News

POST TYPE

INTERVIEW

နေတိုးနဲ့ တွေ့ဆုံခြင်း
“ကျွန်တော့်ရဲ့ အနုပညာသက်တမ်း နှစ် ၂၀ အတွင်းမှာ အကယ်ဒမီဆု သုံးဆုရခဲ့ပါတယ်” 

“တာတေကြီး” ရုပ်ရှင်ကားနဲ့ တတိယအကြိမ်မြောက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားတဲ့ သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ စကားသံများနဲ့အတူ ဇာတ်ရုပ်ပိုင်းနဲ့ ပတ်သက်တဲ့ သရုပ်ဆောင်မှုအခက်အခဲများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “တာတေကြီး” ရုပ်ရှင်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တဲ့အပေါ် ကိုယ့်ရဲ့စိတ်ခံစားမှုက ဘယ်လိုရှိနေလဲ။ 
NT : အဓိကပရိသတ်တွေရဲ့ မျှော်လင့်ချက်ပေါ့နော်။ ပရိသတ်တွေဖြစ်စေချင်တဲ့ဆန္ဒလေး ပြည့်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ ဝမ်းသာပီတိဖြစ်ရတယ်။ နောက်တစ်ခုက ကျွန်တော်ပင်ပန်းခဲ့တာတွေ၊ ကြိုးစားခဲ့တာတွေအားလုံးက အကယ်ဒမီဆုရရှိတဲ့အချိန်မှာ ပရိသတ်နဲ့အတူ မေ့ပျောက်သွားစေပါတယ်။ နောက်ထပ်လည်း ပရိသတ်တွေအတွက် အနုပညာရသမြောက်တဲ့ ဇာတ်ကောင်တွေ၊ ဇာတ်ကားတွေကို ကြိုးစားပြီးတော့ ရိုက်ကူးသွားပါ့မယ်လို့ ကတိပေးပါတယ်။ အကယ်ဒမီရွှေကြယ်ကိုတော့ ဘုရားလှူမှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ လှူမယ့်နေရာကို ရွေးနေတုန်းပါပဲ။ 

Voice : မမတာဇာတ်ရုပ်က သရုပ်ဆောင်ပိုင်းမှာ ကိုယ့်အတွက် တော်တော်လေးကို ခက်ခဲစေတဲ့ ဇာတ်ရုပ်မျိုးလား။ 
NT : ဒီကားမှာက ခက်ခဲတဲ့ သရုပ်ဆောင်မှုတွေ တော်တော်များများပါတယ်။ မမတာဇာတ်ရုပ်ကို ကျွန်တော့်အနေနဲ့ အချိန်ယူပြင်ဆင်ခဲ့ရတယ်။ ဒါရိုက်တာနဲ့ အကြိမ်ကြိမ်ဆွေးနွေး၊ အကြိမ်ကြိမ်ငြင်းခုံပြီးတော့မှ မမတာဇာတ်ကောင်က ပိုပြီးတော့ အသက်ဝင်လာတာပေါ့နော်။ နောက်တစ်ခုက ဒီကားထဲမှာ ကျွန်တော့်ရဲ့ဇာတ်ရုပ်နှစ်မျိုးစလုံးက အများကြီး ခက်ခဲမှုမရှိနိုင်ဘူးလို့ ထင်ရပေမယ့် ဇာတ်ရုပ်နှစ်ခု ပေါင်းစည်းလိုက်တဲ့အခါမှာ အက်တင်တွေက အရမ်းကို ခက်ခဲမှုရှိပါတယ်။ အဓိကသရဲပူးတဲ့ဇာတ်ဝင်ခန်းတွေက တကယ်ကို ကျွန်တော့်အတွက် ခက်ခဲပါတယ်၊ အများကြီး အချိန်ယူခဲ့ရတယ်။ ကိုဝိုင်းနဲ့ အကြိမ်ကြိမ် ရီဟာဇယ်လုပ်ပြီးတော့မှ ရိုက်ခဲ့ရတယ်။ တစ်ခါတလေကျရင် ရိုက်ကွင်းတည်ထားပြီးမှ မရိုက်လိုက်ရတဲ့နေ့တွေလည်း ရှိပါတယ်။ ကိုယ့်သရုပ်ဆောင်တာကို ကိုယ့်ကိုယ်တိုင် သိပ်ပြီးတော့ အားမရတာကြောင့်လည်းပါတယ်၊ လူက အရမ်းအားနည်းနေတဲ့အချိန်မှာ မမတာအက်တင်ကို လုပ်လို့မရဘူးဆိုတော့ ဇာတ်ဝင်ခန်းတွေကို တစ်ရက်ခြားရိုက်ခဲ့ရတယ်။ ဒီကားက ကျွန်တော့်အတွက် အချိန်ယူပြီးတော့ ကြိုးစားခွင့်ရခဲ့တဲ့ကားတစ်ကားပါ။ အဲ့ဒါကြောင့် မမတာဇာတ်ကောင်မှာ တကယ့်ကို ဏသတနမ်ကူဖြစ်ပြီးတော့ အက်တင်တွေကို လုပ်ခဲ့ရတာပေါ့နော်။ 

