News

POST TYPE

INTERVIEW

အင်အားပြင်းမုန်တိုင်း ဝင်ပြီးနောက် ဂျပန်တွင် ငလျင်ကြီးထပ်လှုပ်၊ မြေပြိုမှုများဖြစ်ကာ လူ ၄၀ ခန့် ပျောက်ဆုံး
07-Sep-2018


တိုကျို၊ စက်တင်ဘာ ၆ 

ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသ ဟော့ကိုင်းဒိုးတွင် အင်အားပြင်းထန်သည့် မြေငလျင်ကြီးလှုပ်ခတ်သွားရာ မြေပြိုမှုများဖြစ်ပေါ်ပြီး နေအိမ်များပြိုကျ ပျက်စီးသွားကာ လူ ၄၀ ကျော်ခန့်လည်း ပျောက်ဆုံးလျက်ရှိကြောင်း NHK သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပြင်းအား ၆ ဒသမ ၇ ရှိသော အဆိုပါငလျင်ကြီးကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၄၀ ကျော်ခန့်ပျောက်ဆုံးလျက်ရှိသည်ဟု ကယ်ဆယ်ရေးအာဏာပိုင်များက ဆိုသည်။ ထို့ပြင် အဆိုပါငလျင်ကြောင့် နေအိမ် ၃ သန်းကျော်ခန့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသလို ဟော့ကိုင်းဒိုးရှိ နျူကလီးယားစက်ရုံတစ်ခုကိုလည်း အရေးပေါ်ပိတ်ပစ်ခဲ့ရသည်။ 

အဆိုပါငလျင်သည် ဂျပန်အနောက်ပိုင်းဒေသသို့ နှစ်ပေါင်း ၂၅ နှစ်တာကာလအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးရက်ပိုင်းမျှအကြာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

မြေငလျင်သည် ဆပ်ပိုရိုမြို့ အရှေ့တောင်ဘက် ၃၉ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်းနှင့် ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်မည့် အန္တရာယ်မရှိခဲ့ကြောင်း မိုးလေဝသအေဂျင်စီက ကြေညာသည်။ 

မြေငလျင်ကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သလို ဓာတ်အားလိုင်းကြီးများလည်း ပြတ်တောက်ခဲ့ရသည်။ ဟော့ကိုင်းဒိုးရှိ နေရာအချို့တွင် နေအိမ်များမြေပြိုမှုကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့သည်။ ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေလျက်ရှိသည်ဟု သတင်းထုတ်ပြန်သည်။ 

ဒေသခံပြည်သူများနှင့် ခရီးသွားများက ငလျင်ကြောင့်တွေ့ကြုံခံစားခဲ့ရမှုများကို လူမှုကွန်ရက်များပေါ်တွင် ရေးသားဖော်ပြကြသည်။ 

မိုးလေဝသဌာနမှ တာဝန်ရှိသူများက ငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် ငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ 

“ဒေသခံပြည်သူတွေအနေနဲ့ မြေငလျင်လှုပ်ခတ်မှု၊ မိုးရွာသွန်းမှုစသည်တို့အပေါ် အထူးဂရုစိုက်ပြီးနေကြဖို့ တိုက်တွန်းလိုပါတယ်။ အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို မသွားကြဖို့လည်း တိုက်တွန်းပါတယ်”ဟု မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းက အင်အားပြင်းထန်သည့် ဂျီဘီမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားရာ လူ ၁၀ ဦး (အနည်းဆုံးခန့်မှန်းချက်) သေဆုံးပြီး ရာနှင့်ချီကာ ဒဏ်ရာရရှိသွားခဲ့သည်။ 

အဆိုပါမုန်တိုင်းသည် ဂျပန်နိုင်ငံ အနောက်ဘက်ဒေသတစ်လျှောက်ကို ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ရာ အိုဆာကာနှင့် ရှေးဟောင်းမြို့တော် ကျိုတိုတို့တွင် အဆောက်အအုံများနှင့် မော်တော်ကား အမြောက်အမြား ထိခိုက်ပျက်စီးသွားခဲ့ရသည်။ 

ဂျပန်နိုင်ငံသည် မြေငလျင် မကြာခဏလှုပ်ခတ်လေ့ရှိပြီး ကမ္ဘာပေါ်တွင် လှုပ်ခတ်သည့် အင်အား ၆ ဒသမ ဝ သို့မဟုတ် ယင်းထက်ကျော်လွန်သည့် မြေငလျင် ၂၀ ရာခိုင်နှုန်းသည် ဂျပန်တွင် လှုပ်ခတ်ခြင်းဖြစ်သည်။ 

F-01


  • VIA