News

POST TYPE

INTERVIEW

အင်ဒိုနီးရှားမြေငလျင်နှင့် ဆူနာမီကြောင့် ၈၀၀ ကျော်သေဆုံး
01-Oct-2018


ဂျကာတာ၊ စက်တင်ဘာ ၃၀

ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ဖြစ်ပေါ်ခဲ့သော အင်အားပြင်း မြေငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူဦးရေမှာ ၈၃၂ ကျော်ထိရှိခဲ့ပြီး ယခုအခါ အဆိုပါဒေသရှိဆေးရုံများတွင် ဒဏ်ရာရရှိသွားသူ ရာပေါင်းများစွာကို ကုသပေးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း အင်ဒိုနီးရှားသတင်းဌာနများက ရေးသားဖော်ပြသည်။ 

ကယ်ဆယ်ရေးအဖွဲ့များသည် ဆူနာမီလှိုင်းများ တိုက်ခတ်ခြင်းခံခဲ့ရသောနေရာ ဒေသများသို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။ 

မြေငလျင်လှုပ်ခတ်ကာ ဆူနာမီဖြစ်ပေါ်ခဲ့ပြီးနောက် ပထမပိုင်းထွက်ရှိလာသည့် သတင်းများအရ လူအနည်းအကျဉ်းမျှ သို့မဟုတ် တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိဟု သတင်းထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ကမ်းခြေဒေသ၌ လူသေအလောင်း အမြောက်အမြားကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက စတင်တွေ့ရှိခဲ့ကြသည်။ 

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သေဆုံးသူဦးရေ အနည်းဆုံး ၈၀၀ ကျော်ခန့်ရှိပြီး ဒဏ်ရာရရှိသွားသူ ဦးရေမှာ ရာပေါင်းများစွာရှိနေကာ အတည်မပြုနိုင်သေးပေ။ ထို့ပြင် ပျောက်ဆုံးနေသူ ဦးရေမည်ရွေ့မည်မျှရှိသည်ကိုလည်း အတိအကျမသိနိုင်သေးကြောင်း အာဏာပိုင်များက ဆိုသည်။ 

သောကြာနေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၅ ရှိ ငလျင်ဒဏ်ကို ဆိုးရွားစွာထိခိုက်ခံစားခဲ့ရသည့် ပါလူမြို့တွင် ပြိုကျသွားသည့် ဟိုတယ်တစ်ခု၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများစွာ ကျန်ရှိနေသေးသည်။ ယင်းဟိုတယ်သည် ၆ မီတာကျော်ခန့်မြင့်သည့် လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကိုလည်း ခံခဲ့ရသည်။ 

ဆူနာမီလှိုင်းလုံးကြီးများ တက်လာချိန်တွင် ပါလူမြို့အပန်းဖြေကမ်းခြေ၌ ပျော်ပွဲရွှင်ပွဲတစ်ရပ် ကျင်းပနေခဲ့ရာ လူအမြောက်အမြား ရောက်ရှိနေခဲ့သည်။ 

အင်ဒိုနီးရှား ဘူမိရူပဗေဒအေဂျင်စီ (BMKG) မှ တာဝန်ရှိသူတစ်ဦးက ပါလူမြို့အနီး ပင်လယ်ပြင်တွင်တပ်ဆင်ထားသော ဆူနာမီစောင့်ကြည့်သည့် ဆင်ဆာကိရိယာမှာ ဧရာမဆူနာမီလှိုင်းလုံးကြီးများကို ဖမ်းယူသတိပေးနိုင်ခြင်းမရှိခဲ့ဟု ပြောကြားသည်။ 

“ပါလူမြို့မှာ ဆူနာမီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အတိအကျမရရှိခဲ့ပါဘူး၊ ဟုတ်ပါတယ်။ ဆင်ဆာကိရိယာစနစ်ကို ပိုကောင်းအောင် လုပ်ခဲ့ရမှာ။ နောင်အနာဂတ်မှာ ပိုကောင်းအောင်လုပ်မှ ဖြစ်မှာပါ”ဟု ၎င်းက ဆိုသည်။ 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အဆိုပါမြေငလျင်နှင့် ဆူနာမီကြောင့် ထိခိုက်ပျက်စီးသွားသည့် နေရာဒေသများသို့ သွားရောက်ကြည့်ရှုရန် စီစဉ်ထားသည်။ 

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) အကြီးအကဲဖြစ်သူ ဝီလျံရမ်ပန်ဂီလီက ပါလူတွင် သေဆုံးသူဦးရေ ၈၀၀ ကျော် ရှိသွားပြီဖြစ်သည်ဟု ပြောကြားသည်။ အစိုးရအရာရှိကြီးများ၏ အဆိုအရ လူပေါင်း ၅၄၀ ကျော်မှာ ဒဏ်ရာဆိုးရွားစွာ ရရှိသွားကြသည်။ 

“ပါလူက ကယ်ဆယ်ရေးစခန်း ၅၀ လောက်မှာ ဒုက္ခသည် တစ်သောင်းကျော်လောက် ရောက်နေတယ်။ လောလောဆယ် အခက်တွေ့နေတာက ဘာလဲဆိုရင် ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေအောက်မှာ ပိနေတဲ့သူတွေကို ဖယ်ရှားဖို့ အကြီးစား စက်ယန္တရားကြီးတွေ မရရှိသေးတာပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

F-01


  • VIA