Voice : အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားသုံးကားစလုံးမှာ ကိုယ့်ရဲ့ ဇာတ်ရုပ်တွေက ထူးခြားနေတာတွေ့ရတယ်။
NT : ကျွန်တော် ဇာတ်ဆောင်ဆုရခဲ့တဲ့ ဇာတ်ကားသုံးကားစလုံးက ထူးခြားပါတယ်။ ပထမဆုံးရတဲ့ “မိုးညအိပ်မက်မြူ” ဇာတ်ကားမှာဆိုလည်း ဇာတ်ရုပ်ကတော့ တစ်ခုတည်းပဲ၊ ဒါပေမဲ့ သူက အတိတ်တွေမေ့ပြီးတော့ ဘဝတွေကို ဖြတ်သန်းရတဲ့ ဇာတ်ရုပ်မျိုးဆိုတော့ တကယ်ကို စိတ်ခံစားမှု၊ စိတ်အာရုံအများကြီးထည့်ပြီးတော့ အက်တင်လုပ်ရတယ်။ ဒုတိယရတဲ့ “နက္ခတ်မှားတဲ့တိုက်ပွဲ” ကားမှာဆိုရင်လည်း ကျွန်တော်က သုံးကိုယ်ခွဲပုံစံမျိုးသရုပ်ဆောင်ရတယ်။ သူကကျတော့ တမင်တကာကို သုံးယောက်လုပ်ထားတာပေါ့နော်။ တတိယမြောက်ရတဲ့ “တာတေကြီး” ကားမှာကျတော့ မိန်းမလျာဇာတ်ရုပ်နဲ့ လူငယ်တစ်ယောက်ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရတယ်။ နောက်တစ်ခုက ကျွန်တော့်ဆီကို ထူးထူးခြားခြား ဇာတ်လမ်းတွေ ရောက်လာတာများပါတယ်။ အဲ့ဒါကြောင့် သရုပ်ဆောင်ခွင့်ရတယ်ပြောရမယ်။ ထူးထူးခြားခြား သရုပ်ဆောင်ခွင့်ရတဲ့ ဇာတ်ကားတွေနဲ့ အကယ်ဒမီရတာကတော့ ကျွန်တော့်ရဲ့ ကံတရားတစ်ခု၊ ပရိသတ်လက်ခံတဲ့ အနုပညာဆန်းသစ်မှုတွေမှာ ကြိုးစားဖို့အတွက် အခွင့်အရေးနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေလို့ ကျွန်တော် ရွေးချယ်ခြင်းခံရတယ်လို့ပဲ မြင်တယ်။ ကျွန်တော့်ရဲ့ ကံတရားက ဇာတ်ကောင်တွေဆုံတဲ့ဘက်မှာ ရှိနေတယ်လို့ သုံးသပ်မိပါတယ်။ 

