News

POST TYPE

INTERVIEW

ဦးဇင်ဇေလွင်နှင့် တွေ့ဆုံခြင်း
22-Sep-2018


“တချို့ကုမ္ပဏီတွေကျတော့ လုပ်ငန်းရပ်ဆိုင်းတယ်ဆိုတာ MLM ကိုသာ ရပ်လိုက်တာ၊ ပုံမှန်အတိုင်း ရောင်းချနေဦးမယ်ဆိုတဲ့ သဘောမျိုးတွေ ပြောနေတာလည်း တွေ့ရတယ်”

ဆင့်ပွားဈေးကွက်လုပ်ငန်း (Multi Level Marketing–MLM) လုပ်ကိုင်ခြင်းကိုတားမြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ပိုင်း MLM ကုမ္ပဏီအချို့က ရပ်ဆိုင်းမည်ဟု ကြေညာထားသော်လည်း လက်တွေ့ ရပ်ဆိုင်းခြင်း ရှိမရှိနှင့် အခြားနည်းလမ်းများဖြင့် ပြန်လည်လုပ်ကိုင်နိုင်လာမှုများကို Anti MLM အသိပညာပေးကိစ္စများ ဦးဆောင် ဆောင်ရွက်နေသူတစ်ဦးဖြစ်သော ဦးဇင်ဇေလွင်နှင့် The Voice Daily တို့ မေးမြန်းထားမှုများကို ဖော်ပြပေးအပ်ပါသည်။

Voice : အစိုးရက MLM လုပ်ငန်းတွေကို တားမြစ်လိုက်ပြီးနောက်ပိုင်း MLM ကုမ္ပဏီတချို့က ဒီလိုလုပ်တာ ရပ်ပြီဆိုပြီး ကြေညာတာတွေ တွေ့ရတယ်။ ဒီလိုလုပ်နေတဲ့ကုမ္ပဏီတွေ အကုန်ရပ်သွားပြီးလား။ ဆက်လုပ်နေသေးတာတွေရော ရှိသေးလား။
UZZL : ကျွန်တော်တွေ့ရတာတော့ ကြေညာချက်တွေဆိုပြီး အွန်လိုင်းမှာ သူတို့တရားဝင် Page တွေက ထုတ်တာတွေ တွေ့တယ်။ ကုမ္ပဏီတွေမှာပဲ ဒါကို မလုပ်တော့ဘူးဆိုပြီး ထုတ်ပြန်တာတွေကို ကျွန်တော်တို့က သတင်းလာပို့ပေးတာတွေ တွေ့ရတယ်။ ဒါပေမဲ့ ဒီကြားထဲမှာပဲ နာမည်ကြီးကုမ္ပဏီတချို့က အခုအချိန်ထိ ဘာကြေညာချက်မှ ထုတ်ပြန်တာတွေ မတွေ့ရသေးဘူး။ နာမည်ကြီး ကုမ္ပဏီထဲမှာဆိုရင် ှQnet အပါ အဝင် ၅ ခုလောက်တော့ ကျန်သေးတယ်။ အရမ်းသေးတဲ့ ကုမ္ပဏီတွေတော့ ကျွန်တော်တို့ သေချာမသိသေးဘူး။ 

Voice : လက်ရှိမှာ ဆက်ပြီးလုပ်နေသေးတဲ့ ကုမ္ပဏီမျိုးတွေရော ရှိနေသေးလား။
UZZL : ကျွန်တော်တို့ မြင်ရတာတော့ တချို့ကုမ္ပဏီ ကြေညာချက်တွေက ဒီလုပ်ငန်းကို လုံးဝရပ်ဆိုင်းလိုက်ပြီလို့ ပြောတယ်။ တချို့ကုမ္ပဏီတွေကျတော့ လုပ်ငန်းရပ်ဆိုင်းတယ်ဆိုတာ MLM ကိုသာ ရပ်လိုက်တာ၊ ပုံမှန်အတိုင်း ရောင်းချနေဦးမယ်ဆိုတဲ့ သဘောမျိုးတွေ ပြောနေတာလည်း တွေ့ရတယ်။ သူတို့ ဆက်လုပ်နေလား မလုပ်နေလားတော့ ဒီဘက်ကနေတော့ သေချာမသိနိုင်သေးဘူး။ တချို့ကုမ္ပဏီတွေက ပုံစံပြောင်းပြီး ဆက်လုပ်မယ်ဆိုတာမျိုးတွေ တွေ့နေရတယ်။

