News

POST TYPE

INTERVIEW

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
22-Aug-2018
သွေးတိုးရောဂါ

“သွေးကျဆေးတွေ ကိုယ့်ဘာသာကိုယ်ဝယ်ဆောင်ထားပြီး စားသောက်တဲ့အခါမှာ အကာအကွယ်အနေနဲ့တော့ မလုပ်သင့်ပါဘူး”



ရောဂါသည် ယခုနောက်ပိုင်းတွင် အသက်ငယ်ရွယ်သည့်သူများ၌ပင် ဖြစ်ပွားလျက်ရှိပြီး ယင်းရောဂါကို အသံတိတ်လူသတ်သမားဟုပင် တင်စားခေါ်ဆိုကြကာ တစ်ကမ္ဘာလုံးသတိထားရမည့် ရောဂါတစ်ခုဖြစ်လာသည်။ ထို့ကြောင့် သွေးတိုးရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း တာဝန်ခံ) နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဘယ်လိုသွေးပေါင်ချိန်မျိုးကို သွေးတိုးတယ်လို့ ပြောပါသလဲ။
Dr.KSO : သွေးတိုးရောဂါဆိုတာက ရှိသင့်ရှိထိုက်တဲ့ သွေးပေါင်ချိန်ပမာဏထက် မြင့်တက်နေတာပါ။ ပုံမှန်သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၇၀ ဒါမှမဟုတ် အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ ပေါ့။ သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၃၀ နဲ့ အောက်သွေး ၈၀၊ အပေါ်သွေး ၁၃၀ နဲ့ အောက် သွေး ၉၀ အခြေအနေဆိုရင်တော့ သွေးစတိုးတယ်လို့ သတ်မှတ်တယ်။ အဲဒီကနေတစ်ဆင့် ထပ်တက်လာပြီဆိုရင် အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ အထက် ဖြစ်သွားပြီဆိုရင်တော့ သွေးတိုးရောဂါလို့ ယူဆလို့ရပါတယ်။ အသက်ကြီးတဲ့သူတွေမှာ သွေးကြောလေးတွေ မာလာတဲ့ အနေအထားရှိတဲ့အတွက် သွေးပေါင်ချိန်အပေါ် သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ ဆိုရင် သွေးတိုးတယ်လို့လည်း ပြောလို့ရသလို မတိုးဘူးလို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အသက်ငယ်တဲ့သူတွေမှာ သွေးပေါင်ချိန်အပေါ် သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ ဖြစ်တယ်ဆိုရင် သွေးတိုးတယ်လို့ ပြောလို့ရတယ်။ ဒါဆိုရင် ကုသမှုကိုခံယူရမယ့် အဆင့်ရောက်သွားပြီ။ သီအိုရီတွေအရတော့ အကောင်းဆုံးအခြေအနေက အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ က အကောင်းဆုံးပါပဲ။

Voice : ဘာကြောင့် သွေးတိုးရောဂါကို ဖြစ်စေတာပါလဲ။
Dr.KSO : အပိုင်းနှစ်ပိုင်းရှိတယ်။ ပထမတစ်ခုကတော့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်က ဘာအကြောင်းတရားမှန်း သေချာမသိဘဲနဲ့ ဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း အဝလွန်တာ၊ စားသောက်နေထိုင်မှုမမှန်တာ၊ အရက်နဲ့ ဆေးလိပ်တွေသောက်တာ၊ လေ့ကျင့်ခန်းမလုပ်တာတွေနဲ့တော့ ဆက်စပ်နေတယ်။ နောက်တစ်ခုကတော့ တခြား အခြေခံအကြောင်းတရားတွေဖြစ်တဲ့ နာတာရှည်ကျောက်ကပ်ရောတို့၊ ဆီးချိုရောဂါနဲ့ တွဲဖြစ်သလား စသဖြင့် တစ်ခုခုနဲ့ပေါ့။

