News

POST TYPE

INTERVIEW

ရတနာမိုင်နဲ့ တွေ့ဆုံခြင်း
19-Oct-2018


“ငယ်ငယ်တုန်းကတော့ စင်ပေါ်ကိုတက်တာနဲ့ကချင်တာပဲ သိတယ်”

တေးသံရှင် ရတနာမိုင်နဲ့ တွေ့ဆုံပြီး “အချစ်မစမ်းနဲ့” ရုပ်သံဇာတ်လမ်းတွဲမှာ သူ သရုပ်ဆောင်ရမယ့် ကာရိုက်တာအကြောင်း၊ အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရဖြစ်ရပ်များအကြောင်းနဲ့ ဂီတလှုပ်ရှားမှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “အချစ်မစမ်းနဲ့” ရုပ်သံဇာတ်လမ်းတွဲက ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲ။
YDM : ဒီဇာတ်လမ်းတွဲလေးကတော့ အိမ်ထောင်ရေး ဟာသဇာတ်လမ်းလေးပါ။ ညီမရဲ့ ကာရိုက်တာကတော့ ကိုယ့်ယောကျာ်းကို အရမ်းချစ်တဲ့အတွက် အူတိုပြီးတော့ ရစ်တဲ့ကာရိုက်တာမျိုးပါ။ သူရစ်တာက အနိုင်ယူသလို ပုံစံမျိုးတောင်ဖြစ်သွားတယ်။ အမှန်တော့ သူ့ယောကျာ်းကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အတွက် သဝန်တိုပြီး ပြဿနာရှာမိတာပေါ့နော်။ ဖုန်းဆက်တာကအစ ဘယ်သူနဲ့ဆက်နေတာလဲ၊ ဘယ်က အမျိုးသမီးလဲဆိုပြီး စိတ်ထဲမှာ သံသယတွေနဲ့ ပူလောင်နေတာပေါ့နော်။ အဲဒီလိုပုံစံမျိုးလေးပါ။

Voice : မိုင်လေးက သရုပ်ဆောင်အဖြစ် ဇာတ်ကား အချို့ရိုက်ဖူးပေမယ့် အဆက်ပြတ်နေတာတော့ ကြာပြီနော်။ ဒီ ဇာတ်ကားကို ဘယ်လိုကြောင့် လက်ခံဖြစ်တာလဲ။
YDM : ဒီဇာတ်လမ်းတွဲကို ရိုက်တဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတွေက ကိုယ့်ဦးလေးတွေလို လည်းဖြစ်နေတယ်။ ညီမက ဂီတဘက်မှာ ပိုပြီးလှုပ်ရှား ဖြစ်တဲ့အတွက် ဇာတ်ကားတွေ မရိုက်ဖြစ်တာ တော်တော်ကြာပါပြီ။ မရိုက်တာ သုံးနှစ်လောက်တောင် ရှိနေပါပြီ။ ကိုယ်က အသစ်တစ်ယောက်လို တောင်ဖြစ်နေတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။ ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာကလည်း ကိုယ်နဲ့ လိုက်ဖက်တယ်လို့ ပြောတဲ့အတွက် သရုပ်ဆောင်ရတာအဆင်ပြေမှာပါ။

Voice : ကိုယ်နဲ့ ရခိုင်လူမျိုးဖြစ်တာချင်လည်း တူသလို ရင်းနှီးမှုလည်းရှိတဲ့ မင်းသွေး ရုတ်တရက် ဆုံးပါးသွားတဲ့အပေါ်ရော ဘယ်လိုခံစားမှုရှိလဲ။
YDM : ကိုကြီးမင်းသွေး ကောင်းရာသုဂတိလားပါစေလို့ ညီမဆုတောင်းပေးချင်ပါတယ်။ ကိုကြီးမင်းသွေးနဲ့က မိုင်လေးရဲ့ I Trust You ဆိုတဲ့ MTV လေး ရိုက်တုန်းက ဆုံဖူးတယ်။ နောက်ပြီးတော့ Kanebo က ထုတ်တဲ့ မျက်နှာသစ်ဆပ်ပြာ ကြော်ငြာရိုက်တုန်းကလည်း ဆုံတယ်။ ပြက္ခဒိန်တွေလည်း အတူတွဲရိုက်ဖူးတယ်။ သူ ရုတ်တရက် ခွဲခွာသွားတဲ့အချိန်မှာ အသိတစ်ခုတော့ ရလိုက်တယ်။ ငါလည်း ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာ၊ မသိပါလား၊ ဒီနေ့ အသက်ရှင်နေပေမယ့်၊ မနက်ဖြန်မှာ လောကကြီးကနေ ထွက်ခွာသွားနိုင်တယ်ဆိုတာကို သံဝေဂရလိုက်တယ်။

