News

POST TYPE

INTERVIEW

သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
10-Oct-2018
ရုတ်တရက် နှလုံးရပ်ခြင်း

“အာခေါင်နောက်မှာ နှလုံးခုန်တာကို ထိန်းချုပ်ပေးတဲ့အာရုံကြောရှိတယ်။ အဲဒီအာရုံကြော ရုတ်တရက်အေးသွားရင် နှလုံးရုတ်တရက် ရပ်တန့်ပြီးတော့ သေဆုံးသွားနိုင်တယ်”



သမားများသာမက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်မည့်သူတိုင်း နှလုံးနှင့်ပတ်သက်သည့် စစ်ဆေးခြင်းများကို ကြိုတင်စစ်ဆေးပြီးမှသာ အားကစားပြုလုပ်ခြင်းနှင့် ပြင်းထန်စွာလေ့ကျင့် ခန်းလုပ်ခြင်းများကို လုပ်ဆောင်သင့်ပါသည်။ အားကစားလုပ်ဆောင်ခြင်းမှတစ်ဆင့် ဖြစ်ပွားနိုင်သည့် ရုတ်တရက်နှလုံးရပ်တန့်ခြင်းကြောင့် အသက်သေဆုံးမှုများ မဖြစ်ပွားစေရန်အတွက် နှလုံးနှင့်ပတ်သက်သည့် သတိထားသင့်သည့်အချက်များကို သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အားကစားလုပ်နေစဉ်မှာ နှလုံးရုတ်တရက်ရပ်တန့်သေဆုံးသွားတာက ဘာကြောင့်ဖြစ်နိုင်ပါလဲ ဆရာ။
Dr.MAKN : အားကစားလုပ်နေရင်း ရုတ်တရက်သေဆုံးတဲ့လူတွေမှာ အသက် ၃၀ အောက်ဆိုရင်တော့ နှလုံးကြွက်သားထူပြီး နှလုံးသွေးလွှတ်ကြောဝ ပိတ်ဆို့သေဆုံးတာမျိုးပါ။ မွေးရာပါ နှလုံးကြွက်သားထူတယ်၊ လက္ခဏာမရှိတဲ့အတွက် ကိုယ်တိုင်လည်းမသိဘူး။ သေဆုံးပြီးမှပဲ ရင်ခွဲစစ်ဆေးကြည့်မှ ဒီလိုကြွက်သားထူတဲ့ရောဂါရှိမှန်း သိတယ်။ ဒါမျိုးသေဆုံးမှုက များတယ်။ အဲဒီလိုသေဆုံးတဲ့သူတွေကို ပြန်ကြည့်မယ်ဆိုရင် သူတို့ရဲ့မိသားစုရာဇဝင်မှာ ရှိကြတယ်။ ကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုလှုပ်ရှားရင်း ကစားရင်းနဲ့ သေဆုံးသွားတဲ့သူရှိတယ်ဆိုရင် ကိုယ့်ဆီမှာလည်း အဲဒီလိုမျိုးရောဂါပါလာနိုင်တယ်။ ဒါက အသက် ၃၀ အောက် ငယ်ရွယ်သူတွေမှာ အဖြစ်များဆုံးပါ။ အသက် ၄၀ အထက်မှာတော့ အားကစားလုပ်ရင်းနဲ့ ရုတ်တရက်သေဆုံးတာဆိုရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါကြောင့်ပေါ့။ လက္ခဏာမပြတဲ့အတွက် ကြိုတင်သိထားတဲ့သူတွေမှာလည်း ဖြစ်နိုင်သလို မသိဘဲနဲ့ လှုပ်ရှားအားကစားလုပ်ရင်လည်း နှလုံးရုတ်တရက်ရပ်သွားပြီးတော့ လဲကျသေဆုံးနိုင်တယ်။ နှလုံးသွေးကြောပိုင်းဆိုင်ရာ ဖြစ်နိုင်ခြေများတဲ့အချက်တွေ ရှိတယ်။ အဲဒီအချက်တွေထဲမှာ ဆီးချို၊ သွေးတိုးရောရှိတာ၊ ဆေးလိပ်သောက်တာများတာ၊ အဝလွန်တာလည်းပါတယ်။ အားကစားလုပ်တဲ့သူတွေက အဝလွန်တဲ့သူတွေ နည်းပါတယ်။ ကိုယ်ရေစစ်တယ်၊ အဝမလွန်ပေမယ့် ဆေးလိပ်တအားသောက်တယ်ဆိုရင်လည်း သွေးကြောက ကျဉ်းနေနိုင်တယ်။ အဲဒီလိုအချိန်မှာ အားကစားလုပ်ရင်းနဲ့ ရုတ်တရက် နှလုံးသွေးကြောမှာ ပိတ်ဆို့ပြီးရပ်တန့်သေဆုံးတာမျိုး ဖြစ်နိုင်တယ်။ နောက်ပြီး အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ရောဂါတစ်ခု ရှိတယ်။ ဒါကတော့ နှလုံးခုန်မမှန်တဲ့ရောဂါပေါ့။ နှလုံးခုန်ရုတ်တရက်မြန်ပြီးတဲ့အခါမှာ နှလုံးရပ်တန့်သွားတတ်တယ်။ ကြိုတင်လက္ခဏာပြတဲ့သူတွေကတော့ တစ်ချက်တစ်ချက် ရင်တုန်တယ်ဆိုပြီး ပြတတ်တယ်။ တချို့ကလည်း လက္ခဏာမပြဘဲနဲ့ အားကစားလုပ်ရင်း ရုတ်တရက်ရင်တုန်ရာကနေ နှလုံးခုန်မြန်ပြီးတော့ နှလုံးရပ်လဲကျ သေဆုံးသွားတတ်တယ်။ ဒီအချက်တွေကတော့ အားကစားလုပ်နေစဉ်မှာ နှလုံးရုတ်တရက်ရပ်တန့်ပြီး သေဆုံးနိုင်တာဖြစ်တဲ့ အကြောင်းအချက်တွေပေါ့။