Voice : ဘယ်လိုနည်းတွေနဲ့ ပုံစံပြောင်းပြီး ထပ်လုပ်လာနိုင်သေးလဲ။
UZZL : ပုံစံတကယ်ပြောင်းရင် ကိစ္စမရှိဘူး။ ကျွန်တော်တို့စိုးရိမ်တာက ပုံစံမပြောင်းဘဲနဲ့ အမည်အခေါ်အဝေါ်ပဲပြောင်းပြီး နည်းနည်းလေး ကစားတာမျိုးပေါ့။ ဒီ MLM လို့ မခေါ်ဘဲနဲ့ Networking Marketing တို့၊ Direct Marketing တွေ၊ Direct Selling မျိုး စသည်ပေါ့။ တခြားနာမည်မျိုးစုံသုံးပြီးတော့ ဒီဆုကြေးပေးတဲ့ပုံစံ ဒီလူဆွယ်တဲ့ပုံစံကြီးနဲ့ပဲ ဆက်သွားနေမယ်ဆိုရင် တော်တော်ရုပ်ဆိုးမှာ။ အဲဒီလိုမဟုတ်ဘဲ ပုံစံတကယ်ပြောင်းမယ်ဆိုရင် စောင့်ကြည့်ရမှာက ဘယ်လိုပြောင်းမလဲပေါ့။ ဥပမာ တရုတ်မှာဆိုရင် အဆင့်ဆင့် ဆုကြေးပေးလို့မရဘူး။ Single Level လုပ်ရမယ်၊ တစ်လွှာကိုပဲ ဆုကြေးပေးလို့ရမယ်။ ကုမ္ပဏီကိုသွားမယ်။ ကိုယ်က ရိုးရိုးစားသုံးသူလိုမျိုး မန်ဘာဝင်ပြီး စားသုံးမယ်၊ ကိုယ်စားလှယ်ယူလုပ်မယ်ဆိုရင် ကိုယ်စားလှယ်အနေနဲ့ သွားလျှောက်မယ်၊ ကုမ္ပဏီက ပစ္စည်းကို သူယူရောင်းလို့ရမယ်။ အခုလက်ရှိလုပ်နေသလိုမျိုး တခြားကိုယ်စားလှယ်တွေ အများကြီးရှိလာအောင် လူလိုက်ခေါ်တာ၊ စည်းရုံးတာတွေ လုပ်လို့မရဘူး။ အဲဒီလိုပုံစံမျိုး ပြောင်းမှာလားပေါ့။ ဘယ်လိုပုံစံ ပြောင်းမလဲဆိုတာ ကွဲကွဲပြားပြား မသိသေးဘူး။ MLM ကိုပဲ အခုလို အဆင့်ဆင့် ဆုကြေးမပေးတော့ဘဲ နှစ်ဆင့်၊ သုံးဆင့်ကိုပဲ ပေးဆိုတာမျိုး လုပ်မလား၊ အဲဒါမျိုးဆိုရင် နစ်နာနိုင်သူတွေ သက်သာလာနိုင်တယ်။ ပြီးတော့ တကယ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတာ၊ အခုဖြစ်နေတဲ့ပြဿနာက သူတို့ကုမ္ပဏီက ထုတ်ထားတဲ့ စည်းမျဉ်းတောင် မလိုက်နာဘူး။ မထိန်းချုပ်ဘူးပေါ့။ အဲဒါမျိုးဖြစ်နေတာဆိုတော့ သူတို့တွေ မရပ်ဘဲ ဆက်သွားမယ်ဆိုရင် ဒါတွေကို အစိုးရအဖွဲ့အစည်းတွေက စောင့်ကြည့်ပေးဖို့လိုတယ်။ စောင့်လည်း စောင့်ကြည့်ပေးမယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်။

