News

POST TYPE

INTERVIEW

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
04-Apr-2018

သင်္ကြန်ကာလနှင့် ကျန်းမာရေး

“မီးသတ်ပိုက်တွေနဲ့ပက်တာ၊ ရေရှိန်ပြင်းအားများတာတွေနဲ့ ပက်တဲ့အခါကျတော့ တချို့ဆို အရေပြားတွေစပ်တာ၊ ပြဲတာတွေအပြင် မျက်လုံးနဲ့ နားထိခိုက်တာတွေလည်း ရှိပါတယ်”



မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလကို ဆင်နွှဲမည့် ပြည်သူလူထုအတွက် အဆိုပါကာလအတွင်း ဖြစ်ပွားစေနိုင်သော ကျန်းမာရေးနှင့်ပတ်သက်၍ သတိပြုသင့်သည်များနှင့် သင်္ကြန်ပြီးကာလ သတိပြုသင့်သည်များကို ရောင်ခြည်သစ်ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : သင်္ကြန်ပွဲကို ဆင်နွှဲကြမယ့်သူတွေအတွက် ဒီကာလအတွင်းမှာ သတိပြုသင့်တဲ့ ကျန်းမာရေးဆိုင်ရာလေးတွေကို ပြောပြပေးပါဦး ဆရာ။
Dr.KSO : သင်္ကြန်ကာလမှာတော့ အပူဒဏ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ၊ အစားအသောက်ကြောင့်ဖြစ်တဲ့ ပြဿနာ၊ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေ ပျက်စီးတာတွေအပြင် ဒီပွဲတော်ကာလမှာ အခန့်မသင့်လို့ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာတွေနဲ့ မတော်မဆ ယာဉ်တိုက်မှုတွေကတစ်ဆင့် ဒဏ်ရာရ သေဆုံးတာတွေလည်းရှိတော့ ဒီအချက်တွေကိုလည်း သတိပြုသင့်ပါတယ်။

Voice : ဟုတ်ကဲ့။ ဒီအချက်လေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။
Dr.KSO : အပူနဲ့ပတ်သက်ပြီးပြောရရင် အခုက နေပူဒဏ်မြင့်တက်လာတာနဲ့အတူ ခရမ်းလွန်ရောင်ခြည်နဲ့ပတ်သက်ပြီး သတိပေးချင်တာပါ။ နောက်ပြီး အပူကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မိတ်ဖုထွက်ပြီး ယားနာတာတွေ၊ အပူလျှပ်တာတွေကတော့ ဖြစ်နိုင်ခြေ ရှိတာတွေပဲ။ ဒါနဲ့ဆက်စပ်ပြီးပြောရရင် အအေးမိ ဖျားနာတာတွေ ဖြစ်တတ်တယ်။ ကိုက်ခဲနာကျင်တာတွေ ဖြစ်တတ်တယ်။ နောက်တော့ အသားအရေကျတော့ တချို့က တစ်နေကုန်ရေပက်ခံတာတွေ၊ မဏ္ဍပ်ထိုင်တာ၊ ကမ်းခြေမှာသွားပြီး အပန်းဖြေတဲ့အခါ ရေတွေ မသန့်ရင် အသားအရေထိခိုက်တာ၊ ယားနာတွေ၊ ခြေဝဲစားတာတွေ ဖြစ်တတ်တယ်။ နေရောင်ခြည်ကိုလည်း တိုက်ရိုက်ထိတွေ့တဲ့အတွက် အသားအရေပျက်စီးတဲ့ အပိုင်းတွေလည်း ရှိတယ်။ နေလောင်တဲ့ဒဏ်ရော၊ ရေကစားတဲ့ဒဏ်ရောကြောင့်ပေါ့။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့က ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အထက်လန်အောက်လျှောဖြစ်တာတွေတော့ ဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင်တော့ အစာအဆိပ်သင့်တာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ သင်္ကြန်ကာလမှာ အားလုံးကပျော်ပါးနေတော့ မတော်တဆ ထိခိုက်ဒဏ်ရာရတာတွေ၊ ရိုက်မှု၊ ဓားထိုးမှု၊ လူသတ်မှုဖြစ်တာတွေလည်း ရှိတယ်။ တချို့က အရက်အလွန်အကျွံသောက်ထားတဲ့အခါကျတော့ မတော်တဆ ယာဉ်တိုက်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။

