News

POST TYPE

INTERVIEW

နှင်းအိရွှေရည်နဲ့ တွေ့ဆုံခြင်း
03-Oct-2018
“သူ့ဟာသူ လက်ရှိယူထားတဲ့ အမျိုးသမီးနဲ့ကလေးဘယ်နှယောက်ပဲ ထွန်းကား၊ ထွန်းကား၊ ညီမ သမီးလေးသည် သူ့သမီးဆိုတဲ့ အမှန်တရားတစ်ခုကိုတော့ လက်ခံရပါမယ်” 



သရုပ်ဆောင်မင်းထက်ကို ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲဆိုထားတဲ့ နှင်းအိရွှေရည်နဲ့တွေ့ဆုံပြီး အမှုအကြောင်း၊ မိခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့ ခံစားချက်တွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : သရုပ်ဆောင်မင်းထက်ကို ကာမလိမ်လည်ရယူမှုနဲ့တရားစွဲဆိုဖြစ်ခဲ့တဲ့အကြောင်းကနေစပြီး ပြောပြပေးပါဦး။
HESY : သူက ပတ်ဝန်းကျင်မှာရော၊ မီဒီယာတွေမှာပါ ဒီကလေးက သူ့ကလေးဆိုတာ မသေချာဘူးလို့ ပြောတာက ညီမရဲ့ရပ်တည်မှု၊ ညီမရဲ့သိက္ခာပိုင်းကို အရမ်းစော်ကားလာသလို ခံစားရတယ်။ ညီမဘဝမှာ လေးနှစ်ခွဲ၊ ငါးနှစ်ကာလလုံး သူ့အနားမှာပဲ တစ်ချိန်လုံး အချိန်ပေးခဲ့ရတာပါ။ ညီမမှာ နောက်ဆုံး မိန်းကလေးသူငယ်ချင်းတောင် မရှိတော့ဘူးပေါ့နော်။ အဲဒီလောက်အထိကို သူ့ဘေးနားမှာ ညီမရပ်တည်ပေးခဲ့ရတယ်။ ညီမ သမီးလေးက သူ့သွေးဟုတ်တယ်၊ မဟုတ်ဘူးလို့ ပြောတာက ညီမရဲ့ သိက္ခာပိုင်းကို အရမ်းထိခိုက်လာတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အမှန်တရားကို သူသိပါတယ်။

Voice : ကလေးရဲ့ ဖခင်က မင်းထက် ဟုတ်မဟုတ်၊ ကွဲကွဲပြားပြားသိရဖို့ ဘာတွေဆက်လုပ်သွားမလဲ။
HESY : ညီမဘက်က သူ့ကို ကလေးရဲ့ဖခင် ဟုတ်၊ မဟုတ်သိချင်ရင် DNA စစ်လိုက်ပါလို့ ပြောခဲ့ပါတယ်။ DNA စစ်လို့မဟုတ်ဘူးဆိုရင် ပြန်တရားစွဲလို့ရတယ်လို့ သူ့မိတ်ဆွေ၊ အပေါင်းအသင်းတွေကတစ်ဆင့် ညီမ သူ့ကို ပြောခဲ့ပါတယ်။ ညီမဘက်က မှားနေရင် သူတို့ပေးသမျှအပြစ်ကို ညီမခံယူမယ်။ ဟုတ်ခဲ့တယ်ဆိုရင်တော့ အမှန်တရားဘက်က ရပ်တည်ပေးပါလို့ ပြောခဲ့ပါတယ်။ အခုချိန်မှာလည်း DNA စစ်ဖို့အတွက် သူ့ကို ညီမ စောင့်နေပါတယ်။ 

Voice : မင်းထက်မှာက လက်ထပ်ထားတဲ့ ဇနီးရှိနေပြီဆိုတော့ ကိုယ့်ဘက်က ဘာတွေ ဆက်လုပ်ဖို့ စဉ်းစားထားလဲ။
HESY : ညီမအတွက်တော့ သူ့ဟာသူ ဘယ်မိန်းကလေးနဲ့ပဲယူယူ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ညီမရဲ့ သမီးလေးသည် သူ့သမီးဆိုတာကိုတော့ သူအသိအမှတ်ပြုပေးရမယ်။ သူ့ဟာသူ လက်ရှိယူထားတဲ့ အမျိုးသမီးနဲ့ ကလေးဘယ်နှယောက်ပဲ ထွန်းကား၊ ထွန်းကား၊ ညီမသမီးလေးသည် သူ့သမီးဆိုတဲ့ အမှန်တရား တစ်ခုကိုတော့ လက်ခံရပါမယ်။ ညီမဘက်က အဲဒီအချက်တစ်ခုပဲ တောင်းဆိုချင်ပါတယ်။

