News

POST TYPE

INTERVIEW

မြေငလျင်ကြောင့် ပြိုကျသည့် အဆောက်အအုံများအောက် ပိတ်မိနေသူများကို အင်ဒိုအာဏာပိုင်များ အပူတပြင်းရှာဖွေ၊ ငလျင်လှုပ်စဉ် ထောင်ဖောက်ပြေးသူ ထောင်နှင့်ချီရှိ
02-Oct-2018


ပါလူ-ဂျကာတာ၊ အောက်တိုဘာ ၁ 

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းရှိ ပါလူမြို့တွင် မြေငလျင်နှင့် ဆူနာမီကြောင့် ပြိုကျပျက်စီးသွားသည့် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများစွာ ကျန်ရှိနေသေးသည်ဟု ယုံကြည်ရပေရာ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၎င်းတို့ကိုတွေ့ရှိရန် အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

အချို့နေရာများတွင် ပြိုကျနေသော အဆောက်အအုံ အပျက်အစီးများအောက်ဘက်မှ အော်ဟစ်အကူအညီ တောင်းသံများ ကြားရသော်လည်း စက်ယန္တရားများ အခက်အခဲကြောင့် အလျင်အမြန်ကယ်ထုတ်၍ မရနိုင်ဘဲ ဖြစ်လျက်ရှိသည်။ 

လက်ရှိအချိန်အထိ အာဏာပိုင်များ၏ အတည်ပြုချက်အရ သေဆုံးသူဦးရေ အနည်းဆုံး ၈၃၂ ဦးရှိသွားပြီသည်။ သို့သော် အချို့သောနေရာများကို ကယ်ဆယ်ရေးအဖွဲ့ဝင်များ မရောက်ရှိနိုင်သေးသောကြောင့် သေဆုံးသူဦးရေမှာ ထပ်မံတိုးမြင့်လာမည်ဟု ခန့်မှန်းရသည်။

အစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်အရ သေဆုံးသူများ၏ ရုပ်အလောင်းများကို အစုလိုက် တစ်ပြိုင်တည်း မြေမြှုပ်သြင်္ဂိုဟ်ရန် စီစဉ်ခဲ့ရကြောင်း၊ အကြောင်းမှာ ကူးစက်ရောဂါပိုးများ ပျံ့နှံ့ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း သိရသည်။ 

ပြိုကျပျက်စီးနေသော အဆောက်အအုံများအောက်တွင် ပိတ်မိနေနိုင်သူ ဒါဇင်နှင့်ချီ၍ရှိနိုင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်များက ခန့်မှန်းထားသည်။ 

“ဆက်သွယ်ရေးကလည်း အကန့်အသတ်နဲ့၊ စက်ယန္တရားကြီးတွေကလည်း အကန့်အသတ်နဲ့ဆိုတော့ ပြိုကျသွားတဲ့ တိုက်တွေအောက်မှာ ပိနေတဲ့သူတွေကို ရှာဖို့ အင်မတန် အခက်ကြုံနေရတယ်”ဟု အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပူဝိုနူဂရိုဟိုက ပြောကြားသည်။ 

ငလျင်လှုပ်ခတ်ပြီးနောက် ၇၂ နာရီ ခန့်အကြာ၊ တနင်္လာနေ့တွင် အင်ဒိုနီးရှားအစိုးရက သတင်းထုတ်ပြန်ရာ၌ ဆူလာဝေစီပြည်နယ် မြေငလျင်ကြီးလှုပ်ခတ်သွားစဉ် အကျဉ်းထောင်ဖောက်ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ 

မြေငလျင်နှင့် ဆူနာမီဖြစ်ပေါ်စဉ် ယင်းဒေသမှ အကျဉ်းသား ၁၂၀၀ ဦးခန့် အကျဉ်းထောင်များမှ ထွက်ပြေးလွတ်မြောက်သွားသည်ဟု အစိုးရက ဆိုသည်။ 

အင်ဒိုနီးရှား တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆရီပူဂါအူတာမီက ဒွန်ဂါလာမြို့ရှိ အကျဉ်းထောင်တွင်လည်း ထောင်ဖောက်ပြေးမှုရှိခဲ့သလို ပါလူမြို့မှ အကျဉ်းထောင်နှစ်ခုတွင်လည်း အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုရှိခဲ့ကြောင်း ပြောကြားသည်။ 

“သူတို့ မရမက ထွက်ပြေးသွားကြတာဟာ ဘာ့ကြောင့်လဲဆိုရင် မြေငလျင်ကြောင့် သူတို့ ဒုက္ခတွေ့လိမ့်မယ်လို့ထင်ပြီး ကြောက်လန့်တကြားဖြစ်ခဲ့တာကြောင့် လို့ထင်ပါတယ်။ ဒါဟာအကျဉ်းသားတွေအတွက် သေရေး၊ ရှင်ရေးတမျှ အရေးကြီးတဲ့ အချိန်ကာလတစ်ခုပဲလေ”ဟု ၎င်းက ပြောကြားသည်။ 

ဒွန်ဂါလာမြို့မှ အကျဉ်းထောင်မှာမူ မီးရှို့ခံခဲ့ရပြီး စုစုပေါင်းအကျဉ်းသား ၃၄၃ ဦးစလုံး ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။ 

ယင်းအကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းချခံထားရသူ အများစုမှာ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု စသည့်ပြစ်မှုများကို ကျူးလွန်ခဲ့သူများ ဖြစ်ကြသည်။ 

သို့သော် ကံကောင်းသွားသည့်အချက်မှာ အစွန်းရောက်အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံထားရသူငါးဦးမှာ ငလျင်မလှုပ်ခတ်စဉ် ငါးရက်အလိုကတည်းကအခြား အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသည်ဟု ၎င်းက ဆိုသည်။ 

အစိုးရအရာရှိကြီးများ၏ အဆိုအရ လူပေါင်း ၅၄၀ ခန့်မှာ ဒဏ်ရာဆိုးရွားစွာ ရရှိသွားကြသည်။ 

F-01


  • VIA