Voice : MLM တွေကို ထိန်းချုပ်ဖို့ ဝန်ကြီးဌာနက အခုထုတ်ပြန်တာအပြင် ဘာတွေများထပ်လုပ်ဖို့ လိုအပ်မယ်ထင်လဲ။
UZZL : ဒါကတော့ ကျွန်တော်တို့ထင်တာက အပြင်ကိုထုတ်လိုက်တဲ့ ထုတ်ပြန်ချက်ပဲဖတ်ရတော့ အတွင်းမှာ ဘယ်လိုအသေးစိတ် ညွှန်ကြားချက်တွေရှိလဲ၊ ကျွန်တော်တို့မသိဘူး။ အခု အပြင်ကိုထွက်လာတဲ့ ထုတ်ပြန်ချက်လောက်နဲ့တော့ မလုံလောက်သေးဘူး။ မလုံလောက်ဘူးဆိုတာက MLM လုပ်ငန်းများလို့ ပြောလိုက်တယ်။ အခုအချိန်တောင် တချို့ကုမ္ပဏီတွေက ငါတို့က MLM မဟုတ်ဘူးဆိုပြီးတော့ အခုကတည်းက စပြီးငြင်းနေပြီပေါ့။ အဲဒီတော့ ဘယ်ကုမ္ပဏီတွေပါဆိုပြီး ပြည်သူတွေကို ပြောပြဖို့ လိုမလားပေါ့။ ဒါက တစ်ချက်စဉ်းစားတာပေါ့။ အဲဒါဆိုရင် ငြင်းလို့မရတော့ဘူးပေါ့။ ပြီးတော့ MLM ကို အစိုးရအနေနဲ့ သတ်မှတ်လိုက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ ဥပမာ ကိုယ်စားလှယ်ယူရောင်းတာလောက်ကို MLM လို့ သွားသတ်မှတ်လိုက်ရင် အကုန်ရှုပ်ကုန်မှာပေါ့။ အနည်းဆုံး အလွှာဘယ်နှလွှာကို ဆုကြေးပေးနေရင် MLM ပေါ့။ အဲဒီလို နည်းနည်းတိတိကျကျ သတ်မှတ်လိုက်မှ။ သတ်မှတ်ပြီး အများပြည်သူကို ပြောပြလိုက်မှ အများပြည်သူက ရှင်းမှာ။ အဲဒီအချိန်ကျတော့ အစိုးရသတ်မှတ်တဲ့ စံအတိုင်း ကျွန်တော်တို့က လိုက်တိုက်ကြည့်လို့ရမှာ။ နိုင်ငံတကာမှာတော့ အလွှာသုံးလွှာကျော်ရင် MLM လို့ အများအားဖြင့် သတ်မှတ်ကြတယ်။ အလွှာငါးလွှာ၊ ငါးလွှာကျော်ပြီဆိုရင် အောက်ခြေက ၈၀ ရာခိုင်နှုန်းလောက် နစ်နာစေတယ်ဆိုလို့ ပညာရှင်အများစုက သုံးသပ်ကြတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘယ်အဓိပ္ပာယ်ဖွင့်ဆိုချက်ယူမလဲဆိုတာ တစ်ချက်ဂရုစိုက်ရမှာပေါ့။ နောက်တစ်ခုက ကိုယ်စားလှယ်အသစ်လိုက်ရှာပြီး ရောင်းတဲ့ဈေးနှုန်းနဲ့ စားသုံး သူကိုရောင်းတဲ့ဈေးနှုန်းကိုလည်း ချိန်ကြည့်ရမယ်။ အဓိကပြဿနာက ရိုးရိုးစားသုံးသူကို ရောင်းချတာ ထက် လူသစ်ရှာတာက ပိုဆိုးတာပေါ့။ နိုင်ငံတကာ မှာက ပြင်ပရောင်းအားက ၇၀ ရာခိုင်နှုန်းရှိရမှ တရားဝင် ဆုကြေးပေးမယ်ဆိုတာမျိုး သတ်မှတ်ထားတယ်။ ကျွန်တော်တို့ဆီမှာ ထိုင်းက ကုမ္ပဏီအများစု လာလုပ်ကြတယ်။ ထိုင်းမှာထက် ဒီမှာပိုပြီးအောင်မြင်တယ်။ ပိုပြီးလည်း နာမည်ပိုပျက်တယ်ပေါ့။ ကျွန်တော်တို့ သိသလောက်တော့ ရေးဆွဲနေတဲ့ဥပဒေမှာ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားတို့က Direct Selling ဥပဒေတွေကို စုံစုံလင်လင်လေ့လာထားပြီး လုပ်မယ်ပေါ့။ ကျွန်တော်မြင်တာတော့ လိုအပ်မယ်ဆိုရင် အဲဒီမှာတွေထက် ပိုပြီးတင်းကျပ်သင့်ရင်လည်း ပိုပြီးတင်းကျပ်တာတွေ ထည့်သင့်တယ်ပေါ့။

