News

POST TYPE

INTERVIEW

သက်မွန်မြင့်နဲ့ တွေ့ဆုံခြင်း
30-Sep-2018
“ကိုယ်စိတ်ဓာတ်ကျတဲ့ အခါမျိုးတွေမှာဆို အတိတ်ကို ပြန်ကြည့်လိုက်တယ်”



နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်နဲ့တွေ့ဆုံပြီး ဇာတ်လမ်းရွေးချယ်ရိုက်ကူးမှုတွေအကြောင်း၊ အနုပညာလောက ဖြတ်သန်းမှုအမှတ်တရများနဲ့ အိမ်ထောင်ရေးအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိ အသက်အရွယ်မှာ သက်မွန် ဘယ်လိုဇာတ်လမ်းမျိုးတွေကို ပိုပြီးတော့ရိုက်ကူးချင်လဲ။
TMM : အခုနောက်ပိုင်းမှာ သက်မွန်ကံကောင်းတယ်လို့ပြောရမယ်။ ကိုယ့်ကိုလာပြောတဲ့ ဇာတ်လမ်းတွေက ကိုယ်မရိုက်ဖူးသေးတာတွေများတယ်။ ကာရိုက်တာတွေဆိုလည်း မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေများတယ်။ ဒီအရွယ်မှာကျတော့ ကိုယ့်ကို လာပြောတဲ့ ဇာတ်တွေက လူငယ်ဆန်တဲ့ ဇာတ်လမ်းမျိုးတွေတော့ မဟုတ်တော့ဘူးပေါ့။ ကလေးအမေ၊ အိမ်ထောင်ရေးဇာတ်၊ အက်တင်ကိုပိုပြီးတော့ လုပ်ပြရမယ့် ဇာတ်လမ်းမျိုးတွေ လာငှားကြတာများပါတယ်။

Voice : ကိုယ့်ကို လာပြောတဲ့ ဇာတ်လမ်းမျိုးတွေထဲက ဘယ်လိုဇာတ်လမ်းတွေဆို ငြင်းဖြစ်တာများလဲ။
TMM : သက်မွန်ကတော့ လာငှားတဲ့ ဇာတ်ကားတိုင်းကိုတော့ မရိုက်ဖြစ်ဘူး။ ငယ်ငယ်တုန်းကတော့ ကားရိုက်နေရရင်ကို ပျော်နေတော့ ဇာတ်ကားတော်တော်များများ ရိုက်ဖြစ်ခဲ့တယ်။ အခုအရွယ်မှာကျတော့ ကားရိုက်များဖို့ထက် တစ်ကားဆိုတစ်ကား သေချာလေးရိုက်ချင်တယ်။ ကိုယ့်ကို လာပြောတဲ့ ဇာတ်တွေကို မကြိုက်ရင် ငြင်းဖြစ်တယ်။ တစ်လလုံး ကားရိုက်မရှိဘဲ ထိုင်နေရရင်လည်းဘာမှမဖြစ်ဘူး။ ဒီတိုင်းနေလိုက်တာပဲ။ ကိုယ်သိပ်စိတ်တိုင်းမကျတဲ့ ဇာတ်မျိုးကို ရိုက်လိုက်ပြီးတော့မှ ရုံတင်တဲ့အခါ ရလဒ်မကောင်းရင် ဘာမှမထူးဘူးလေ။ 

Voice : ကလေးနှစ်ယောက်မိခင် ဖြစ်လာပေမယ့် လက်ရှိအချိန်အထိ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်ကားတွေရိုက်ခွင့်ရနေသေးတာ ဘာကြောင့်ဖြစ်မလဲ။
TMM : အဲဒါကတော့ ပရိသတ်တွေက ကိုယ့်ကိုချစ်လို့၊ အားပေးလို့ဒီအချိန်အထိ ရပ်တည်ခွင့်ရနေတာပါ။ ကိုယ့်အပေါ်မှာ သူတို့ချစ်ကြတယ်၊ မေတ္တာထားကြတယ်။ အားပေးကြတယ်ပေါ့။ ကိုယ့်ဘက်ကလည်း ပရိသတ်တွေမမုန်းအောင်နေထိုင်တယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမရှိအောင်၊ ကာရိုက်တာပီပြင်အောင် ကြိုးစားတယ်။ အဓိက,ကတော့ ပရိသတ်တွေက ကိုယ့်ကို ချစ်တဲ့အချစ်တွေကြောင့် ဒီအချိန်အထိ အလုပ်ဆက်လုပ်ခွင့်ရနေတာပါ။

Voice : လက်ရှိခေတ်မှာက အနုပညာအရည်အသွေးထက်၊ အွန်လိုင်းမှာ ဂယက်ထအောင်လုပ်နိုင်ရင်လည်း လူတွေအာရုံစိုက်ခံရတဲ့ ခေတ်ဖြစ်နေတယ်နော်။ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
TMM : ကိုယ်တွေးတာပေါ့နော်။ အခုခေတ်မှာက ပေါ်ပြူလာဖြစ်ဖို့ အရမ်းလွယ်တယ်။ မီဒီယာတွေလည်း အများကြီးရှိလာတယ်။ အခုခေတ်က ဖေ့စ်ဘွတ်ခ်မှာ နာမည်ကြီးရင်ကို ရုပ်ရှင်ရိုက်ရတာတွေ ဘာတွေ ဖြစ်လာတော့ ပေါ်ပြူလာဖြစ်ဖို့၊ လူသိဖို့တော့ အရမ်းလွယ်တယ်။ ဒါပေမဲ့ ရေရှည်ရပ်တည်ဖို့ကျတော့ ကိုယ့်ဘက်က အားစိုက်ထုတ်မှုမရှိဘဲနဲ့ မကြိုးစားဘဲနဲ့တော့ မရဘူးပေါ့။ ကိုယ်ကကျတော့ အရည်အချင်းရှိရှိနဲ့ ရပ်တည်နိုင်တဲ့သူပဲဖြစ်ချင်တယ်။ ကိုယ့်ဇာတ်ကားကို လာကြည့်ပြီးတော့မှ ဘာမှလည်း မဟုတ်ဘူးဆိုပြီး အပြောခံရမှာလည်း ကြောက်တယ်။