Voice : ဟုတ်ကဲ့။ ဒီလိုရောဂါတွေမဖြစ်အောင် ဘယ်လိုမျိုး ကြိုတင်ကာကွယ်လို့ ရနိုင်ပါသလဲ။
Dr.MAKN : ကြိုတင်ကာကွယ်တဲ့နည်းကတော့ အားကစားပြုလုပ်တဲ့သူတွေနဲ့ အထူးသဖြင့် ပြင်းပြင်းထန်ထန် အားကစားပြုလုပ်မယ့်သူတွေက နှလုံးနဲ့ပတ်သက်ပြီး စစ်ဆေးဖို့လိုတယ်။ နောက်တစ်ခုက မိသားစုရာဇဝင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရပ်တန့် သေဆုံးတာရှိရင် ကိုယ်တိုင်လည်း နှလုံးကိုစစ်ဆေးပြီးမှ အားကစားလုပ်သင့်တယ်။ နှလုံးထူတာအတွက် Echo စစ်ဆေးရင်တော့ ကြိုတင်သိနိုင်မယ်။ နှလုံးသွေးကြောကျဉ်းတဲ့သူတွေကတော့ ဆေးလိပ်သောက်တဲ့သူနဲ့ ကျန်းမာစွာနေထိုင်မှုပုံစံကို မလုပ်တဲ့အခါမှာ အသက် ၃၀ ပတ်ဝန်းကျင် လူတော်တော်များများမှာ နှလုံးသွေးကြောကျဉ်းရောဂါတွေ တွေ့နေရတယ်။ ဒီတော့ အားကစားလုပ်တော့မယ်ဆိုရင် ကိုယ့်ဆီမှာ အပေါ်ကပြောခဲ့တဲ့ ဖြစ်နိုင်ခြေများတဲ့အချက် ဘယ်အချက်များရှိမလဲ၊ အပေါ်မှာပြောခဲ့တဲ့ အချက်တွေက ပြုပြင်ပြောင်းလဲလို့ရတဲ့အချက်တွေဖြစ်တယ်။ ပြုပြင်ပြောင်းလဲလို့မရတဲ့ အချက်တွေရှိသေးတယ်။ အမျိုးသားဖြစ်တာ၊ အသက်က တဖြည်းဖြည်းကြီးလာတာ၊ မိသားစုရာဇဝင်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်တာပေါ့။ ဒီလိုအချက်တွေရှိတယ်ဆိုရင် ကြိုတင်စစ်ဆေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် ပြောချင်တာက အဓိကဖြစ်တဲ့ ဆေးလိပ်သောက်ခြင်းက အားကစားသမားနဲ့ ဆက်စပ်မှုရှိတဲ့အတွက်ကြောင့် ဆေးလိပ်လုံးဝမသောက်သင့်ဘူး။ သောက်နေတဲ့သူတွေအနေနဲ့လည်း ကြိုးစားဖြတ်ဖို့ ပြောချင်ပါတယ်။
နောက်ဆုံး နှလုံးခုန်မမှန်တာကတော့ သူ့ကိုကြိုပြီး ဘယ်လိုမှမသိနိုင်တဲ့ကိစ္စတစ်ရပ်ထဲမှာ ပါဝင်နေတယ်။ ဘာရာဇဝင်မှမရှိဘဲနဲ့ ကစားရင်းနဲ့မှ ပေါ်လာတာမျိုး။ ကြိုတင်ကာကွယ်လို့မရဘူး။ ဒီတော့ ဘယ်လိုရောဂါပဲဖြစ်ဖြစ် ဒီရောဂါသုံးခုထဲပဲပါပါ အားကစားလုပ်နေတဲ့သူတစ်ယောက်ကတော့ ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားမလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် နှလုံးကို ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေ စတင်တော့မယ်ဆိုတာကို သိစေတယ်။ သွေးလည်ပတ်မှုကို ပုံမှန်ပြုလုပ်စေတဲ့အတွက် ဘယ်အားကစားမဆို မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းကို ဆောင်ရွက်သင့်တယ်။ ဥပမာ - မီတာ ၄၀၀ ပြေးမယ်ဆိုရင် ကိုယ်က လမ်းတောင် ခပ်သွက်သွက်လျှောက်တဲ့အကျင့်မရှိဘဲ ပြေးပွဲဝင်လိုက်ရင် ပြဿနာဖြစ်နိုင်တယ်။ ပြင်းပြင်းထန်ထန်လုပ်မယ်ဆိုရင် တစ်ဆင့်ပြီးတစ်ဆင့် လုပ်သင့်တယ်။

