနိုင်အောင် မေးမြန်းတယ်ဆိုတာ သတင်းသမားတစ်ယောက်ရဲ့အလုပ်ပဲဖြစ်လို့ ဒါကို ၆၈ (က)နဲ့ ပုဒ်မတပ်တာမျိုးက ပြဿနာကို ပိုပြီးရှုပ်ထွေးစေပါတယ်။ နောက်တစ်ချက်ကလည်း အရေးယူဖို့စဉ်းစားရင်တောင်မှ သူဟာ သတင်းသမားတစ်ယောက်ဖြစ်တဲ့အတွက် သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာတဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကသတင်းမီဒီယာကောင်စီမှာ အရင်တိုင်တန်းဖြေရှင်းတာမျိုး လုပ်သင့်ပါတယ်။ အင်အားကို အလွန်အကျွံ အသုံးပြုတာမျိုးက အားလုံးအတွက် အကျိုးမရှိပါဘူး”

ဦးကျော်ဆန်းမြင့် (ခ) ကျော်ရင်မြင့် 
(စာရေးဆရာ - မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်)

“သတင်းထောက်တွေကိုပဲ ရည်ရွယ်ပြီး လုပ်တယ်လို့တော့ မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ အပြင်က သတင်းထောက်မဟုတ်တဲ့သူတွေလည်း ဒီလိုဥပဒေပုဒ်မနဲ့ အရေးယူခံရတာတွေ ရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ ဥပဒေအရ ငြိစွန်းတယ်၊ မငြိစွန်းဘူး ဆိုတာကတော့ ကျွန်တော် အစ အဆုံး သေသေချာချာလည်း မစောင့်ကြည့်၊ မလေ့လာဖူးတော့ ကျွန်တော့်ဘက်က အကဲမခတ်နိုင်ဘူးပေါ့။ ဥပဒေအရ အဲဒီအတိုင်း တည်ရှိနေတယ်ဆိုရင်တော့ ကျွန်တော်တို့ သတင်းအမှန် ပေါ်ပေါက်ရေးတို့ကို တစ်ပိုင်းထား၊ သတင်းထောက်တွေအနေနဲ့ကတော့ ဆင်ဆင်ခြင်ခြင်နဲ့ သတိနဲ့ပဲ အလုပ်လုပ်ဖို့ လိုလိမ့်မယ်ထင်တယ်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဒီလိုဥပဒေနဲ့ အရေးယူခံရတယ်ဆိုရင် အလုပ်ရှုပ်တာပေါ့။ မငြိစွန်းအောင်တော့ သတိလေးထားပြီး အလုပ်လုပ်မယ်ဆို ပိုကောင်းပါတယ်”

ကိုရဲဝင်းဆောင် (စံတော်ချိန် အွန်လိုင်းတာဝန်ခံအယ်ဒီတာ)

“ဒီကိစ္စမှာလည်း အရင်ဆုံးပြောချင်တာက သတင်းသမားဆိုတာ သိသိကြီးနဲ့ သတင်းမီဒီယာဥပဒေကို ဘာလို့မျက်ကွယ်ပြုပြီး တိုက်ရိုက်အမှုဖွင့် တရားစွဲဆိုသလဲ။ သတင်းမီဒီယာကောင်စီကို မျက်ကွယ်ပြုသလဲဆိုတာ မေးချင်တယ်။ နောက်ထောက်ပြစရာတစ်ချက်က ဒီလိုပြောဆိုချက်ထက် အဆပေါင်း များစွာပြင်းထန်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့်၊ သွေးဆူစေမယ့်ပြောဆိုချက်တွေ လူမှုကွန်ရက်ပေါ်မှာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေတာတွေရှိတယ်။ အဲဒီအကောင့်တွေအပေါ်ရော ဘယ်လိုအရေးယူမှု၊ စိစစ်မှုတွေပြုနေသလဲ။ နောက်တစ်ချက်က အခုအမှုဖွင့်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က)မှာ “မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးဖြောင့်သောသဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း”ဆိုပြီး ဖွင့်ဆိုထားတယ်။ အခုသတင်းသမား အွန်လိုင်းတင်ခဲ့တာနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူတာဟာ မရိုးဖြောင့်တဲ့သဘောနဲ့ လုပ်ခဲ့တာပါလို့ စွပ်စွဲအရေးယူလိုက်တာဖြစ်တယ်။ မရိုးမဖြောင့်ဘူးဆိုတာ ဘာနဲ့သက်သေပြမလဲ။ အများပြည်သူ ထိတ်လန့်စေမယ့် အကြောင်းအရာပေါင်းများစွာကို အမှန်တကယ် မရိုးမဖြောင့်တဲ့ စိတ်ဆန္ဒနဲ့ သွေးထိုးလှုံ့ဆော်ပြီး အွန်လိုင်းပေါ်တင်နေတဲ့ အကောင့်ပေါင်းများစွာ လူမှုကွန်ရက်မှာ ရှိနေတယ်။ အဲဒါတွေအပေါ်ရော အခုလိုအရေးယူမှု ပုံစံနဲ့ ပိုက်စိပ်တိုက် စိစစ်အရေးယူသွားမလားဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ တရားမျှတတဲ့အရေးယူမှု၊ တရားမျှတတဲ့စီရင်မှု၊ တရားမျှတတဲ့ဆောင်ရွက်မှုတွေသာ လိုချင်ပါတယ်”