Voice : ဟုတ်ကဲ့။ ဘယ်လိုအသက်အရွယ်တွေမှာ ဒီရောဂါပိုဖြစ်တာ တွေ့ရသလဲ ဆရာ။
Dr.KSO : ပုံမှန်က အသက် ၅၀-၆၀ လောက်မှာ သွေးတိုးစဖြစ်တာ တွေ့ရတယ်။ အခုနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ စားသောက်နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်ပြီးတော့ အသက်ငယ်တဲ့သူတွေမှာလည်း ဖြစ်လာတာတွေ့ရတယ်။ တချို့ဆို အသက် ၃၀-၃၅ နှစ်လောက်မှာစပြီး ဖြစ်နေတာတွေ့ရတယ်။ ဒါပေမဲ့ တချို့ပညာရှင်တွေပြောတာက အသက် ၂၀ ကျော်ပြီဆိုရင် သွေးပေါင်ချိန်ပြီး ဆန်းစစ်သင့်တယ်ဆိုတာကို ထောက်ပြထားတယ်။

Voice : ရောဂါဖြစ်တာက စားသောက်နေထိုင်မှု မမှန်လို့ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ရှင်းပြပေးပါဦး။
Dr.KSO : ဒီရောဂါကို ဖြစ်နိုင်ခြေများတာက ကိုယ်အလေးချိန်များတယ်၊ အဝလွန်တယ်၊ ကိုယ်လက်လှုပ်ရှားမှုနည်းတယ်၊ စိတ်ဖိစီးမှုတွေများတဲ့သူတွေ၊ အရက်နဲ့ ဆေးလိပ်သောက်တဲ့သူတွေ၊ အဆီအဆိမ့်နဲ့ အငန်ဓာတ်ကို လွန်ကဲအောင်စားတဲ့သူတွေပေါ့။ ဒါတွေလုပ်တိုင်း သွေးတိုးရောဂါဖြစ်မယ်လို့ ဆိုတာ မဟုတ်ပေမယ့် ဒါတွေကြောင့်လည်း ဆက်စပ်ဖြစ်လာနိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။ နောက်ပြီး အဆီများတဲ့အစားအစာ၊ အသင့်စားအစားအစာတွေ အမြဲလိုစားနေတဲ့ သူဆိုရင်တော့ ဖြစ်နိုင်ခြေများတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားဖို့လိုသလို အာဟာရပြည့်အောင်လည်း စားဖို့လိုတယ်။ အကုန်လုံးတော့ ရှောင်စရာမလိုပါဘူး။ အားလုံးကို သင့်တင့်အောင် စားလို့ရပါတယ်။

Voice : ဘယ်လိုကာကွယ်လို့ ရနိုင်ပါသလဲ။
Dr.KSO : ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထိန်းရမယ်။ အစားအသောက်တွေကို ထိန်းဖို့လိုတယ်။ ကိုယ်လက်လေ့ကျင့်ခန်းကို အနည်းဆုံး နာရီဝက်လောက် လုပ်သင့်တယ်။ နောက်ပြီး အရက်ကိုတော့ ရှောင်နိုင်ရင် ရှောင်ပါ။ မရှောင်နိုင်ခဲ့ရင်လည်း အသင့်အတင့်လောက်ပဲ သောက်ပါ။ ကိုယ့်ရဲ့မိဘမျိုးရိုးထဲမှာလည်း သွေးတိုးရောဂါရှိပြီး ကိုယ်တိုင်ကလည်း အပေါ်မှာ ပြောခဲ့သလို အန္တရာယ်ရှိတဲ့ နေထိုင်မှုတွေနဲ့ နေထိုင်ရင်တော့ သတိထားသင့်ပါတယ်။

Voice : သွေးတိုးရင်တွေ့ရတတ်တဲ့ လက္ခဏာတွေကို ပြောပြပေးပါဦး။
Dr.KSO : သွေးတိုးတဲ့အခါမှာ တော်ရုံကလက္ခဏာ မပြတတ်ဘူး။ တချို့ကတော့ ခေါင်းမူးတယ်၊ ဇက်ကြောတွေ တက်တယ်၊ ကိုယ်လက်မအီမသာဖြစ်တယ်၊ ရင်ဘတ်အောင့်တယ်၊ နှလုံးခုန်နှုန်း မြန်လာတယ်လို့ ပြောလာတဲ့အခါ သွေးပေါင်ချိန်ကြည့်လိုက်ရင် တွေ့ရပါတယ်။ ဒါပေမဲ့ လူထုကို အသိမမှားစေချင်တာ ခေါင်းမူးတိုင်း သွေးတိုးတာ မဟုတ်ပါဘူး။ ခေါင်းမူး တာကိုဖြစ်စေတဲ့ အကြောင်းတွေက အများကြီးပါ။

