News

POST TYPE

INTERVIEW

မန္တလေးတိုင်းအစိုးရအဖွဲ့၌ လစ်လပ်နေသော ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အနိုင်ရသူဦးစိုင်းပန်းဆိုင်နှင့် တွေ့ဆုံခြင်း
07-Nov-2018
“အပြင်မှာတွေ့ကြုံနေရတဲ့ကိစ္စတွေကို ပေါင်းစပ်ညှိနှိုင်းတဲ့အချိန်မှာ ကျွန်တော်တို့ပေးတဲ့ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေက အစိုးရအပေါ်မှာ အကျိုးရှိမယ်လို့ထင်တယ်”



မန္တလေးတိုင်းအစိုးရအဖွဲ့၌ လစ်လပ်နေသော ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန်( ခ) ဦးကျော်စိန်က ထောက်ခံမဲ ၇၂၆၇ မဲဖြင့် အနိုင်ရရှိခဲ့သည်။ လစ်လပ်နေသော ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် NLD ပါတီ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့ယှဉ်ပြိုင်ခဲ့ပြီး ဦးစိုင်းပန်းဆိုင်က အနိုင်ရရှိခဲ့ခြင်းဖြစ်ရာ ဝန်ကြီးလောင်း ဦးစိုင်းပန်းဆိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : မဲရလဒ်အရလည်း အနိုင်ရသွားပြီ။ ကော်မရှင်ကလည်း အနိုင်ရသူလို့ကြေညာပေးသွားပြီ။ အနိုင်ရတဲ့အပေါ် ဘာများပြောချင်ပါသလဲ။ 
USPS : ကြိုးစားခဲ့သလောက် အသီးအပွင့်တွေ ပြန်ရတယ်လို့ပဲ ခံစားရပါတယ်။ ကျွန်တော်နှစ်လခွဲလောက်ရှိပြီ။ နားရက်သိပ်မရှိဘူး။ တောက်လျှောက်သွားနေခဲ့ရတာ။ မိုးကုတ်ဆိုရင် ပထမတစ်ပတ်မှာ ခုနစ်ရက်။ ရွာပေါင်း ၃၂ ရွာပေါ့။ ပြင်ဦးလွင်လည်း ပထမအကျော့ဆိုရင် တစ်ပတ်၊ ရွာပေါင်း ၃၂ ရွာ။ မနက်ရှစ်နာရီကစတယ် ညကိုးနာရီအထိ ဟောပြောနေရတယ်။ မန္တလေးမြို့မှာဆိုရင်လည်း Door to Door တွေက များတာပေါ့။

Voice : ဒီကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးတဲ့ သူတော်တော်နည်းခဲ့ပါတယ်။ အဲဒီအပေါ်ရော ဘာများပြောချင်သလဲ။ 
USPS : မဲဆွယ်ကာလက မဲစာရင်းနဲ့ မြေပြင်အခြေအနေနဲ့ တော်တော်လေးကွာနေတယ်။ အဲ့ဒါတစ်ချက်။ နောက်တစ်ချက်က မြို့ထဲပိုင်းက မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု တော်တော်နည်းတယ်။ ရွာမှာကတော့ ဆယ်ယောက်ဆယ့်ငါးယောက်၊ အယောက်နှစ်ဆယ်လောက်စုမိရင် ဒီသတင်းက ပျံ့တယ်လေ။ မြို့မှာကျတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ တစ်ရပ်ကွက်လုံးစုပေမယ့်လည်း လာတဲ့သူက နည်းနေမယ်ဆိုရင် ရပ်ကွက်မှာပြန်ပြီးတော့ ဖြန့်ဝေမှုကလည်းနည်းမယ်။ ကျွန်တော့်စိတ်ထင်ပေါ့နော်။ ရွေးကောက်ပွဲကြီးကျရင်တော့ စိတ်ပါဝင်စားမှုလည်းပိုမြင့်လာမယ်။ Awareness က ဘယ်လိုဖြစ်နေလဲဆိုတော့ လူတွေက ကိုယ့်အလုပ်နဲ့ ကိုယ်သွားလာလှုပ်ရှားနေကြရတယ်။ ကြားဖြတ်မှာက ရေဒီယိုမှာရော၊ တီဗီမှာရော၊ သတင်းစာမှာရော အသိပေးတဲ့ဟာ နည်းနေတယ်လို့ ထင်တယ်။