ဦးနေမျိုးကျော် (ခ) နေဘုန်းလတ် 
(သင်္ဃန်းကျွန်းမြို့ နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်)

“ဖေစ်ဘွတ်ခ်မှာက ဘယ်သူကိုရည်ရွယ်ပြီး လုပ်မှန်းမသိတဲ့အခါကျတော့ တရားစွဲမယ့်သူမရှိတဲ့သဘောပါ။ ဆက်သွယ်ရေးပုဒ်မက တစ်ယောက်ယောက်က တရားလိုလုပ်ပြီး စွဲရတာကိုး။ ဒီကိစ္စကျတော့ လုံခြုံရေးကိစ္စကို ထင်ယောင်ထင်မှားဖြစ်တယ်လို့ယူဆပြီး ပြည်ထဲရေးက စွဲတာမျိုးပေါ့။ တစ်ခုရှိတာကတော့ မသေချာဘဲနဲ့ သတင်းသမားတစ်ယောက်က သတင်းကို Confirm လုပ်တာမျိုးတော့ မှန်တယ်။ ဒါပေမဲ့ မသေချာဘဲနဲ့ အဲဒီဟာက ပျံ့နှံ့သွားပြီးတော့ ကောလာဟလသဘောမျိုးဖြစ်ပြီးတော့ အထိတ်တလန့် ဖြစ်စေတာမျိုးတွေ ဖြစ်ပွားတာမျိုးတော့ ရှိနိုင်တယ်။ ဆက်သွယ်ရေးပုဒ်မအရ တရားစွဲပိုင်ခွင့်ရှိနေတယ်။ ဗုံးခွဲတဲ့ကိစ္စကျတော့ အများပြည်သူကို အထိတ်တလန့် ဖြစ်စေတဲ့ကိစ္စဆိုတော့ နည်းနည်းတော့ ဆင်ခြင်သင့်တာပေါ့။ နောက်ပိုင်းမှာ အစိုးရအနေနဲ့ သတင်းထောက်တွေကို စောင့်ကြည့်နေတယ်လို့ ထင်တယ်။အစိုးရအဖွဲ့က ငွေရေးကြေးရေးလည်း သုံးနိုင်တဲ့ အနေအထားရှိတော့ ကျွန်တော်ထင်တယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးတာတွေကို နည်းနည်းစောင့်ကြည့်နေတဲ့ သဘောတရားတော့ ရှိမယ်ထင်တယ်။ အစိုးရက သုံးတာလည်း သုံးတာတစ်ပိုင်းပေါ့။ အစိုးရရဲ့ ငွေရေးကြေးရေးနဲ့သုံးတာမျိုးက ဒါမျိုးဖြစ်ချင်မှဖြစ်မယ်။ အခြားအစုအဖွဲ့တွေထဲကတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သုံးနေတာတွေကို စောင့်ကြည့်နေမယ်ထင်တာပဲ”

မောင်ဆောင်းခ (ကဗျာဆရာ)

“အဓိကကတော့ သူက သိချင်လို့ သတင်းတစ်ခုအပေါ်မှာ Confirm လုပ်ပြီး တင်တာဆိုတော့ သတင်းအမှားကို ရည်ရွယ်ချက်ရှိရှိနဲ့ တင်တာမဟုတ်ဘူး။ ဒီနေရာမှာ တစ်ခုခုဖြစ်တယ်ဆိုရင် သူတင်မဟုတ်ဘူး။ လူတိုင်းက ဒါကိုတင်ကြမှာပဲ။ အဲဒီတော့ သူရေးတာက သတင်းပုံစံနဲ့ လုပ်ကြံပြီး ရေးတာမဟုတ်ဘဲနဲ့ မေးခွန်းထုတ်တာဖြစ်တဲ့အတွက် ဒါဟာ သတင်းအမှား ဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုံးဝ အကျုံးမဝင်ဘူးပေါ့။ ဒီလိုဟာမျိုးတွေကို ရဲတပ်ဖွဲ့ကနေပြီးတော့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ စွဲတာကတော့ လုံးဝမဖြစ်သင့်ဘူး။ သူကိုယ်တိုင်လည်း ပြန်ဖျက်လိုက်တာဖြစ်တဲ့အတွက် အခုစွဲထားတယ်ဆိုတောင်မှပဲ ရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို ပြန်ရုပ်သိမ်းဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် အွန်လိုင်းမှာ ကိုယ် တိတိကျကျ မသိတဲ့ကိစ္စတစ်ခုကို ဟုတ်၊ မဟုတ်ကို မေးခွင့်တောင် မရှိတော့ဘူးဆိုတာလိုမျိုး ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့က အွန်လိုင်းမှာ ဒီလိုကိစ္စမျိုး သိချင်လို့ တင်လိုက်ရင် Confirm လုပ်နိုင်တဲ့သူတွေအများကြီးက ကွန့်မန့်မှာ ဝင်ဖြေမှာ အခြေအနေက ပိုများတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တစ်ခါတလေဆို အွန်လိုင်းကနေ ဘယ်နေရာမှာ ဘာဖြစ်လဲ၊ ဘာထူးနေလဲ မေးတာရှိပါတယ်။ ဒီလိုဟာတွေပေါ်မှာ လိုက်အရေးယူနေတယ်ဆိုရင်တော့ ဒါဟာ ပိုပြီးတော့ ပြဿနာဖြစ်သွားနိုင်စေပါတယ်”