Voice : တတိယအကြိမ်မြောက်ရတဲ့ အကယ်ဒမီက အနုပညာဖန်တီးမှုပိုင်းမှာ ဘယ်လိုခွန်အားတွေ ဖြစ်စေမလဲ။ 
NT : ကျွန်တော့်အတွက် တတိယမြောက်အကယ်ဒမီဆုက အင်အားဖြစ်စေတယ်ဆိုတာထက်ကို ပရိသတ်အားပေးခဲ့တဲ့ လက်ခုပ်သံတွေရှိတယ်။ ကျွန်တော့်အတွက် အကယ်ဒမီဆိုတာက ရတဲ့နှစ်ထက်ကို လွဲတဲ့နှစ်က ပိုများတယ်လို့ ပြောရမှာပေါ့နော်။ အရှင်းဆုံးပြောရရင်တော့ ကျွန်တော့်ရဲ့ အနုပညာသက်တမ်းနှစ်နှစ်ဆယ်အတွင်းမှာ အကယ်ဒမီဆု သုံးဆုရခဲ့ပါတယ်။ ကျွန်တော့်ကို သုံးဆုထက်မက ရစေချင်တဲ့ ပရိသတ်တွေလည်းရှိတယ်ဆိုတော့ ပရိသတ်အားပေးခဲ့တဲ့အားတွေနဲ့ ကျွန်တော့်ဘက်ကနေ အမြဲတမ်း အကယ်ဒမီထပ်တလဲလဲရချင်တယ်။ အဲ့ဒါကြောင့် အမြဲတမ်းလည်း ကျွန်တော်ကြိုးစားနေပါမယ်။ 

Voice : နောက်ပိုင်းမှာ ဘယ်လိုထူးခြားတဲ့ဇာတ်ရုပ်တွေ၊ ဇာတ်ကားတွေ ထပ်ရိုက်သွားဖို့ရှိလဲ။ 
NT : အဓိက ပရိသတ်တွေ မြင်နေကျမဟုတ်တဲ့ ရုပ်ရှင်ဆန်တဲ့ ရုပ်ရှင်မျိုးတွေကို ကျွန်တော်တို့ထုတ်လုပ်ရေးကနေ ရိုက်ထားတာလည်းရှိပါတယ်။ နောက်တစ်ခုက ကျွန်တော့်အနေနဲ့ ကိုယ်ရိုက်ချင်တဲ့ဇာတ်ကားလေးတွေကို တခြားထုတ်လုပ်ရေးတွေနဲ့ ရှယ်ယာဝင်ပြီး ရိုက်ထားတဲ့ကားတွေလည်းရှိပါတယ်။ အဓိကကတော့ ဖန်တီးမှုအားကို ပိုပြီးတော့ ယူထားတယ်။ ရုပ်ရှပ်တစ်ကားရဲ့ အရည်အသွေး၊ ဇာတ်ညွှန်းပိုင်းတွေကို အများကြီးပြောင်းလဲထားပါတယ်။ 

Voice : မမတာဇာတ်ရုပ်နဲ့ အကယ်ဒမီခန့်မှန်းပေးကြတဲ့ ပရိသတ်ကြီးကို နှုတ်ဆက်စကားလေးပြောပေးပါဦး။ 
NT : ဒီနှစ်ကတော့ “တာတေကြီး” ဇာတ်ကားကိုကြည့်ပြီးတော့ အကယ်ဒမီခန့်မှန်းပေးကြတဲ့ ပရိသတ်တွေရှိသလို ရုံတင်မပြသခင်ကတည်းက ထွေလာအတိုလေးတွေကြည့်ပြီးတော့ နိုင်ငံခြားက တချို့ပရိသတ်တွေဆို လုံးဝကို အကယ်ဒမီ ရကိုရရမယ်ဆိုပြီး အားပေးခဲ့ကြတာရှိတယ်။ ဇာတ်ကားမကြည့်ဘဲနဲ့ ကျွန်တော့်ကိုအားပေးတယ်ဆိုတာ ကျွန်တော့်ကို ချစ်ခင်တဲ့စိတ်၊ ယုံကြည်တဲ့စိတ်ကြောင့်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီယုံကြည်မှုကို စိတ်ထဲမှာ နှလုံးသွင်းပြီးတော့ ပရိသတ်ရဲ့ ယုံကြည်မှုမလျော့သွားအောင် ဒီ့ထက်မကပိုပြီးတော့ အင်အားကြီးတဲ့အနုပညာတွေကို ဖန်တီးသွားပါ့မယ်လို့ ပြောချင်ပါတယ်။ 

ဝင်းထွန်းနိုင်