News

POST TYPE

INTERVIEW

ပိုးအိအိခန့်နဲ့ တွေ့ဆုံခြင်း
15-Aug-2018
“ကိုအောင်သူက ညီမထက်တောင်ပိုပြီးတော့ လူကြီးဆန်ပါတယ်။ ညီမကိုလည်း အမြဲတမ်း ဆုံးမပါတယ်”



သရုပ်ဆောင် ပိုးအိအိခန့်နဲ့ တွေ့ဆုံပြီး “အထက်တန်းစား” ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်း၊ သရုပ်ဆောင်နေတိုးကို Idol တစ်ယောက်အဖြစ် သဘောကျခဲ့တဲ့အကြောင်း၊ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူနဲ့အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “အထက်တန်းစား” ရုပ်ရှင်မှာ ဗီလိန်နေရာကနေ သရုပ်ဆောင်ရမယ်လို့ သိထားတယ်။ ကိုယ့်အတွက် ပထမဆုံး ဗီလိန် ဇာတ်ရုပ်လား။
PEEK : ဗီလိန်ကာရိုက်တာကို ညီမ တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့အတွက် အရဲစွန့်ပြီးတော့ လုပ်ကြည့်လိုက်တဲ့သဘောပါ။ ညီမရဲ့ဇာတ်ရုပ်က တော်တော်လေးလည်း ကြမ်းပါတယ်။ ဒီကားက ကိုနေတိုးနဲ့ ပထမဆုံးဆုံတဲ့ ဇာတ်ကားပါ။ ညီမက သရုပ်ဆောင်လောကကို စဝင်ကတည်းက ကိုနေတိုးကို ကိုယ့်ရဲ့ Idol အဖြစ်နဲ့ သတ်မှတ်ထားတာပါ။ Idol နဲ့ဆုံတဲ့ကားမှာမှ သူ့ကို အကျင့်ယုတ်ရတဲ့ အခန်းကနေ ပါရတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာကို လုပ်ပြရမယ့်အတွက် ပျော်ပါတယ်။

Voice : ညီမသရုပ်ဆောင်ရမယ့် ကာရိုက်တာကရော ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
PEEK : ညီမ ကာရိုက်တာက တကယ့်ဗီလိန်အစစ် ပုံစံမျိုးပါ။ ဘယ်လိုမျိုးလေးလဲဆိုတာတော့ ရုံတင်မှပဲ ကြည့်ပေါ့။ ကြိုပြောလိုက်ရင် ပရိသတ်တွေ ကြည့်တဲ့အခါ ပေါ့သွားမှာ စိုးလို့ပါ။ ဇာတ်ကားအစပိုင်းမှာတော့ ကိုယ်က ကိုနေတိုးအပေါ် အကျင့်ယုတ်နေမှန်းမသိဘူးပေါ့နော်။ နောက်ပိုင်းကျတော့မှသာ သိသွားတာပေါ့။ ညီမကတော့ ကိုယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကို အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဇာတ်လမ်းကိုလည်း သေချာဖတ်ပြီး ပြင်ဆင်ထားပါတယ်။

Voice : ကိုနေတိုးကိုရော ဘယ်အချိန်ကစပြီး သဘောကျခဲ့တာလဲ။
PEEK : ကိုနေတိုးကိုတော့ ညီမ ရှစ်တန်း၊ ကိုးတန်းအရွယ်ကတည်းက သဘောကျခဲ့တာပါ။ အခန်းထဲမှာဆိုလည်း ကိုနေတိုးပုံတွေ ကပ်ထားတယ်။ ဆယ်တန်းလောက်အထိကို ကိုနေတိုးပုံတွေ ကပ်ထားတုန်းပဲ။ ကျောင်းကပြန်လာတာနဲ့ ကိုနေတိုး ပိုစတာတွေ အခန်းထဲမှာ ကပ်ထားတယ်။ အဲ့ဒီလောက်အထိကို အားပေးခဲ့တာပါ။ ကိုနေတိုး ဇာတ်ကားမှန်သမျှ အကုန်ကြိုက်တယ်။ ကိုနေတိုးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တယ်။ အနုပညာလို့ ခေါင်းစဉ်တပ်လိုက်တဲ့အရာမှန်သမျှ ကိုနေတိုး မကျွမ်းကျင်တဲ့အရာ တစ်ခုမှမရှိဘူး။ သီချင်းဆိုတာပဲ ဖြစ်ဖြစ်၊ အသံတုလုပ်တာပဲဖြစ်ဖြစ်၊ ဟာသပဲဖြစ်ဖြစ် အရမ်းအားကျတယ်။