Voice : ဝန်ကြီးဖြစ်သွားပြီဆိုရင် ရှမ်းတိုင်းရင်းသားတွေအတွက် ဘာတွေလုပ်မယ်လို့ စီစဉ်ထားလဲ။ 
USPS : အစိုးရအဖွဲ့ထဲကိုရောက်သွားရင် လုပ်ချင်တာက တိုင်းရင်းသားဒေသတွေမှာ ဆရာမတွေပေါ့။ ဒီအတိုင်းပဲ အလုပ်လုပ်နေကြတယ်။ ကျန်းမာရေးဆရာမတွေမှာဆိုရင်လည်း ဒီအတိုင်းပဲလုပ်နေကြရတယ်။ သူတို့ကိုအစိုးရခန့်ဖြစ်အောင် လုပ်ပေးချင်တယ်။ အဲ့ဒါအရင်ပေါ့။ နောက်တစ်ခုက မှတ်ပုံတင်ကိစ္စပေါ့။ တကယ်ကို အမှန်အကန်လိုချင်တဲ့သူကျတော့ ခက်တယ်။ မြို့ထဲမှာဖြစ်နေတာကျတော့ မှတ်ပုံတင်မှာ ရှမ်းအနေနဲ့ ယူထားတယ်ပေါ့။ တကယ်တမ်းမဲပေးတဲ့အချိန်ကျတော့ စိတ်ဝင်စားမှုမရှိဘူး။ နဂိုမူလရည် ရွယ်ချက်ကိုက မှတ်ပုံတင်ရယူထားတဲ့ဟာက တိုင်းရင်းသားအနေနဲ့ အပြည့်အဝမခံယူထားလို့လို့ သုံးသပ်မိတယ်။ 
လုပ်ချင်တဲ့ဟာတွေကတော့ ဥပမာ - ကျွန်တော်တို့ရွာတွေမှာဆို ဖွံ့ဖြိုးရေးကိစ္စတွေက ပြည်ထောင်စုအစိုးရရော၊ တိုင်းအစိုးရရော ညှိနှိုင်းဆောင်ရွက်ရမယ့်အပိုင်းတွေရှိတာပေါ့။ ဥပမာ ကျေးလက်လမ်းတို့၊ ရေမီးရရှိဖို့တို့ရှိမယ်။ စာပေယဉ်ကျေးမှုကတော့ ခုနကပြောတဲ့ ဆရာ၊ ဆရာမတွေကိစ္စတွေ၊ ကျေးလက်ကျန်းမာရေး၊ ဝမ်းဆွဲတို့၊ ကျန်းမာရေးဆရာမတို့ ဒါတွေ ကျွန်တော်တို့က ဖြည့်ဆည်းဖို့လိုမယ်။ တကယ်လို့သာ သူ့ရပ်သူ့ရွာမှာ အဆင်ပြေပြေနဲ့နေနိုင်မယ်ဆိုရင်တော့ မြို့ကြီးပြကြီးမှာ အလုပ်အကိုင်ရှာဖွေဖို့အကြောင်း သိပ်မရှိဘူးလေနော။ အဲ့ဒီလိုမျိုးတွေလည်း ကျွန်တော်တို့စဉ်းစားနေတယ်။ ပြင်ဦးလွင်ရော၊ မိုးကုတ်ရော အီကိုတိုးရစ်ဆင်ကို ရွာတွေမှာ လူထုအခြေပြုလုပ်ငန်းတွေ ဒါတွေကိုလည်း လုပ်ပေးဖို့ဖြစ်နိုင်တယ်။ မိုးကုတ်ဆိုလည်း ကျောက်မျက်ကို တစ်နိုင်တစ်ပိုင်တူးဖော်ကြဖို့ ဥပဒေကပြီးပြီ။ လွှတ်တော်မှာ ကြန့်ကြာနေတာလေးရှိတယ်။ ဒီကိစ္စကလည်း အလုပ်အကိုင်ရှားပါးတယ်ဆိုတဲ့ ပြဿနာတစ်ခုရှိတယ်။ ပြင်ဦးလွင်မှာတော့ အဲ့လောက်ပြဿနာမရှိဘူး။

Voice : တာဝန်ထမ်းဆောင်ရမယ့်သက်တမ်းက ၂ နှစ်ကျော်ကျော်လေးပဲရှိတာဆိုတော့ လုပ်ချင်တာတွေ လုပ်နိုင်ဖို့က ဘယ်လောက်ဖြစ်နိုင်မလဲ၊ ဘယ်လိုမျှော်လင့်ထားလဲ။
USPS : နံပါတ်တစ်အနေနဲ့က အရင်ဝန်ကြီးလက်ထက်က မပြီးပြတ်ခဲ့တဲ့ဟာတွေရှိကောင်းရှိမယ်။ ဒါကတော့ ရုံးထိုင်မှပဲသိရမယ်။ အဲ့တော့လက်ကျန်ရှင်း ရမယ့်ဟာတွေရှင်းမယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ဟာဆိုရင် ရှမ်းနဲ့ပတ် သက်တဲ့စာပေယဉ်ကျေးမှုကိစ္စတွေလုပ်မယ်။ မှတ်ပုံတင်ကိစ္စလုပ်မယ်။ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ ဘယ်လိုချိတ်ဆက်နိုင်မလဲ။ ဒါကိုလည်း ဥပမာ-မန္တလေးမှာဆိုရင် တိုင်းရင်းသားတွေ အချင်းချင်း၊ သူတို့စုနိုင်မယ့်နေရာမရှိတဲ့ တိုင်းရင်းသားတွေ အများကြီးရှိနေတယ်။ ဒါကိုလုပ်ပေးရမယ်။ ကွန်မြူနတီစင်တာမျိုးလည်းဖြစ်နိုင်တယ်။ နဂိုကတည်းကလည်း တောင်းထားတယ်။ ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားဘက်မှာရှိ နေတဲ့ကိစ္စတွေကို ကျွန်တော်တို့အနေနဲ့ပါဝင်ဆွေး နွေးခွင့်ရမယ်ဆိုရင်လည်း တိုင်းရင်းသားတွေဖြစ်ချင်တဲ့ဆန္ဒတွေကို ပြောပေးမယ်။