Voice : ညီမဘက်က မင်းထက်ကို လျော်ကြေး သိန်းငါးရာ တောင်းခဲ့တယ်ဆိုတာရော ဟုတ်လား။
HESY : သူတို့ပြောသလို သိန်းငါးရာရခဲ့ရင်တောင် ညီမဘာလုပ်ရမှာလဲ။ အဲဒီငွေသိန်းငါးရာနဲ့ ညီမရဲ့ သိက္ခာ၊ ညီမသမီးလေးရဲဘဝကို ရင်းရမှာလေ။ အဲဒီလို အလုပ်မျိုးကို ညီမမလုပ်ဘူး။ သူ့ဘက်ကနေ ကလေးရဲ့အဖေ မဟုတ်ဘူးလို့ ငြင်းနေတဲ့အချိန်မှာ DNA လာစစ်ဖို့ ညီမပြောခဲ့တယ်။ အဲဒီမှာ သူက သူ့သူငယ်ချင်းတစ်ယောက်ကို ညီမဆီကို လွှတ်လိုက်ပါတယ်။ အဲဒီအစ်ကိုက ပြန်ပြောတယ်။ ညီမက DNA မစစ်ချင်ဘူးလို့သိထားတာတဲ့။ အစ်ကိုရယ် ဘယ်လိုပြောလိုက်တာလဲ။ ညီမသမီးလေးအတွက် အထောက်အထားတစ်ခုရအောင် DNA စစ်ချင်တာပေါ့လို့ ညီမပြောခဲ့ပါတယ်။

Voice : တရားရုံးမှာ စပြီးဆုံကြတဲ့နေ့မှာ မင်းထက်က တံတွေးနဲ့ ထွေးခဲ့တဲ့အပေါ်ကိုရော ဘယ်လိုခံစားရလဲ။
HESY : အမှန်အတိုင်းပြောရရင် သူအဲဒီလိုလုပ်လိမ့်မယ်လို့ ညီမမထင်ထားပါဘူး။ အဲဒီနေ့က မီဒီယာတွေရှိနေတာတော့သိတယ်။ သူ အဲဒီလိုလုပ်တာကို မှတ်တမ်းယူထားမှန်းလည်း ညီမမသိဘူး။ ညီမကတော့ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားပြီးတော့ လျှောက်လာတဲ့အချိန်မှာပဲ နောက်ကနေ ထွီဆိုတဲ့အသံ ကြားလိုက်ပေမယ့် သူလို့တောင် မထင်ထားခဲ့ပါဘူး။ ညီမ စောင်းကြည့်လိုက်တဲ့အချိန်မှာ သူတို့နှစ်ယောက်ဖြစ်နေတာကို သိလိုက်ရတယ်။ ညီမလေ ဘာစကားမှတောင် ပြန်မပြောနိုင်ဘူး။ သူဘယ်လိုစိတ်ကူးနဲ့ လုပ်လိုက်တာလဲ၊ ဘာကြောင့် လုပ်လိုက်တာလဲ။ ညီမ ဗီဒီယိုဖိုင်မှာ ပြန်ကြည့်တော့ သမီးလေးက သူ့ကို ငေးကြည့်နေတာ။ အဲဒီအချိန်မှာ သူလုပ်လိုက်တာ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။

Voice : လက်ရှိမှာ Single Mother တစ်ယောက်အနေနဲ့ သမီးလေးရဲ့ အနာဂတ်ကိုရော ဘယ်လိုအကောင်းဆုံး ပုံဖော်ပေးသွားမလဲ။
HESY : အရင်တုန်းကတော့ Single Mother တွေအကြောင်း ညီမသိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ထပ်တူထပ်မျှ ခံစားရတာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်တိုင် Single Mother ဖြစ်လာတဲ့အချိန်မှာ ဘဝတူမိန်းကလေးတွေဆီကနေ စိတ်ဓာတ်မကျဖို့ အားပေးမှုတွေလည်း အများကြီးရခဲ့ပါတယ်။ အဲဒီအခါကျတော့မှ ငါ့လိုပဲ ယောကျာ်းတစ်ယောက်ကို ယုံကြည်မိလို့၊ အချစ်ကို ကိုးကွယ်မိလို့ဒီလိုဘဝကိုရောက်နေတဲ့ မိန်းကလေးတွေ ရှိပါလားဆိုတာကို ပိုသိလာတယ်။ ညီမကိစ္စကတော့ မီဒီယာတွေက အာရုံစိုက်မိသွားတဲ့အတွက် လူတွေသိသွားတာပေါ့နော်။ လူမသိ၊ သူမသိ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေအများကြီး ရှိနေပါသေးတယ်။ 

Voice : ကိုယ့်ရဲ့ သမီးလေးအတွက်ကိုရော မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုရင်ထဲမှာ ခံစားရလဲ။
HESY : အမှန်အတိုင်း ပြောရရင် သမီးလေးက အခုမှ လူ့လောကထဲကို ခြေလှမ်းခါစရှိပါသေးတယ်။ သမီးလေးကိုလည်း Account အတုတွေနဲ့ ပြောဆိုကြတာတွေလည်းရှိပါတယ်။ အဲဒီလူတွေက ဘယ်သူတွေ ဆိုတာကိုလည်း ညီမ သိထားပါတယ်။ ဒါပေမဲ့ ညီမထုတ်မပြောတော့ပါဘူး။ ဒီကလေးလေးက မကောင်းတဲ့ ကလေးပေါက်စလေးဆိုပြီး ပြောခံရတဲ့အချိန်မှာ အရမ်းကိုစိတ်မကောင်းဖြစ်ပါတယ်။ ညီမကို ကြိုက်သလောက် တိုက်ခိုက်ပါ။ ညီမက ခံနိုင်ရည်ရှိပါတယ်။ သမီးလေးကိုတော့ မထိခိုက်စေချင်ဘူး။

သန့်ဇင်ဦး