News

POST TYPE

INTERVIEW

ရန်ကုန်ုတိုင်းအစိုးရက Eleven မီဒီယာအပေါ် ထပ်မံတရားစွဲ အယ်ဒီတာချုပ်အပါအဝင် သုံးဦးကို အင်းစိန်ထောင်ပို့
11-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး အစိုးရက Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သော စီးပွားရေးဆောင်းပါးနှင့် ပတ်သက်ပြီး တာမွေမြို့နယ် တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ရာ Eleven မီဒီယာအပေါ် ရန်ကုန်တိုင်းအစိုးရက ဒုတိယအကြိမ်မြောက် ထပ်မံတရားစွဲဆိုမှုဖြစ်သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသော Eleven မီဒီယာမှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းအပါအဝင် သုံးဦးကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက တာမွေမြို့နယ်တရားရုံး၏ ချုပ်ရမန်ဖြင့် အင်းစိန်အကျဉ်းထောင်သို့ ပို့လိုက်သည်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်ဖြိုးဝေရေးသားခဲ့သော “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးပါ အချက်အလက်၊ အကြောင်းအရာများနှင့်ပတ်သက်ပြီး အရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တာမွေမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံခဲ့ပြီးနောက် Eleven Media Group မှ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်း (ခ) မင်းလွင်နှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေ၀င်းတို့သုံးဦးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့က အမှုဖွင့်ခံရသူ ၃ ဦးကို ဖမ်းဆီးရန် အောက်တိုဘာလ ၉ ရက် ည ၇ နာရီခန့်တွင် Eleven Media Group ရုံးသို့ လာရောက်ခဲ့ကြသော်လည်း ဖမ်းဆီးရန် ရုံးချိန်ပြင်ပဖြစ်နေသောကြောင့် အမှုဖွင့်ခံထားရသူများနှင့် မတွေ့ဆုံခဲ့ပေ။

အောက်တိုဘာ ၁၀ ရက် နံနက် ပိုင်းတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ဆိုခံရသူသုံးဦးက တာမွေမြို့နယ်ရဲစခန်းသို့ ကိုယ်တိုင်လာရောက် ဖမ်းဆီးခံခဲ့သည်။ ရဲစခန်းလာရောက် အဖမ်းခံသည့် အယ်ဒီတာချုပ် ကိုကျော်ဇောလင်းအပါအဝင် သုံးဦးကို တာမွေမြို့နယ်တရားရုံးသို့ ခေါ်ဆောင်၍ မြို့နယ်တရားသူကြီး ဒေါ်တင်ဝါဝါသိန်း၏ ရုံးခန်းတွင် ဖမ်းဝရမ်းတင်သွင်းမှု ပြုလုပ်ခဲ့ပြီးနောက် ယင်းအမှုကို လာမည့်အောက်တိုဘာလ ၁၇ ရက် နေ့တွင် စစ်ဆေးရန် တရားသူကြီးက ရုံးချိန်းသတ်မှတ်ပေးခဲ့သည်။

အဆိုပါ ဆောင်းပါးတွင် ပါဝင်သည့် ဦးမြင့်သောင်းဆိုသော အမည်အောက်တွင် ပြည်သူ့ဘဏ္ဍာ ရှယ်ယာထည့်ဝင်ထားခြင်း မဟုတ်သဖြင့် မမှန်မကန် မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီတာဝန်ရှိသူများ၊ ရှယ်ယာဝင်များ စိတ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ခြင်း၊ ထူထောင်ထားသော ကုမ္ပဏီကို အများပြည်သူ အယုံအကြည်ပျက်စေခြင်းတို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်းဖြစ်သည်ဟုဆို၍ တရားစွဲခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ် တရားသူကြီးက တရားခွင်အတွင်း ပြောကြားချက်အရ သိရသည်။ 

အဆိုပါ အမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလိုပြုတရားစွဲဆိုထားသော်လည်း မည်သည့်ညွှန်ကြားချက် တစ်စုံတစ်ရာမပါရှိကြောင်း မြို့နယ်တရားသူကြီး ဒေါ်တင်ဝါဝါသိန်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ 

“ဒီဆောင်းပါးထဲမှာ လွှတ်တော်အမတ်အချို့ရဲ့ ပြောကြားချက်တွေပါတယ်။ ဒါတွေကိုပဲ အခြေပြုပြီးရေးခဲ့တာ။ ပြီးတော့ ဒါက စီးပွားရေးသုံးသပ်ချက်ကို ရေးသားဖော်ပြခဲ့တာလေ။ ဘာတစ်ခုမှ မှားပြီးရေးသားဖော်ပြထားတာ မရှိဘူး” ဟု ဆောင်းပါးရှင် ဖြိုးဝေက တရားရုံးမှ မှတ်ချက်ပေးသည်။ 

တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က မှန်ကန်သည့်သတင်းကို မှန်ကန်သည့်အကြောင်းအရာပေါ် အခြေခံပြီး ရေးသားဖော်ပြမှုမှာ ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်းမှုမရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ 

၂၀၁၆ ခုနှစ်ကလည်း တန်ဖိုးကြီးနာရီကို ဝန်ကြီးချုပ်က လက်ဆောင်ရယူခဲ့သည်ဆိုသည့် Eleven ၏ အရေးအသားနှင့် ပတ်သက်ပြီး ထိုစဉ်က  ဂျာနယ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲထားသေးသည်။

S-03