Voice : အခုလိုမျိုးတွေမဖြစ်အောင် ဘယ်လိုဂရုပြု ရှောင်ကြဉ်သင့်ပါသလဲ ဆရာ။
Dr.KSO : ပထမဆုံးအနေနဲ့ ဒီလိုအပူဒဏ်နဲ့ ပတ်သက်တာတွေ မခံစားရစေဖို့အတွက် အပူချိန်မြင့်တဲ့ နေ့လယ် ၁၂ နာရီလောက်ကနေ ၃ နာရီကို ခဏနားသင့်တယ်။ နေလောင်ဒဏ်မထိရအောင်ကတော့ တတ်နိုင်သမျှ နေကာတဲ့ Cream တွေလိမ်းဖို့ပေါ့။ အကြံပြုချင်တာကတော့ သင်္ကြန်လည်တဲ့အခါ မျက်နှာသုတ်ပဝါတွေ ယူသွားဖို့ပေါ့။ တချို့ကျတော့လည်း အတိုတွေဝတ်တတ်တော့ ပဝါလေးဆောင်သွားရင်တော့ အကောင်းဆုံးပါပဲ။ အစားအသောက်နဲ့ပတ်သက်ရင်တော့ သန့်ရှင်းလတ်ဆတ်တာတွေပဲ စားစေချင်တယ်။ အများကိုရောင်းဖို့ ချက်ထားတာတွေက တစ်ခါတလေကျရင် အစားအသောက်မသန့်တာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဗိုက်အောင့်တာတို့၊ အထက်လှန်အောက်လျှောဖြစ်တာတို့၊ အစာအဆိပ်သင့်တာတွေ ဖြစ်တတ်တယ်။ ရာသီဥတုက ပြင်းတဲ့အခါကျတော့ ဗက်တီးရီးယားပိုးတွေက ပေါက်ပွားနိုင်တဲ့အတွက်ကြောင့် အစာအဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါလေးတွေကတော့ သတိပြုဆင်ခြင်ရမှာပေါ့။ အစားအသောက်နဲ့ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းရှိတာပေါ့။ စားသုံးသူ အပိုင်းနဲ့ ရောင်းချသူအပိုင်းပေါ့။ စားသုံးသူဘက်ကလည်း သတိထားဆင်ခြင်သလို ရောင်းချတဲ့သူတွေဘက်ကလည်း ကိုယ်ရောင်းချမယ့် အစားအသောက်တွေကို သန့်ရှင်းအောင်လုပ်ပေးဖို့ လိုပါတယ်။ သင်္ကြန်တွင်းမှာ ယာဉ်တိုက်မှုတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ ရှိတဲ့အတွက်ကြောင့် တတ်နိုင်သလောက် အပျော်မကြူးဖို့ပေါ့။ ကားနဲ့လည်တဲ့သူတွေကလည်း အရှိန်လျှော့မောင်းဖို့နဲ့ ပြိုင်မမောင်းဖို့ပေါ့။ အထူးသဖြင့်တော့ သင်္ကြန်ပွဲတော်မှာ ပျော်တဲ့အခါကျတော့ အရက်တွေသောက်ထားတော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ မသောက်ရင်တော့ အကောင်းဆုံးပေါ့။ သောက်မယ်ဆိုရင်လည်း ကိုယ်သောက်နိုင်တဲ့ပမာဏ၊ ကိုယ်ထိန်းနိုင်လောက်တဲ့ ပမာဏလောက်က အကောင်းဆုံးပါ။ နောက်ပြီး လိင်စိတ်ကြွဆေးတွေ၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ စိတ်ကြွဆေးတွေသုံးကြတယ်။ ဒါတွေကလည်း မသုံးတာက အကောင်းဆုံးပါ။ ဒီဟာတွေရဲ့ နောက်ဆက်တွဲက အများကြီးဖြစ်လာနိုင်တဲ့အတွက်ပါ။ နေကလည်းပြင်းတော့ စိတ်ကြွဆေးတွေ သုံးထားတဲ့အရှိန်နဲ့ သွေးတိုးတာတို့၊ နှလုံးခုန်နှုန်းမြန်လာတာတို့၊ အသက်ရှူမြန်လာတာတွေစသဖြင့် ဘေးထွက်ဆိုးကျိုးတွေကလည်း ခံရပါတယ်။ ဒါတွေကိုလည်း တတ်နိုင်သလောက် ရှောင်ကြဉ်ရင်တော့ အကောင်းဆုံးပါပဲ။

Voice : ဟုတ်ကဲ့။ ဒါက သင်္ကြန်တွင်းကာလအတွက်ပေါ့ ဆရာ။ သင်္ကြန်ပြီးကာလမှာဆိုရင်ရော ဘယ်လိုကျန်းမာရေးကိစ္စတွေ ရှိလာနိုင်ပါသေးလဲ။
Dr.KSO : သင်္ကြန်တွင်း မီးသတ်ပိုက်တွေနဲ့ပက်တာ၊ ရေရှိန်ပြင်းအားများတာတွေနဲ့ ပက်တဲ့အခါကျတော့ တချို့ဆို အရေပြားတွေစပ်တာ၊ ပြဲတာတွေအပြင် မျက်လုံးနဲ့ နားထိခိုက်တာတွေလည်း ရှိပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ နေလောင်ဒဏ်တွေနဲ့ အသားအရေပျက်စီးတာတွေ ဖြစ်နိုင်တယ်။ သင်္ကြန်တွင်းပျော်နေတော့ သိပ်မသိပေမယ့် သင်္ကြန်ပြီးကာလမှာ ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်တယ်။ အရက်အလွန်အကျွံသောက်တဲ့သူတွေဆိုရင် အရက်နာကျတာတွေ ဖြစ်တတ်တယ်။

Voice : သင်္ကြန်ကာလကို ဆင်နွှဲမယ့်လူထုအတွက် ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.KSO : သင်္ကြန်ကာလမှာ ပျော်လည်းပျော်ပေါ့နော်။ နောက်ပြီး စားသောက်နေထိုင်မှုအပိုင်းတွေကို ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ရေရှိန်ပြင်းပြင်းနဲ့ ဆော့တာတွေကို ဆင်ခြင်သင့်ပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါးတွေ မသုံးစွဲဖို့ပေါ့။ နောက်ပြီး မြန်မာပြည်သူ၊ ပြည်သားအားလုံးလည်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပြည့်စုံစွာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Voice : ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

သီတာဆွေ