News

POST TYPE

INTERVIEW

အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
07-Nov-2018
ဆောင်းရာသီနှင့် အစာအာဟာရ

“တတ်နိုင်ရင်တော့ ဟင်းကိုနွှေးစားတာမဟုတ်ဘဲနဲ့ စားခါနီးမှ ပူပူနွေးနွေးချက်စားတာကို အားပေးပါတယ်”


ဆောင်းတွင်းကာလကို ရောက်ရှိတော့မည်ဖြစ်ပြီး ဆောင်းတွင်းကာလ၌ နှာစေးချောင်းဆိုးနှင့် တုပ်ကွေးရောဂါများလည်း ဖြစ်ပွားနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ပွားရာတွင်  ကိုယ်ခံအားနည်းသည့်သူများတွင် ပို၍ဖြစ်ပွားနိုင်သည့်အတွက် ကိုယ်ခံအားကောင်းစေမည့် အစားအစာများကို မည်ကဲ့သို့အာဟာရပြည့်ဝစွာစားသောက်သင့်သည်နှင့် အစာအဆိပ်သင့်နိုင်မည့်အချက်များကို အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆောင်းတွင်းကာလကို ရောက်လာတော့မယ်ဆိုတော့ ဘယ်လိုအစားအသောက်တွေနဲ့ အာဟာရ မျှအောင်စားပေးသင့်ပါသလဲ။
Dr.NNK : ဆောင်းတွင်းရောက်ပြီဆိုရင် အဖြစ်များတာက နှာစေးချောင်းဆိုးဖြစ်မယ်။ တုပ်ကွေးတွေဖြစ်တတ်တယ်။ အခုလိုဆောင်းတွင်းမှာတော့ အရွယ်စုံဖြစ်တယ်။ တခြားရာသီတွေမှာက ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေမှာသာ ဖြစ်ကြတာများတာလေ။ အဓိကကတော့ ဗီတာမင်-စီကြွယ်ဝတဲ့ အစားအစာစားရမယ်။ လိမ္မော်သီး၊ ဆန်းကစ်သီး၊ မာလကာသီး၊ နဂါးမောက်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီး၊ စပျစ်သီး စတာတွေစားပေးဖို့လိုတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက်ဆိုရင် ပရိုတင်းဓာတ်ပြည့်ဝဖို့ ကြက်ဥပြုတ်အနှစ်နဲ့ဆို တစ်လုံး၊ အကာနဲ့ဆို သုံးလုံး၊ လေးလုံးလောက်စားခြင်းက ရောဂါကို ကာကွယ်ပြီးသားဖြစ်တယ်။ နောက်ပြီး နွားနို့၊ ပဲနို့တွေသောက်ပေးပါ။ ဒီလိုရာသီမှာ အကောင်းဆုံးကတော့ ငါး၊ ပုစွန်၊ ကြက်သားတို့က အကောင်းဆုံးပဲ။ ပရိုတင်းဓာတ်ကကိုယ်ခံအားကောင်းစေတော့ ဒီလိုအချိန်မှာဖြစ်နိုင်တဲ့ နှာစေးချောင်းဆိုးတာတွေကို ကာကွယ်ပြီးသားဖြစ်တာပေါ့။ နောက်ပြီး ကိုယ်ခံအားတက်လာအောင် Zinc ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အစေ့အဆန်တွေကို စားပေးသင့်တယ်။ နောက်ပြီး ဂျုံကြမ်းပေါင်မုန့်တွေကို စားနိုင်တယ်။

Voice : ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်သလဲဆရာ။
Dr.NNK : အရမ်းကို ဆီတွေနစ်နေအောင် ကြော်ထားတဲ့ဆီကြော်မုန့်တွေကို ရှောင်သင့်တယ်။ ရာသီဥတုအေးတဲ့အချိန်မှာ ဆီတွေကမသန့်တဲ့အတွက်ကြောင့် ခဲသွားတယ်။ ဒီတော့ အဆင်မပြေတော့ဘူး။ ဗီတာမင် - စီကလည်း စားရင်ကောင်းတယ်ဆိုပြီး အများကြီး စားဖို့မလိုဘူး။ အသီးဆိုလည်း တစ်နေ့ကို နှစ်လုံးလောက်စားရင်ရပါပြီ။ ဗီတာမင်-စီကြွယ်တယ်ဆိုပြီး ပန်းသီး၊ လိမ္မော်သီးတွေကိုပဲ တစ်နေ့ ၁၀ လုံးလောက် စားလိုက်ရင် ဝမ်းလျှောတာတွေဖြစ်နိုင်တယ်။ ဆောင်းရာသီဖြစ်တဲ့အတွက် အစာကြေတာခက်တယ်။ အစာသိပ်မကြေဘူး။ ဒီလိုရာသီမှာဘာတွေ အဓိကရှောင်သင့်သလဲဆိုတော့ ကောက်ညှင်းနဲ့ ကောက်ညှင်းပေါင်းတွေကို တတ်နိုင်သလောက်ရှောင်သင့်တယ်။ အစာစားပြီးပြီဆိုတာနဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လမ်းလျှောက်ပေးပါ။ အစာမကြေတဲ့အတွက် ဗိုက်ကယ်တယ်၊ ရင်ပြည့်ပြီး အန်တဲ့အထိဖြစ်နိုင်တယ်။ နေထိုင်ရခက်တယ်။ ဒါတွေက အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်တယ်။