Voice : အနုပညာလောကမှာ ကိုယ်စိုက်ခဲ့တဲ့ အောင်မြင်မှုမှတ်တိုင်လေးတွေကိုရော ဘယ်လောက်အထိ ကျေနပ်အားရမှုရှိလဲ။
TMM : သက်မွန်အများကြီး ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ကိုယ်စိတ်ဓာတ်ကျတဲ့ အခါမျိုးတွေမှာဆို အတိတ်ကို ပြန်ကြည့်လိုက်တယ်။ ကိုယ် အများကြီး ကျော်ဖြတ်ခဲ့ပြီးပြီလေ။ တကယ်တမ်း ဒီအနုပညာလောကကို ရောက်ဖို့ဆိုတာ ကိုယ့်အတွက် အလှမ်းဝေးလွန်းတယ်။ သက်မွန်တို့ခေတ်က ချင်းတောင်ဆိုတာ မဂ္ဂဇင်းတောင်မှ လမှန်အောင် မရောက်တဲ့နေရာမျိုးလေ။ မော်ဒယ်လ်ဆိုတာလည်း ကြားဖူးတာပဲရှိတယ်။ ဘယ်လိုပုံစံရှိရမယ်၊ ဘယ်လိုအလုပ်တွေ လုပ်ရလဲဆိုတာကို သိတာမဟုတ်ဘူးလေ။ အနုပညာလောကကို စဝင်တဲ့အချိန်တုန်းကလည်း ကိုယ်က ပြည့်စုံတဲ့သူမဟုတ်ဘူး၊ မိဘဆွေမျိုးဆိုတာလည်း ရန်ကုန်မှာမရှိကြဘူး။ လုံးဝ အစိမ်းသက်သက်ကြီးကနေ ဒီနေရာအထိ ရောက်လာတယ်ဆိုတော့ အားပေးတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

Voice : ကိုယ့်ရဲ့လက်ရှိရထားတဲ့ မိသားစုဘဝလေးကိုရော သက်မွန်ဘယ်လောက်အထိ ကျေနပ်လဲ။
TMM : ကိုယ့်ရဲ့ မိသားစုဘဝလေးကိုလည်း ကျေနပ်ပါတယ်။ ကိုစစ်နိုင်က သက်မွန်နဲ့ပတ်သက်တဲ့ ဘယ်လိုအရာမျိုးမဆို သူလက်ခံပေးတယ်။ နားလည်ပေးတယ်။ ယောကျာ်းတစ်ယောက်အနေနဲ့တင်မဟုတ်ဘဲ သူငယ်ချင်းလိုလည်းပေါင်းလို့ရတယ်။ အစ်ကိုတစ်ယောက်လိုလည်း တိုင်ပင်လို့ရတယ်။ သူက ကိုယ့်အတွက် အများကြီး ရပ်တည်ပေးတယ်၊ ကူညီပေးတယ်ဆိုတော့ သက်မွန်ကံကောင်းတယ်လို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ အားသာချက်တွေကိုလည်း သူပြောပြပေးတယ်။ အားနည်းချက်တွေဆိုရင်လည်း ပြောင်းလဲဖို့ တိုက်တွန်းပေးတယ်။ သက်မွန် ကံကောင်းပါတယ်။

Voice : တစ်လောက ဖေ့စ်ဘွတ်ခ်မှာ ခံစားမှုစာစုလေးတွေ တင်ဖြစ်တော့ ပရိသတ်တချို့ကလည်း သက်မွန်မှာ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်မွန်းကျပ်စရာလေးတွေရှိလို့လားလို့ထင်ကြတယ်။
TMM : အခုနောက်ပိုင်းကျတော့ ကားရိုက်တွေလည်း သိပ်အများကြီး လက်မခံဖြစ်တော့တဲ့အတွက် အရင်ထက် အချိန်တွေပိုရလာတယ်။ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေဖတ်ဖြစ်တယ်၊ သီချင်းလေးတွေ နားထောင်ဖြစ်တယ်။ ဥပမာ - စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရင် ကိုယ်ခံစားမိတာလေးတွေရှိတယ်။ ဆရာမဂျူးရဲ့ ချစ်သူရဲ့ခြုံလွှာဝတ္ထုကို ဖတ်တဲ့အချိန်မှာဆို ဇာတ်လမ်းထဲကို ကိုယ်ပါရောက်သွားပြီး ငိုခဲ့ရတယ်။ အဲဒီလိုအချိန်မှာ ကိုယ်ခံစားမိတာလေးတွေကို ဖေ့စ်ဘွတ်မခ်မှာ ရေးပြီးတင်ဖြစ်တာလေးတွေ ရှိပါတယ်။ ကိုယ်ရေးတင်လိုက်တဲ့ စာတွေကလည်း ကိုယ့်ရဲ့အပြင်က ဘဝတစ်ခုလုံးနဲ့တိုက်ရိုက်မပတ်သက်ပါဘူး။

သန့်ဇင်ဦး