Voice : မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူနဲ့ ချစ်သူတွေ ဖြစ်နေပေမယ့် အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ချမပြသေးတာကရော ဘာကြောင့်ဖြစ်မလဲ။
PEEK : ညီမက မိန်းကလေးလည်း ဖြစ်နေတော့ အနေအထိုင်ဆင်ခြင်ရတာပေါ့နော်။ နောက်ပြီးတော့ ဒီသတင်းကလည်း မထွက်သင့်ဘဲ ထွက်လာတာလေ။ အားလုံးသိအောင် ချမပြချင်သေးဘူးဆိုတာက ကိုယ့်ရဲ့ကံကြမ္မာကလည်း ဘယ်လိုဖြစ်လာဦးမလဲ မသိသေးဘူးလေ။ သေချာတဲ့တစ်နေ့ကျရင်တော့ အကုန်လုံးကို ပြောပြမှာပါ။ ညီမတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ တစ်နှစ်ကျော်လောက်ပဲ ရှိပါသေးတယ်။ သူက ရိုးသား၊ ကြိုးစားတဲ့အတွက် သဘောကျခဲ့တာပါ။

Voice : ညီမတို့ နှစ်ယောက်က ကျင်လည်ရာ နယ်ပယ်ခြင်းလည်း မတူကြတော့ ဘယ်လိုတွေ့ပြီး ဖူးစာဆုံခဲ့တာလဲ။
PEEK : သူနဲ့ကတော့ အွန်လိုင်းမှာတွေ့ပြီး စကားပြောဖြစ်ကြတယ်။ စကားပြောဖြစ်ရင်းနဲ့ ရင်းနှီးသွားကြတယ်ပေါ့။ ညီမက စကားပြောကောင်းတဲ့သူတွေကိုတော့ သိပ်စိတ်မဝင်စားဘူး။ အရမ်းစကားပြောကောင်းလို့ရှိရင် ကိုယ့်တစ်ယောက်တည်းမှ မဟုတ်ဘူး။ သူများတွေကိုလည်း အဲ့ဒီလိုမျိုး ပြောမှာပဲဆိုတဲ့စိတ်ရှိတယ်။ သိပ်ပြီးတော့ မယုံတတ်ဘူးလေ။ ကိုအောင်သူ့ကို ကိုယ်ချစ်သူအဖြစ် ရွေးဖို့မဆုံးဖြတ်ခင်မှာ သံသယစိတ်လေးနဲ့ အရင်ကြည့်တယ်။ သေချာဆုံးဖြတ်ပြီးသွားတဲ့အချိန်မှာတော့ သံသယစိတ်မထားတော့ပါဘူး။ Relationship တစ်ခုမှာ သံသယစိတ်ထားတာ မကောင်းဘူးလေ။

Voice : ချစ်သူတစ်ယောက်အနေနဲ့ဆို အောင်သူ့ရဲ့စိတ်နေစိတ်ထားကိုရော ဘယ်လိုမြင်မိလဲ။
PEEK : သူနဲ့ ခင်ပြီးသွားတဲ့အချိန်မှာ စကားတွေပြောကြည့်တယ်။ ခင်ခင်မင်မင်နဲ့နေကြည့်တယ်။ သူ့စိတ်နေစိတ်ထား၊ စိတ်သဘောထားက ဘယ်လိုရှိလဲဆိုတာကို လေ့လာတယ်။ လူတစ်ယောက်က တစ်ခါတလေကျရင် ကိုယ့်ကိုစပြီးတော့ ချဉ်းကပ်တဲ့အချိန်မှာ သူ့ရဲ့ မူရင်းပုံစံ ဟုတ်ချင်မှ ဟုတ်တာလေ။ လူတိုင်းက ဟန်ဆောင်တတ်တာပဲ။ ဟန်မဆောင်တတ်တဲ့သူမှ မရှိတာ။ ဟန်ဆောင်နေတာလား၊ သူ့ရဲ့ မူရင်းပုံစံလားဆိုတာကိုသိအောင် စကားပြောကြည့်တယ်။ နောက်ပိုင်းကျတော့မှ သူ့ရဲ့မူရင်းစိတ်ထားလေးကို သဘောကျသွားတာပါ။ 

Voice : အောင်သူက ထိုင်းပရီးမီးယားလိဂ်မှာ သွားကစားနေတာဆိုတော့ သူ့ကိုရော ဘယ်လိုအားပေးဖြစ်လဲ။
PEEK : သူက သူ့စိတ်ဓာတ်ကိုသူ ခိုင်မာအောင် ထားတတ်ပါတယ်။ ညီမ အဲ့ဒီလောက်ကြီး အားပေးစရာမလိုပါဘူး။ ကိုအောင်သူက ညီမထက်တောင် ပိုပြီးတော့ လူကြီးဆန်ပါတယ်။ ညီမကိုလည်း အမြဲတမ်းဆုံးမပါတယ်။ သူက သူ ဝါသနာပါတဲ့အလုပ်မှာ အမြဲတမ်းကြိုးစားနေတဲ့သူဆိုတော့ စိတ်ပူစရာမလိုပါဘူး။ ဘယ်နေရာပဲရောက်ရောက် သူ့ရဲ့ ကြိုးစားအားထုတ်မှုကို ညီမယုံကြည်ပါတယ်။

သန့်ဇင်ဦး