Voice : ကိုယ်သိခဲ့ ရင်းနှီးခဲ့တဲ့ မင်းသွေးက ဘယ်လိုလူမျိုးဖြစ်မလဲ။
YDM : ကိုကြီးမင်းသွေးက မိုင်လေးတို့နဲ့ဆို အမျိုးလိုလည်း ဖြစ်နေတယ်။ အရွယ်မတိုင်ခင်မှာ သူ ဆုံးသွားတဲ့အတွက် အနုပညာလောကအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောလို့ရပါတယ်။ သူ အလုပ်တွေ အများကြီး ဆက်လုပ်လို့ ရသေးတယ်လေ။ သူ့ပရိသတ်တွေဆိုရင်လည်း တော်တော် စိတ်မကောင်းဖြစ်ကြမှာပါ။ သူ ဖန်တီးခဲ့တဲ့ အနုပညာလေးတွေ ကျန်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဒီအနုပညာဖန်တီးမှုလေးတွေကိုလည်း ပရိသတ်တွေက အားပေးကြဖို့ ပြောချင်ပါတယ်။

Voice : ဂီတနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေလှုပ်ရှားသွားဖို့ရှိမလဲ။
YDM : ဂီတနဲ့ ပတ်သက်ပြီးတော့ သူသိစေနဲ့ ပြောသားပဲဆိုတဲ့ MTV လေး နှစ်ပုဒ်ထွက်ဖို့ ရှိပါတယ်။ အဲဒီသီချင်းနှစ်ပုဒ်ကို အရင်ထွက်ရင်ကောင်းမလား၊ မေမေ မိုင်ရဲ့သီချင်းတွေကို ပြန်ဆိုထားတဲ့ အခွေကို Mini Album အနေနဲ့ ထွက်ရင်ကောင်းမလားလို့ စဉ်းစားနေပါတယ်။ အခုလောလောဆယ်တော့ “အပေါ်ယံများ” ဆိုတဲ့ သီချင်းလေးကို Lyric Video အနေနဲ့အွန်လိုင်းမှာ တင်ပေးထားပါတယ်။ အဲဒီ သီချင်းလေးကို လည်း MTV ဆက်ရိုက်ဖို့ရှိပါတယ်။

Voice : မေမေမိုင်ရဲ့ သီချင်းတွေထဲကရော ဘယ်သီချင်းတွေကို ပြန်ဆိုဖို့ ရွေးချယ်ထားလဲ။
YDM : မေမေ့သီချင်းတွေထဲကတော့ ကိုယ်လည်း ကြိုက်ရမယ်၊ ပရိသတ်တွေလည်းကြိုက်မယ့် သီချင်းမျိုးတွေကို ပြန်ဆိုမှာပါ။ မေမေ့သီချင်းတွေထဲက နာမည်ကြီးတဲ့ သီချင်းတွေချည်းပဲ မဟုတ်ဘဲ ကောင်းပေမယ့် ပရိသတ်တွေ သိပ်မသိလိုက်တဲ့ သီချင်းမျိုးတွေလည်း ပါပါမယ်။ ရွက်ပုန်းသီး သီချင်းလေးတွေ ပေါ့နော်။ အဲဒီခွေအတွက် သီချင်းတွေ အရင်ရွေးလိုက်ဦးမယ်။ ဆိုတာကတော့ မြန်ပါတယ်။ ဒီနှစ်ကုန်ပိုင်း လောက်တော့ ထွက်နိုင်အောင် ကြိုးစားသွားမှာပါ။ 

Voice : မိုင်လေးက သီချင်းဆိုရင် ကပြီးတော့ ဆိုတာလည်း တွေ့ရတယ်။ မိုင်လေးကို ကြည့်ရတာ ပရိသတ်တွေပါ အပျော်ကူးစက်သလို ခံစားရတယ်။
YDM : အဲဒါကတော့ မိုင်လေးက စင်ပေါ်ရောက်သွားရင် ကိုယ်နဲ့အတူ ပရိသတ်တွေကိုပါ ပျော်စေချင်တဲ့ စိတ်နဲ့ ပါ။ ငယ်ငယ်တုန်းကတော့ သီချင်းဆိုရရင်ကို ပျော်နေတဲ့အတွက် ဘယ်သီချင်းမျိုးပဲဖြစ်ဖြစ် ကပြီးဆိုတာပဲ။ အခုကျတော့ နည်းနည်းလေး အသက်ရလာပြီဆိုတော့ အရမ်းကြီး ကတာမျိုးတော့ မရှိတော့ဘူး။ လိုက်ဖက်တဲ့ သီချင်းမျိုးကျမှပဲ ကဖြစ်တော့တယ်။ ငယ်ငယ်တုန်းကတော့ စင်ပေါ်ကိုတက်တာနဲ့ ကချင်တာပဲ သိတယ်။  

သန့်ဇင်ဦး



  • VIA