Voice : အခုက အစိုးရက ထုတ်ပြန်လိုက်တဲ့အချိန်မှာ အောက်ခြေက လက်ဝယ် ဝယ်ထားမိတဲ့သူတွေကရော ဘယ်လောက်နစ်နာနိုင်လဲ။
UZZL : တကယ်လို့ MLM ပစ္စည်းမှန်သမျှ မရောင်းရဘူးဆိုရင်တော့ နစ်နာမှာပေါ့။ အဲလိုတော့ မဟုတ်ဘဲ ပစ္စည်းကိုတော့ သာမန်စနစ်နဲ့ ရောင်းချင်ရင်ရောင်း၊ သုံးချင်ရင်သုံးပေါ့။ ဝယ်ထားပြီးတဲ့သူတွေထဲမှာလည်း တချို့က ကျေနပ်လို့ ဝယ်ထားတဲ့သူတွေက သူတို့ကိုယ်သူတို့ နစ်နာတယ်လို့ ခံစားရမှာ မဟုတ်ဘူးပေါ့။ တစ်ခုရှိတာက မတန်တဲ့ပစ္စည်းကြီးကို မက်လုံးပေးပြီး ဝယ်ခိုင်းထားတာ များတယ်။ မတန်ဘူးလို့ ထင်တဲ့သူတွေလုပ်လို့ရတာ တစ်ခုက တကယ်လို့များ ကုမ္ပဏီတွေဘက်က ဒီပစ္စည်းတွေကို ဝယ်ထားတဲ့ တန်ဖိုးအတိုင်း ငွေပြန်အမ်းပေးတာမျိုးပေါ့။ ကုမ္ပဏီတွေဘက်က ဘာမှမနစ်နာဘူးလေ။ ဒီလိုမျိုးလေးလုပ်ပေးရင်တော့ ပိုကောင်းမယ်ထင်တယ်။ ဒါကလည်း ဘယ်ကုမ္ပဏီကမှ ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်ပေးဖို့နည်းတယ်။ ဒါပေမဲ့လည်း သွားမလဲကြတဲ့သူတွေက များတယ်။ အစိုးရအနေနဲ့ Push လုပ်ပြီး မဖြစ်မနေလဲခိုင်းလိုက်။ ပြန်ပြီး သိပ်ဝယ်ချင်နေတဲ့သူတွေကို ရိုးရိုးပြန်ဝယ်ခိုင်းလိုက်ပေါ့။ အဲလိုဆိုရင် ပြန်လဲချင်တဲ့ သူတွေက နည်းနည်းအားရှိသွားတယ်။ ကျွန်တော်တို့ သိလောက်ပေါ့။ ပြန်လဲချင်တဲ့သူတွေက အများကြီးရှိတယ်။ မလဲရဲကြဘူး ဖြစ်နေတယ်။

Voice : လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာမျိုး ရှိသေးလား။
UZZL : ဒီကြေညာချက်ထုတ်ပြန်လိုက်တယ်။ MLM လုပ်ငန်းတွေကို တားမြစ်လိုက်တယ်တဲ့ပေါ့။ အခုက ကြားနေရတာက စနစ်တကျနဲ့ လုပ်မယ့်သူတွေကို ပြန်လုပ်ခွင့်ပေးမယ်လို့ ကြားနေရတယ်။ ပြန်လုပ်ခွင့်ပေးမယ်ဆိုရင် တိတိကျကျလေးလုပ်ပြီးမှ လုပ်ခွင့်ပေးစေချင်တယ်။ နောက်တစ်ခုက နစ်နာတဲ့သူတွေကို ဘာပြန်လုပ်ပေးမလဲဆိုတာလည်း အရေးကြီးတယ်။ အခုက MLM ကုမ္ပဏီတချို့က ပြောနေကြတာ အစိုးရက မဆင်မခြင်လုပ်လို့ အောက်ခြေလူတွေ နစ်နာတယ်ဆိုပြီး သူတို့ရဲ့အောက်ကလူတွေကို ဆက်ပြီးမှိုင်းတိုက်နေတာတွေတောင် ရှိတယ်။ အစိုးရအနေနဲ့ ဘာကြောင့် တားမြစ်တယ်ဆိုတာ သေသေချာချာ ထပ်ရှင်းပြဖို့ လိုမယ်ထင်တယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။  

အောင်သီဟ



  • VIA