News

POST TYPE

INTERVIEW

စိုးမြတ်သူဇာနဲ့ တွေ့ဆုံခြင်း
23-Sep-2018
“ရိုက်စားဇာတ်သိမ်းခန်းမှာ ဦးကျော်ဟိန်းရဲ့ အပြုံးလေးတစ်ချက်နဲ့ နာမည်ကြီးသွားတယ်ဆိုပါတော့”



လက်ရှိ ရုံတင်ပြသနေတဲ့ “ရိုက်စား”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိုးမြတ်သူဇာနဲ့တွေ့ဆုံပြီး၊ ဇာတ်ကောင်စရိုက်အကြောင်း၊ ဒါရိုက်တာမိုက်တီးရဲ့ အနုပညာအပေါ်အမြင်နဲ့ ဘာသာရေးအခြေခံ ရုပ်ရှင်ရိုက်ဖို့ ရှိတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဦးကျော်ဟိန်း၊ ဦးကွမ်းသီးတို့နဲ့ “ရိုက်စား” ဇာတ်ကားကို ဗီဒီယိုအနေနဲ့ ရိုက်ခဲ့တုန်းက ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။
SMTZ : အဲဒီကားရိုက်တုန်းက မကြီးအတွက်က ဘာမှလုပ်ကွက်မရှိဘူး။ လုပ်ကွက်မရှိဘူးဆိုတာထက်၊ လုပ်စရာလည်း ဘာမှသိပ်မလိုတာပေါ့နော်။ အလှပြတဲ့အနေနဲ့ ကမ်းခြေမှာ လမ်းလေးလျှောက်လိုက်၊ ဟိုဟာလေးလာပြောလိုက်၊ ဒီဟာလေးလာပြောလိုက်နဲ့ တစ်ကားလုံးပြီးသွားတယ်။ ဒါပေမဲ့ ဇာတ်ကားနောက်ဆုံးခန်းမှာကျတော့ ကိုမိုက်တီးရဲ့ ပညာ၊ ဦးကျော်ရဲ့ အက်တင်နဲ့မကြီးက Role တက်သွားတာပေါ့နော်။ အဲဒီမှာလည်း ဘာမှအက်တင်လုပ်ရတာမဟုတ်ဘူး။ အထုပ်ကလေးတစ်ထုပ်ပေးပြီး သွားတော့မယ်နော်ဆိုပြီး ပြန်သွားတာလေ။ ဦးကျော်တို့ကလည်း မကြီးက သူတို့ကို ဘတ်သွားတယ်ဆိုတာ သိသွားတာပေါ့။ ရိုက်စား၊ ဇာတ်သိမ်းခန်းမှာ ဦးကျော်ဟိန်းရဲ့ အပြုံးလေးတစ်ချက်နဲ့ နာမည်ကြီးသွားတယ်ဆိုပါတော့။

Voice : ဒါရိုက်တာမိုက်တီး ရိုက်တဲ့ ဟာသကားတွေမှာ Plot တွေက ထူးခြားတယ်လေ။ သူရဲ့အနုပညာအပေါ် မကြီး ဘယ်လိုသုံးသပ်မိလဲ။
SMTZ : ကိုမိုက်ရိုက်တဲ့ဟာသ Plot လေးတွေက တမင်သက်သက်ဟာသလုပ်ပြနေတာ မဟုတ်ဘူး။ ဒါပေမဲ့ သရုပ်ဆောင်တွေလုပ်ပြတဲ့ ဟာလေးတွေအကုန်လုံးက ရယ်စရာတွေချည်းဖြစ်နေတယ်။ ကိုမိုက်က ဟာသပညာရပ်မှာ ကျွမ်းကျင်ပါတယ်။ မကြီးငယ်ငယ်တုန်းက ကိုမိုက်နဲ့တော့ ဟာသကားတွေ၊ ဘာတွေမရိုက်ဖူးဘူး။ ငယ်ငယ်တုန်းကလည်း ကိုမိုက်နဲ့အရမ်းအဆင်မပြေလှဘူး။ သူတို့ကလည်း မကြီးကိုကြည့်မရဘူး။ ကိုယ်ကလည်း သူတို့ကို နားမလည်ဘူးပေါ့နော်။ အသက်ကြီးလာတဲ့ အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်လာတယ်။ တစ်ယောက်စိတ်ကို တစ်ယောက်သိလာတဲ့အခါမှာ အရမ်းအဆင်ပြေတယ်။ မကြီးတို့အလုပ်လုပ်တဲ့အခါမှာ တစ်ယောက်ကို တစ်ယောက်နားလည်မှုရှိဖို့က အရေးအကြီးဆုံးပါပဲ။ 