Voice : အားကစားလုပ်ပြီး ရေတို့၊ ရေခဲရေတို့ သောက်ခြင်းကလည်း နှလုံးရုတ်တရက်ရပ်ပြီး အသက်သေဆုံးတာကို ဖြစ်စေနိုင်ပါသလား ဆရာ။
Dr.MAKN : အပေါ်မှာပြောခဲ့တာတွေက အားကစားလုပ်နေစဉ်မှာ ရုတ်တရက်လဲကျသေဆုံးခြင်း။ အခုကတော့ အားကစားလုပ်ပြီးတဲ့နောက်မှာ ရေသောက်လိုက်တဲ့အတွက် လဲကျသေဆုံးခြင်းပါ။ ဒါနဲ့ ပတ်သက်ရင် ဖြစ်နိုင်ဖွယ်ရာအချက်က နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ရေခဲရေနဲ့ အအေးတွေကို ရုတ်တရက် များများမော့ချလိုက်တဲ့အခါမှာ အာခေါင်နဲ့ ရေအေးရိုက်ခတ်မိတော့ အာခေါင်နောက်မှာ နှလုံးခုန်တာကို ထိန်းချုပ်ပေးတဲ့အာရုံကြောရှိတယ်။ အဲဒီအာရုံကြော ရုတ်တရက်အေးသွားရင် နှလုံးရုတ်တရက်ရပ်တန့်ပြီးတော့ သေဆုံးသွားနိုင်တယ်။ ရိုးရိုးရေထက် အေးခဲအောင်လုပ်ထားတဲ့ ရေခဲရေနဲ့အအေးတွေပေါ့။ နောက်တစ်ချက်ကတော့ မောတဲ့အချိန်မှာ အသက်ကိုပုံမှန်ထက်ပိုရှူတယ်။ မောတဲ့သူမှန်သမျှက အသက်ရှူနှုန်းမြန်နေတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ရေကိုသောက်ချလိုက်တဲ့အခါမှာ အသက်ရှူတာနဲ့ ရေမျိုချတာနဲ့ တစ်ပြိုင်နက်တည်းဖြစ်သွားခဲ့ရင် မျိုချလိုက်တဲ့ရေက အသက်ရှူလမ်းကြောင်းမှာ သွားပိတ်ဆို့ပြီးတော့ အသက်ရှူလမ်းကြောင်းပိတ်ဆို့သေဆုံးနိုင်တယ်။ ဒီအချက်နှစ်ချက် ဘာကွာသလဲဆိုတော့ ရေခဲရေ ရုတ်တရက်ထိတဲ့သူက နှလုံးသွေးကြောရပ်တဲ့အတွက် ဦးနှောက်ထဲရောက်တဲ့အခါမှာ မော့သောက်ရင်းနဲ့ နှလုံးရုတ်တရက်ရပ်ပြီး သေဆုံးသွားနိုင်တယ်။ နောက်တစ်ခုကတော့ ရုတ်တရက်လဲကျတာမျိုးမဟုတ်ဘဲနဲ့ အသက်ရှူလမ်းကြောင့် ပိတ်ဆို့တဲ့အခါမှာ အသံမထွက်နိုင်ဘဲ လဲကျသေဆုံးနိုင်တယ်။ ဒီနှစ်ခုကို ကာကွယ်ဖို့က အေးတာတွေ မသောက်ဖို့၊ မောနေတဲ့အချိန်မှာ အလောတကြီး မသောက်ဘဲနဲ့ ခဏနားပြီးမှ ရေကိုသောက်မယ်။ ရေကို ဂေါက်နဲ့စုပ်ပြီး သောက်ရတဲ့ဟာတွေနဲ့ဆိုရင်တော့ ရေနင်တာမျိုးတွေဖြစ်ဖို့ သိပ်မရှိဘူး။ သိပ်ပြီးအေးတာတွေကိုတော့ အားကစားလုပ်တဲ့သူပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အရှိန်နဲ့ မော့ချတာမျိုး မလုပ်သင့်ပါဘူး။