Voice : ဒီလိုမျိုး အစာမကြေတာတွေအပြင် တခြားရောဘာတွေကို သတိထားဖို့လိုပါသလဲ။
Dr.NNK : ဆောင်းတွင်းမှာ အေးတယ်ဆိုပြီး ပူပူစပ်စပ်လေးတွေ စားကြတယ်။ အဲဒီလို စားလိုက်တဲ့အခါ သတိထားရမှာက မထင်မှတ်ဘဲ သွေးတိုးတာဝင်လာနိုင်တယ်။ သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ကတော့ ဒါတွေကို ပိုပြီးသတိထားသင့်တယ်။ နောက်ပြီး အစာအဆိပ်သင့်တာပါ။ အခုလိုဆောင်းတွင်းမှာ ဖြစ်ရတဲ့အကြောင်းကတော့ အစားအသောက်တွေကို နွေးအောင်ပဲ နွှေးပြီးစားလို့ပါ။ ဟင်းတစ်ခွက်ချက်တဲ့ အချိန်ကျရင် အဆုံးထိကျက်အောင်ချက်ရင်လည်း ချက်၊ နွှေးတယ်ဆိုလည်း ပူအောင်နွှေးလိုက်ပါ။ အဲဒီလိုမဟုတ်ဘဲ ခပ်နွေးနွေးလေးဖြစ်အောင်ချက်လိုက်ရင် ဗက်တီးရီးယားပိုးမွှားတွေက ပိုပေါက်လာပြီးတော့ အစာအဆိပ်သင့်တာတွေဖြစ်တယ်။ မနွေးတနွေးတွေဖြစ်ရင် ဗက်တီးရီးယားတွေကထုတ်တဲ့ အဆိပ်တွေကနေ အစာအဆိပ်သင့်တာတွေ ဖြစ်စေတယ်။ နွေရာသီတွေမှာတော့ ပူလွန်းတော့ သိုးနေတာတွေကို သတိမထားမိဘဲ စားမိတာတွေကြောင့် ဖြစ်တယ်။

Voice : ဟုတ်ကဲ့။ အခုရက်ပိုင်းလည်း အစာအဆိပ်သင့်တယ်ဆိုတာတွေ ကြားရပါတယ်။ ဒီလိုဖြစ်တယ်ဆိုတာ ဘယ်လိုလက္ခဏာတွေကနေ သိနိုင်ပါသလဲ။
Dr.NNK : သိသာထင်ရှားတဲ့အချက်က နှစ်ချက်က အန်တယ်၊ ဝမ်းလျှောတယ်။ နောက်ပြီးတော့ ကိုယ်ပူတက်နေမယ်။ ဝမ်းလျှောပြီးအန်တာများရင် ရေဓာတ်ဆုံးရှုံးတော့ အသားအရေ မွဲခြောက်လာမယ်။ မျက်တွင်းတွေချိုင့်လာမယ်။ နှုတ်ခမ်းတွေပါ ခြောက်သွေ့နေမယ်။ ဒါတွေက အစာအဆိပ်သင့်ပြီးတော့ ဖြစ်လာတဲ့ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေကြောင့်ပါ။ အစာအဆိပ်သင့်တာက ဗက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်စ်ကြောင့်လားဆိုတာ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသင့်တယ်။ ဆရာဝန်နဲ့မပြခင်မှာ ဓာတ်ဆားရည်သောက်သင့်တယ်။ BPI ကထုတ်တဲ့ဓာတ်ဆားကိုပဲ သောက်စေချင်တယ်။ ဓာတ်ဆားရည်တစ်ထုတ်ကို ရေတစ်လီတာတိတိနဲ့ဖျော်ပြီးတော့ သောက်သင့်ပါတယ်။

Voice : ကြိုတင်ကာကွယ်မှုအနေနဲ့ ဘာတွေလုပ်ထားလို့ရပါသလဲ။
Dr.NNK : ကြိုတင်ကာကွယ်ဖို့က ဟင်းကိုနွှေးတဲ့အခါတိုင်း မီးပြင်းပြင်းနဲ့ပူတဲ့အထိ နွှေးပေးပါ။ တတ်နိုင်ရင်တော့ ဟင်းကိုနွှေးစားတာမဟုတ်ဘဲနဲ့ စားခါနီးမှ ပူပူနွေးနွေးချက်စားတာကို အားပေးပါတယ်။ နောက်ပြီး လမ်းကအစားအစာတွေကို ရှောင်ပါ။ လက်လုပ်ချဉ်တွေဖြစ်တဲ့ မုန်လာချဉ်၊ ကတက်ချဉ်စတာတွေနဲ့ လက်သုပ်စုံတွေကို ရှောင်ရှားပေးပါ။ အဲဒီကနေတစ်ဆင့် အစာအဆိပ်သင့်တာတွေ ဖြစ်တတ်လို့ပါ။ နောက်တစ်ခုက အလှူတွေမှာ ဟင်းတွေချက်ကြတဲ့အခါ ရောဂါဖြစ်တဲ့သူက စားလိုက်တဲ့ဇွန်းကို ဟင်းချိုခွက်ထဲ ပြန်ထည့်လိုက်တဲ့အချိန်ကျရင် အဲဒီဟင်းခွက်ထဲ ဗက်တီးရီးယားတွေပွှားလာပြီးတော့ တခြားသူတွေမှာလည်း ပြန့်ပွားသွားနိုင်ပါတယ်။ 

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.NNK : “ဆောင်းတွင်းမှာ ဗီတာမင်-စီကြွယ်ဝတဲ့ အစားအသောက်တွေစားမယ်။ ပြီးရင်လည်း အသီးတွေထဲမှာလည်း အရမ်းကိုချိုလွန်း၊ မှည့်လွန်းတဲ့ အသီးတွေမဟုတ်ဘဲနဲ့ ချိုချဉ်ဖြစ်တဲ့အသီးတွေကို ရွေးပြီးစားပေးစေချင်တယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