Voice : ဒီဇာတ်ကားမှာ မကြီးပါဝင်ရတဲ့ အခန်းကတော့ နည်းတယ်နော်။ ကိုယ့်ပရိသတ်တွေကိုရော ဘာများကြိုပြောထားချင်လဲ။
SMTZ : မကြီးတို့၊ ကိုမိုက်တို့တွေက အသက်ကြီးလာတဲ့အခါမှာ တစ်ယောက်တန်ဖိုးကို တစ်ယောက်နားလည်လာတယ်။ အပြန်အလှန် အထောက်အကူပြုရမယ်ဆိုတာကိုလည်း သိလာတယ်။ အဲဒီတော့ အလုပ်လုပ်ရတာပိုပြီး အဆင်ပြေတယ်။ မကြီးတို့တွေ အလုပ်လုပ်တဲ့ အချိန်မှာ အခန်းနည်းတာ၊ များတာလည်း အရေးမကြီးဘူး၊ ပိုက်ဆံနည်းတာ၊ များတာလည်း အရေးမကြီးဘူး။ ကိုမိုက်လုပ်တဲ့ အလုပ်ကို မကြီးက ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးခွင့်ရတာကိုပဲ ကျေနပ်ပါတယ်။ အခု သူ့ဇာတ်ကားရုံတင်တဲ့အချိန်မှာ သူရှိမနေတဲ့အတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကိုမိုက်က စိတ်ဓာတ်ခိုင်မာပါတယ်။ အချိန်တန်ရင် ဒါတွေက ပြီးသွားမှာပါ။ ခဏပါ။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်သေချာရေးခဲ့တာဆိုတော့ ရုံတင်တဲ့အချိန်မှာ သူ့ကို ရှိစေချင်တာပေါ့နော်။

Voice : ကိုမိုက်ရိုက်တဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်တွေက ဒိုင်ယာလော့ခ်ကို သူရေးထားတဲ့အတိုင်း အတိအကျပြောမှကြိုက်တယ်လို့လည်း ကြားဖူးတယ်။
SMTZ : ကိုမိုက်က ဇာတ်လမ်းတစ်ခုရေးပြီဆိုရင် သေချာစဉ်းစားပြီးတော့မှ သူရေးတာပါ။ ဒိုင်ယာလော့ခ်တွေဆိုလည်း စကားလုံးအရေ အတွက်နဲ့ကို စီပြီးတော့ကို ရေးတာပါ။ မကြီးနဲ့ကိုမိုက် ငယ်ငယ်တုန်းက အဆင်မပြေဘူးဆိုတာလည်း ကိုမိုက်က သူရေးထားတဲ့ ဒိုင်ယာလော့ခ်ကို လွဲနေရင် မကြိုက်ဘူး။ မကြီးဘာသာ မကြီးနားလည်သလို တီထွင်ပြောတာကိုလည်း မကြိုက်ဘူး။ သူပြောထားတဲ့အတိုင်းကို တစ်သဝေမတိမ်း သူ့အာဘော်အတိုင်းမိအောင်ပြောနိုင်မှ အဆင်ပြေတာပါ။ ငယ်ငယ်တုန်းကတော့ ကိုမိုက်ရဲ့အထာကို သဘောမပေါက်ဘူးပေါ့နော်။ အသက်ကြီးလာတော့ မကြီးက ကိုမိုက်ရဲ့ စိတ်ကြိုက်အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ပေးတော့ အဆင်ပြေသွားပါတယ်။ အဓိကကတော့ မကြီးတို့က ဇာတ်ကားတစ်ကားကို ရိုက်ရင် မကြီးစိတ်နဲ့လုပ်တာထက်၊ ဒါရိုက်တာ စိတ်ကြိုက်လုပ်တာက ပိုပြီး အဆင်ပြေပါတယ်။

Voice : ဘာသာရေး အခြေခံရုပ်ရှင် “ဥပါဒါန်”နဲ့ အောင်မြင်မှုတွေရခဲ့တဲ့ ဒါရိုက်တာ ဗန်းကြီးနဲ့ ရုပ်ရှင်တစ်ကားရိုက်ဖို့ ရှိတယ်လို့လည်း ကြားတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
SMTZ : မကြီးတို့ အနုပညာလောကမှာ ဘာသာရေးကားတွေက အင်မတန်နည်းပါတယ်။ မကြီးကိုယ်တိုင်လည်း ရိုက်ချင်ပါတယ်။ မကြီးတောင်မှ ဒါရိုက်တာဗန်းကြီးကို ရိုက်ချင်တဲ့ ဇာတ်လမ်းလေးတစ်ခု ပြောပြထားတာရှိတယ်။ မကြီးနဲ့ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) နဲ့ ရိုက်ချင်တာပေါ့နော်။ အခုမကြီးတို့ရိုက်မယ့်ဟာကတော့ နောက်ထပ်တစ်ကားပေါ့နော်။ ဒီဇာတ်လမ်းကတော့ မကြီးအတွက် သိပ်ပြီးတော့ မထူးဆန်းလှဘူး။ သမီးတစ်ယောက်ကို စိုးရိမ်တဲ့ အမေတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ မခိုင်ကြီးနဲ့ မကြီးက အမေတွေနေရာက သရုပ်ဆောင်ရမှာပေါ့။ ဇာတ်ကားထဲမှာတော့ အဆုံခန်းသိပ်မပါဘူး။ မခိုင်ကြီးတို့က ဧရာဝတီတိုင်းဘက်မှာနေတဲ့ အခြမ်းပေါ့။ မကြီးတို့ကတော့ မြို့မှာနေတဲ့ အခြမ်းပေါ့။ မတူပါဘူး။

သန့်ဇင်ဦး