Voice : ဟုတ်ကဲ့။ အဲဒီလိုဖြစ်သွားပြီဆိုရင်ရော အသက်ဆုံးရှုံးမှုမရှိအောင် ဘယ်လိုလုပ်ဆောင်လို့ရနိုင်ပါသလဲ။
Dr.MAKN : ဖြစ်သွားပြီဆိုရင်တော့ Basic Life Support လို့ခေါ်တဲ့ အခြေခံအသက်ကယ်စောင့်ရှောက်နည်းကို ကျွမ်းကျင်တဲ့သူ ဘေးနားမှာရှိတယ်ဆိုရင်တော့ ရုတ်တရက် နှလုံးကအေးလို့ပဲရပ်ရပ်၊ ရေဝင်သွားလိုပဲ အသက်ရှူလမ်းကြောင်းပိတ်ပိတ် ဒါတွေကို သီးပြီးတော့ အပြင်ထုတ်လိုက်ရင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းရှိတယ်။ ဒါကြောင့် ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေက အခြေခံအသက်ကယ်စောင့်ရှောက်နည်းကိုသာ တတ်ကျွမ်းမယ်ဆိုရင် တချို့သော နှလုံးရပ်သွားမယ့်သူတွေကို ကယ်နိုင်မယ်လို့ ယူဆတယ်။

Voice : ဆရာ့အနေနဲ့ လူထုကို ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.MAKN : အခြေခံ အသက်ကယ်စောင့်ရှောက်နည်းက ဆရာဝန်မှ မဟုတ်ဘူး။ မည်သူမဆို တတ်ထားသင့်တဲ့ဘာသာရပ်ဖြစ်တဲ့အတွက် လေ့လာထားသင့်ပါတယ်။ ဒါတွေက ကာကွယ်လို့ရတဲ့ကိစ္စတွေဖြစ်တယ်။ ပြင်းပြင်းထန်ထန် အားကစားလုပ်မယ်ဆိုရင် နှလုံးကို ကြိုတင်စစ်ဆေးသင့်တယ်။ အထူးသဖြင့် အသက် ၃၀ နဲ့အထက် အားကစားသမားများ နှလုံးကို စစ်ဆေးထားသင့်ပါတယ်။ အားကစားလုပ်ခါနီး သွေးပူလေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

သီတာဆွေ