News

POST TYPE

INTERVIEW

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် တွေ့ဆုံခြင်း
02-Sep-2018
“အကြောင်းအရာမသိရဘဲ တာဝန်က ရပ်ဆိုင်းတယ်ဆိုတော့ ကျွန်တော် စိတ်မကောင်းဘူးပေါ့”



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို NLD ပါတီတွင်း တာဝန်များမှ ရပ်ဆိုင်းခဲ့သည်။ အဆိုပါရပ်ဆိုင်းခဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဦးကျော်ဇေယျကို The Voice သတင်းစာက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြပါသည်။

Voice : ပါတီစည်းကမ်းနဲ့ ဆရာနဲ့ ဒေါက်တာ သက်သက်ခိုင်တို့ကို အရေးယူခဲ့တယ်ပေါ့။ အဲဒီအပေါ်မှာ ဘယ်လိုခံစားရလဲ။
UKZY : အကြောင်းအရာ ပြည့်ပြည့်စုံစုံ မသိရတော့ စိတ်တော့မကောင်းဘူးပေါ့။ အမှန်တော့ ပွင့်ပွင့်လင်းလင်း သူတို့ ပြောသင့်တာပေါ့။ မိဘနဲ့ သားသမီး မှားရင် မိဘက ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်။ ဆူသင့်တယ်ပေါ့။ အခုက အကြောင်းအရာမသိရဘဲ တာဝန်က ရပ်ဆိုင်းတယ်ဆိုတော့ ကျွန်တော် စိတ်မကောင်း ဘူးပေါ့။

Voice : လွှတ်တော်အတွင်းမှာ တိုင်းအစိုးရအပေါ် ဘယ်လိုဝေဖန်ပြောဆိုမှုတွေ လုပ်ခဲ့လိုလဲ။
UKZY :  ကျွန်တော့်အနေနဲ့ကတော့ ပြည်သူ့အသံအတိုင်း ဝေဖန်မှုတွေ ထောက်ပြမှုတွေ လုပ်ခဲ့တာပေါ့။ ရန်ကုန်တိုင်းအစိုးရကိုလည်း ဝေဖန်တာတွေ ရှိခဲ့တယ်၊ ဆိုလိုချင်တာက ဘယ်အချက်ကြောင့်လဲဆိုတာ ပွင့်ပွင့်လင်းလင်းမရှိတော့ ချမပြတော့ မသိရဘူးပေါ့။ ကျွန်တော် ပြောခဲ့တာတွေကတော့ အများကြီးပဲပေါ့။ အစိုးရ စီမံကိန်းတွေ၊ ဘတ်ဂျက်တွေ၊ စည်ပင်သာယာကိစ္စတွေပေါ့။ ပြည်သူ့အသံနဲ့ ဝေဖန်ခဲ့တာပေါ့။

Voice : ဘာကြောင့် အခုလို အရေးယူတာလို့ ထင်ပါသလဲ။
UKZY : ဘယ်လိုကြောင့်လဲဆိုတော့ ခုနက ကျွန်တော့်ကို မီဒီယာသမားတစ်ယောက် ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူကို လှမ်းမေးတာမှာ ဦးကျော်ဇေယျ ပြောတာ ဆိုတာတွေ မီဒီယာနဲ့ ပြောတာတွေကို ပါတီစည်းကမ်းနဲ့ မညီညွတ်ဘူးလို့ အကြမ်းဖျင်းသိရတာပေါ့။ ဘယ်အချက်တွေလဲတော့ မသိဘူးပေါ့။ ကျွန်တော်က ပြောတာတွေတော့ အများကြီးပေါ့။ မီဒီယာနဲ့ ပြောတာရှိတယ်။ လွှတ်တော်ထဲမှာ ပြောတာရှိတယ်။ အဲဒီထဲမှာ ဘယ်အချက်က ငြိတာလဲဆိုတာတော့ ထောက်ပြသင့်တာပေါ့။

Voice : ဆရာ့အနေနဲ့ကော ပါတီစည်းကမ်းကို ချိုးဖောက်မိတယ်လို့ ခံစားရလား။
UKZY : ကျွန်တော့်အနေနဲ့တော့ ချိုးဖောက်မိတယ်လို့ မထင်ဘူး။ ကျွန်တော့်ရဲ့ ဒဂုံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တောင် အံ့အားသင့်နေတာ။ ကျွန်တော်တို့က အလုပ်အမှုဆောင်ပဲရှိတာ။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေတော့ ရှိသေးတယ်။

Voice : လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရကို ဝေဖန်ရမယ်၊ ထောက်ပြခွင့်ရှိရမယ် မဟုတ်ဘူးလား။ အခုလိုဖြစ်လာတော့ ဘယ်လိုမြင်မိသလဲ။
UKZY : အဲဒါက ကျွန်တော်တို့က တရားဝင်ပြောတာလေ။ လွှတ်တော်ထဲမှာ တရားဝင်ပြောတာတွေ ရှိတယ်။ ဒါကို ပါတီကနေမဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌက ပြောပေါ့။ ကျွန်တော်ပြောတာ မညီညွတ်ရင် လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် ပြောလို့ရတာပဲ။ မှတ်တမ်းမတင်နဲ့ ဘယ်လိုဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရတာပဲ။ အခုဟာက ပြောဆိုပြီးမှ တာဝန်ကနေ နားတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့။

Voice : ရှေ့ဆက် ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။
UKZY : ပါတီတာဝန်မရှိတော့ ပြည်သူ့တာဝန် ပိုပြီးထမ်းဆောင်ရတာပေါ့ဗျာ။ ကျွန်တော့် အလုပ်အပေါ်မှာ နည်းနည်းလေး ဘရိတ်အုပ်လိုက်တဲ့ သဘောပေါ့။ ဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်။ ၂၀၂၀ မှာလည်း ကျွန်တော်က မပြိုင်တော့ဘူး။ လူငယ်တွေပဲ နေရာပေးမယ်လို့ ပြောပြီးသားပါ။ ဒဂုံမြို့နယ်မှာလည်း ပါတီတာဝန်ဆိုတာ ကြီးကြီးမားမား မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ဒေါက်တာသက်သက်ခိုင်က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ပဲ ရှိပါတယ်။ ပြောချင်တာကတော့ ပွင့်လင်းမှုမရှိဘူး။ မင်းဘက်က ဘာလိုတယ်ဆိုတာ တစ်ချက်မှ ထောက်ပြခြင်းမရှိဘဲနဲ့ ဒီလိုဖြစ်တာတော့ စိတ်မကောင်းဘူး။

ပွင့်ဇင်မော်ဟိန်း