Voice : သွေးတိုးတယ်ထင်လို့ သံပရာရည်ဖျော်သောက်တာတွေကရော တကယ်သွေးကျစေသလား ဆရာ။
Dr.KSO : သံပရာရည်သောက်လို့ သွေးပေါင်ကျသွားနိုင်တယ်ဆိုတာကတော့ သုတေသနစစ်တမ်းတွေမှာတော့ သိပ်မတွေ့ရဘူး။ ဒါပေမဲ့လည်း မူးတဲ့အချိန်ဆိုရင် သကြားဓာတ် ဒါမှမဟုတ် အချဉ်ဓာတ်ပါတာတွေက အမူးအမော်ပြေစေတဲ့ ဂုဏ်သတ္တိတော့ ရှိပါတယ်။ တချို့ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့က ဆီးချိုကျရင်လည်း ခေါင်းမူးတတ်တယ်။ ဒါကြောင့် မူးလာတဲ့အချိန်မှာတော့ ရေသောက်လို့ရတယ်၊ သံပရာရည်သောက်လို့ရတယ်၊ သကြားကို ရေနဲ့ ဖျော်သောက်လို့ရတယ်ပေါ့။

Voice : ဟုတ်ကဲ့။ တချို့က သွေးတိုးကျအောင်ဆိုပြီး ကြိုတင်သောက်သုံးနေတဲ့ သွေးကျဆေးသောက်ကြတာ တွေ့ရတယ်။ အဲဒါက မှန်ကန်တဲ့နည်းလမ်းလို့ ဆိုနိုင်ပါသလားဆရာ။
Dr.KSO : အဲဒါမျိုးတွေ မလုပ်စေချင်ပါဘူး။ တချို့က ဆေးကိုဆောင်ထားပြီး မိုက်ရဲတယ်လို့ပဲ ပြောပါရစေ။ ဒီဆေးရှိတော့ စားချင်ရာစားမယ်ဆိုပြီး စားတယ်။ ပြီးတော့ ဆေးကိုသောက်လိုက်တယ်။ ဆေးသောက်ထားရင် သွေးမတိုးတော့ဘူးလို့ ယူဆတယ်။ ဒီအယူအဆက လွဲမှားတဲ့အယူအဆဖြစ်ပါတယ်။ အဲဒီလိုမလုပ်ဘဲနဲ့သွေးချိန်ကြည့်ပါ။ သွေးချိန်ကြည့်မှပဲ သိနိုင်မယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဆေးကုသမှုခံယူပါ။ သွေးကျဆေးတွေ ကိုယ့်ဘာသာကိုယ် ဝယ်ဆောင်ထားပြီး စားသောက်တဲ့အခါမှာ အကာအကွယ်အနေနဲ့တော့ မလုပ်သင့်ပါဘူး။ ဒါက အယူအဆအမှားတစ်ခုပါ။

Voice : ဒီရောဂါနဲ့ပတ်သက်ပြီး လူထုကို သတင်းစကားလေး ပါးပေးပါဦး ဆရာ။
Dr.KSO : ဒီရောဂါက လူငယ်တွေထဲမှာပါ ဖြစ်ပေါ်လာတဲ့အတွက် သတိပြုဆင်ခြင်ပါ။ ရောဂါကကာကွယ်လို့လည်းရတော့ နေထိုင်စားသောက်မှုတွေကို ပြင်လိုက်ရင် ကာကွယ်လို့ရပါတယ်။ ရောဂါဖြစ်ခဲ့ရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးထိခိုက်တာ၊ လေဖြတ်တာ၊ မျက်လုံးကိုထိခိုက်တာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်နိုင်တဲ့အတွက် ရောဂါဖြစ်ခဲ့ပြီဆိုရင် သေသေချာချာ ရောဂါကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။

သီတာဆွေ