Voice : အရင်ဝန်ကြီးလုပ်ကိုင်ရင်းနဲ့ အပြီးမသတ်သွားနိုင်ခဲ့တဲ့လုပ်ငန်းတွေအကြောင်း လေ့လာထားတာရှိသလား။ လိုအပ်တယ်လို့ယူဆပြီး ပြီးအောင်လုပ်မယ်လို့ မျှော်မှန်းထားတာမျိုးရောရှိသလား။
USPS : NLD အစိုးရတက်တဲ့အချိန်မှာ ဘတ်ဂျက်အသုံးကိုလျှော့တယ်ပေါ့နော်။ လျှော့တဲ့အခါကျတော့ ဝန်ကြီးဌာနတွေလည်းအများကြီးလျှော့တယ်။ ဝန်ကြီးတစ်ယောက်ဆိုရင် ဌာနသုံးခုလောက် ကိုင်ရတာမျိုးရှိတယ်။ ဦးစိုင်းကျော်ဇော (ယခင်ဝန်ကြီး) တုန်းကလည်း မူလတုန်းကတော့ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီးဆိုပေမယ့် နောက်ပိုင်းမှာ တိုင်းရင်း သားအားလုံးအရေးကိုလည်း ဆောင်ရွက်ရမယ်ဆိုတာ မျိုးရှိခဲ့တယ်။ နောက်တစ်ခါ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးဘက်မှာလည်း ကိုင်တွယ်ရတာတွေရှိခဲ့တယ်။ ကျွန်တော်က အပြင်လူတစ်ယောက်အနေနဲ့ဝင်သွားမယ်ဆိုတော့ အပြင်မှာတွေ့ကြုံနေရတဲ့ကိစ္စတွေကို ပေါင်းစပ်ညှိနှိုင်းတဲ့အချိန်မှာ ကျွန်တော်တို့ပေးတဲ့ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေက အစိုးရအပေါ်မှာလည်း အကျိုးရှိမယ်လို့ထင်တယ်။ ခုဟာကတော့ သူလုပ်ခဲ့တဲ့ဟာတွေထဲက ပင်မတာဝန်သုံးခုလောက်တော့ ကျွန်တော်သိတယ်။
ဒီဟာတွေလည်း တစ်ပိုင်းတစ်စဆိုရင်တော့ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ ပညာရေးကိစ္စတွေပါလာရင် အလျင်အမြန်ဆောင်ရွက်ဖို့ရှိတာပေါ့။ နောက်ပြီး မှတ်ပုံတင်ကိစ္စတွေ၊ နောက်တစ်ခါ မဲစာရင်းပြဿနာဆိုတဲ့ဟာမျိုးမှာလည်း အိမ်ထောင်စုတစ်ခုချင်းရဲ့ စာရင်းကိုက မပီပြင်လို့ပဲ။ မပီပြင်ဘူးဆိုတာက ဒါကိုလည်း တိုင်းရင်းသားဆိုက်ဘက်နေပြီးတော့ လုပ်ချင်တဲ့စိတ်ရှိနေတယ်။ အစိုးရနဲ့တိုင်ပင်ပြီးမှ လုပ်နိုင်မယ်ဆိုရင်လည်း ရှိတဲ့ကာလထဲမှာ ဒီစာရင်းဇယားတွေနဲ့ ပတ်သက်တဲ့ဟာတွေ၊ တိုင်းရင်းသား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေလုပ်ချင်တယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ မဲဆန္ဒရှင်တိုင်းရင်းသားတွေကို ပြောချင်တာရှိရင်တော့ ပြောပါ။
USPS : ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီး ပါဝင်ယှဉ်ပြိုင်တဲ့အပေါ်မှာ ရှမ်းတိုင်းရင်းသားမဲဆန္ဒရှင်များအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆန္ဒမဲပေးခဲ့တဲ့အပေါ်မှာလည်း အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ကိုယ်အားဉာဏ်အားရှိသလောက်ပေါ့နော် အတွေ့အကြုံတွေကိုမူတည်ပြီးတော့ ရှမ်းတိုင်းရင်းသားတွေအတွက်လုပ်ရင်းနဲ့ အခြားပြည်ထောင်စု တိုင်းရင်းသားတွေအကျိုးကိုပါ ၂ နှစ်ကျော်ကျော်ကာလလေးမှာ အတတ်နိုင်ဆုံး ပေးဆပ်သွားပါ့မယ်လို့ ပြောချင်ပါတယ်။

ရန်မိုးနိုင်