News

POST TYPE

INTERVIEW

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
09-Oct-2018
“မုန်တိုင်းလမ်းကြောင်းပြောင်းသွားနိုင်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ သတိပြုဖို့လိုပါတယ်”



ဒုတိယမုန်တိုင်းရာသီဖြစ်သည့် အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်တတ်လေ့ရှိသဖြင့် လက်ရှိဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ ဦးတည်ရာလမ်းကြောင်းနှင့် ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်နိုင်ခြေများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့မုန်တိုင်းက ဘယ်ကို ဦးတည်ရွေ့လျားမှာပါလဲ။
Dr. KMO : အိန္ဒိယ မိုးလေဝသကတော့ လာမည့်အောက်တိုဘာလ ၁၁ ရက်နေ့လောက်မှာ သူ့နိုင်ငံရဲ့ ဩရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ လက်ရှိ သင်္ချာပုံစံပြုမော်ဒယ်လ်တွေရဲ့ တွက်ထုတ်ချက်အရ အိန္ဒိယနိုင်ငံကိုပဲ ဦးတည်နေတယ်ဆိုပေမယ့် မြန်မာနိုင်ငံအနေနဲ့လည်း ဒီဟာကို သတိပြုစောင့်ကြည့်သင့်တယ်။ ပထမကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြားကနေ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဥရောပမိုးလေဝသစင်တာတွေကတော့ အိန္ဒိယနိုင်ငံကိုပဲ ဝင်မယ်လို့ ခန့်မှန်းခဲ့တယ်။ အခုတော့ သင်္ချာပုံစံပြု မော်ဒယ်လ်တွေအားလုံးရဲ့ တွက်ထုတ်မှုအရ အိန္ဒိယနိုင်ငံကိုပဲ ဦးတည်နေတယ်။ 

Voice : မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ 
Dr. KMO : လက်ရှိကတော့ မြန်မာ့ ကမ်းရိုးတန်းအနီးအနားမှာရှိနေတော့ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျနိုင်ပြီး လှိုင်းကြီးနိုင်တယ်။ မိုးသက်လေပြင်းကျချိန်မှာ ရေပြင်၊ မြေပြင်လေက တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ လောက်အထိ တိုက်နိုင်တယ်။ နောက်တစ်ချက်အနေနဲ့က ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်တို့ ရန်ကုန်တို့မှာလည်း ဒီရက်ပိုင်း မိုးပိုနေတဲ့အနေအထားရှိတယ်။ နောက်တစ်ခုက သူကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်မို့လို့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေမှာလည်း မိုးဆက်ရနိုင်တယ်။ ရခိုင်တို့ ဧရာဝတီတိုင်းတို့ကတော့ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့ အနေအထားရှိတော့ နည်းနည်းတော့ သတိထားရမယ်။

Voice : မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာရော မိုးရနိုင်လား။ နေရာကွက်ပြီး မိုးကြီးနိုင်တယ်ဆိုတော့ ဘာတွေသတိပြုရမလဲ။ 
Dr. KMO : အနောက်ဘက်က လေပွေလှိုင်းတွေကြောင့်လည်း အထက်ပိုင်းဒေသတွေ၊ ကချင်ပြည်နယ်တို့မှာ မိုးရနိုင်တယ်။ မိုးအများကြီးရွာလို့ မြေပြိုမှုလည်းဖြစ်နိုင်သလို့ မိုးနည်းနည်းလေးရွာလို့လည်း တချို့နေရာတွေမှာ မြေပြိုတာဖြစ်တယ်ပေါ့။ မိုးတအားကြီးမများပေမယ့် မြေသားမခိုင်မာတဲ့အခါ မြေပြိုမှုတွေ ဖြစ်လာနိုင်တာကို သတိပြုသင့်တယ်။

Voice :  အခုက ဒုတိယမုန်တိုင်းရာသီဆိုတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လောက်သတိထားဖို့လိုမလဲ။ မုန်တိုင်းတွေ ဆက်ဖြစ်လာနိုင်ဖို့ရှိသေးလား။ 
Dr. KMO : များသောအားဖြင့်တော့ ဒီအောက်တိုဘာ၊ နိုဝင်ဘာမှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၈၀၊ ၈၅ ရာခိုင်နှုန်းလောက်ကတော့ အိန္ဒိယနိုင်ငံကို အများဆုံးဝင်တယ်။ တစ်ခါတလေကျတော့ ဘင်္ဂလားဒေ့ရှ်ကိုဝင်တယ်။ မြန်မာနိုင်ငံကိုတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဝင်တယ်။ မိုးကြိုကာလတွေနဲ့ မိုးလွန်ကာလတွေမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လာပြီဆိုရင် မြန်မာနိုင်ငံအနေနဲ့ သတိပြုဖို့လိုတယ်။ အဲဒါကြောင့်မို့လို့ အိန္ဒိယကို ဝင်မယ်လို့ ခန့်မှန်းထားပေမယ့် မုန်တိုင်းလမ်းကြောင်း ပြောင်းသွားနိုင်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ သတိပြုဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကလည်း မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ပြီးမှ ပြန်ပြီးတော့ ကွေ့သွားတာရှိတယ်။ မုန်တိုင်းလမ်းကြောင်းတွေက ကမ်းရိုးတန်းတွေမှာ လေဖိအား အတက်အကျပေါ် အများကြီးမူတည်တယ်။ အခုက လက်ရှိမှာ သင်္ချာပုံစံပြုမော်ဒယ်လ်တွေအားလုံးက အိန္ဒိယကို ဦးတည်နေတယ်လို့ပြပေမယ့်လည်း ဒီကာလတွေမှာ မုန်တိုင်းတွေက မြန်မာနိုင်ငံကိုဝင်ခဲ့တဲ့ အစဉ်အလာမျိုးတွေ ရှိခဲ့ဖူးတာကြောင့် မြန်မာနိုင်ငံအနေနဲ့တော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေဖြစ်လာပြီဆိုရင် သတိထားဖို့လိုပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
 
ပြည့်ဖြိုးလင်း