News

POST TYPE

INTERVIEW

ခရစ်ယာန်သာသနာပြုများအား ဖမ်းဆီးခြင်းနှင့်ပတ်သတ်ပြီး “ဝ”ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံခြင်း
04-Oct-2018

ပုံစာ - UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရမ်း (ဓာတ်ပုံ : ဦးညီရမ်း၏ Facebook)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော လက်နက်ကိုင်များအနက် အင်အားအကြီးဆုံးဖြစ်သည့် “ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)က ၎င်းတို့ထိန်းချုပ်ထားရာ နယ်မြေများအတွင်းရှိ ခရစ်ယာန်သာသနာပြုများအား ပြီးခဲ့သည့်လအတွင်း ထိန်းသိမ်းခဲ့သည်။

မြန်မာ-တရုတ်နယ်စပ် UWSA နယ်မြေအတွင်းရှိ တရားမဝင် ဆောက်လုပ်ထားသည့် ဘုရားကျောင်းများအား ဖြိုဖျက်ခြင်း၊ သာသနာပြုများအား ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သတ်ပြီး နောက်ဆုံး အခြေအနေကို UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရမ်းအား Myanmar Now သတင်းထောက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး : “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ထိန်းသိမ်းထားတဲ့ ဓမ္မဆရာ ၁၀၀ ကျော်ကို အောက်တိုဘာ ၂ ရက်နေ့က ပြန်လွတ်လာတယ်ဆိုတာ မှန်ပါသလား။ ကျွန်တော်တို့ သိထားတာ ၁၀၀ ကျော်ဆိုတော့ အတိအကျ ဘယ်လောက်ရှိမလဲ။
ဖြေ : မှန်ပါတယ်။ တော်တော်များများက ခေါ်ယူစစ်ဆေးမေးမြန်းပြီးမှ ပြန်ခိုင်းလိုက်ပါပြီ။ အတိအကျကတော့ ကျွန်တော်လည်း မသိရသေးပါဘူး။

မေး : အခုလက်ရှိ ဓမ္မဆရာ ၇ ပါးတော့ ကျန်ရှိနေသေးတယ်။ ဘာလို့ ဆက်ဖမ်းထားတာလဲ။
ဖြေ : ကျွန်တော်အရင်တုန်းက ပြောခဲ့တဲ့အတိုင်းပဲ။ တချို့ကတော့ အစွန်းရောက်တဲ့လုပ်ရပ်တွေကြောင့်။ ဥပဒေဘောင်ကိုကျော်လွန်ပြီးမှ လုပ်တာကြောင့်ဖြစ်တယ်။ အဲ့ဒါကိုဆက်လက်ပြီးမှ တဆင့် လုပ်သင့်လုပ်ထိုက်တာ၊ ဥပဒေအရ ဘယ်လိုအရေးယူမလဲစသဖြင့် လုပ်ဆောင်သွားမယ်။ ဆက်လက်ပြီးမှ စစ်ဆေးနေပါတယ်။ ဘာသာရေးကြောင့် တချို့ရပ်ရွာတွေမှာ အမြင်ကွဲလွဲမှုတွေ ရှိလာတယ်။ အိမ်ထောင်မိသားစုတွေ အချင်းချင်း သဘောထားကွဲလွဲပြီး စည်းလုံးရေး ပျက်ပြားမှာစိုးလို့ဝင်ပြီး ထိန်းညှိပေးတယ်၊ ထိန်းသိမ်းတဲ့သဘောပဲ ဖြစ်တယ်။

မေး : လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ၉၂ ဦးကို ဖမ်းဆီးထားတယ်လို့ သိရတယ်။ သူတို့ကော လွတ်လာတဲ့အထဲပါလား။
ဖြေ : အဲ့သတင်းနဲ့ပတ်သက်ပြီးမှ တက်လာတာတော့ တွေ့ရတယ်။ ဒါပေမယ့် တကယ် ဟုတ် မဟုတ်ဆိုတာ အတိအကျ မသိရသေးဘူး။ ဘယ်ကနေရလာတဲ့ သတင်းလဲဆိုတာ အတည်ပြုဖို့ နည်းနည်းခက်နေတယ်။

မေး : လားဟူနှစ်ခြင်းဓမ္မဆရာတွေကို စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သိချင်ပါတယ်။
ဖြေ : ဒါကို ကျွန်တော်အတည်ပြုလို့ မရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ “ဝ”ပြည်မှာ တစ်အိမ်တစ်ယောက်တော့ စစ်မှုထမ်းနေကြပါ။ ဘာသာရေးကိုအကြောင်းပြပြီး စစ်မှုမထမ်းချင်လို့လားစသဖြင့် အကြောင်းပြချက်တွေရှိတယ်။ 

မေး : - အခုလွတ်လာတဲ့သူတွေက ဘယ်မှာနေနေလဲ။
ဖြေ : သူတို့ရဲ့နေရပ်ကို ပြန်ရောက်နေပါပြီ။ သူတို့ အမှုတော်ဆောင်တဲ့နေရာပေါ့။ အနယ်နယ် အရပ်ရပ်ကဆိုတော့။

မေး : ဘုရားကျောင်း ဖျက်ဆီးတယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ : အားလုံးကလည်း သိနေပြီးသားဖြစ်တယ်လေ။ လွန်ခဲ့တဲ့ စက်တင်ဘာလက တရုတ်လိုနဲ့ “ဝ”ဗဟိုကထုတ်ပြန်တဲ့ (ထုတ်ပြန်ချက်အရ) ခွင့်ပြုချက်မရဘဲနဲ့ ဆောက်တဲ့ဘုရားကျောင်းတွေ၊ လက်ဝါးကားတိုင်တွေကို ဖျက်တယ်လို့သိရတယ်။ ကျွန်တော်တို့ “ဝ”ပြည်မှာ စည်းကမ်းရှိပြီး စနစ်ရှိတဲ့ မည်သည့်ကိုးကွယ်မှုကိုမဆို လွတ်လပ်စွာ ခွင့်ပြုထားတယ်ဆိုတဲ့ ဥပဒေရှိပါတယ်။

မေး : ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပါဦး။
ဖြေ : စည်းလုံးညီညွတ်မှုကို ပိုပြီးခိုင်မာစေချင်တဲ့ပုံစံမျိုးနဲ့ ဝင်ရောက်ထိန်းသိမ်းတဲ့သဘောပါ။ မကြာခင် အဆင်ပြေသွားမှာပါ။

မေး : လွတ်မြောက်လာတဲ့သူတွေက ခံဝန်ချက်ထိုးတယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာပြောပြပါလား။
ဖြေ : ဒါကတော့ သူတို့ ကာယကံရှင်တွေကို မေးမှသိရပါမယ်။ သူတို့ကိုမေးကြည့်ပါ။ 

မေး : အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဖြေ : ကျေးဇူးပါပဲ။

လွမ်းဒေါင်/ Myanmar Now