News

POST TYPE

INTERVIEW

အေးမြတ်သူနဲ့ တွေ့ဆုံခြင်း
15-Mar-2018
“တစ်ခါတလေ ဘဝမှာ ဆိုးရွားတဲ့အမှားတွေ ကြုံလာရင်တောင် အဲဒါတွေက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်ပေးမယ့်အရာတွေလို့ ခံယူလိုက်ပါတယ်”

သရုပ်ဆောင် အေးမြတ်သူနဲ့တွေ့ဆုံပြီး ဘဝအတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ပြောဖြစ်တဲ့အကြောင်း၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေအကြောင်းနဲ့ အကယ်ဒမီ ရင်ခုန်သံတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ကိုယ့်ရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပြောဖြစ်တာ တွေ့ရတယ်။ ဘယ်လိုစိတ်နဲ့ ပြောဖြစ်တာလဲ။
AMT : ညီမက စကားပြောများတယ်။ တစ်ခါတလေကျရင် ကိုယ်ပြောတဲ့ စကားတွေထဲမှာ အမှားတွေလည်း ပါသွားတတ်ပါတယ်။ နောက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရတာကို သဘောကျတယ်။ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘဝမှာလည်း အခက်အခဲလေးတွေ ရှိခဲ့တယ်။ အဲ့ဒါလေးတွေကို ပြောပြဖြစ်တယ်။ ပရိသတ်တွေထဲမှာလည်း ကိုယ့်လိုပဲ အခက်အခဲလေးတွေ ကြုံလာရင် အလွယ်တကူ ဖြေရှင်းနိုင်အောင်လို့ပါ။ သူတို့ရဲ့ဘဝမှာ အမှားနည်းအောင်လို့ပါ။ ကိုယ်မှားခဲ့တဲ့ အမှားမျိုးကို သူများကို ထပ်မမှားစေချင်ဘူး။ မမှားအောင်၊ ဆင်ခြင်လို့ရအောင် ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို ပြောပြဖြစ်တာပါ။

Voice : မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အနုပညာလောကမှာ “စပွန်ဆာ” ယူကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အေးမြတ်သူ ရှင်းပြသွားတာလေးလည်း ကောင်းတယ်။
AMT : အဲ့ဒီအကြောင်းကို ညီမက မင်းသမီးတစ်ယောက်အနေနဲ့ ဖြေခဲ့တာမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဖြေခဲ့တာပါ။ ကိုယ်ကြုံဆုံခဲ့ရတဲ့အရာ၊ ကိုယ့်ရဲ့လက်ရှိ ခံယူချက်၊ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပြီးတော့ ဖြေခဲ့တာပါ။ ကြိုတင်ပြင်ဆင်ထားတာလည်း မရှိသလို၊ ကြိုတင်စဉ်းစားထားတာလည်း မရှိပါဘူး။ အဲ့ဒီအချိန်မှာ သူမေးတဲ့မေးခွန်းကို မင်းသမီးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ မိန်းမတစ်ယောက်ဆိုတဲ့ စိတ်နဲ့ဖြေခဲ့တာပါ။

Voice : ဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကြောင့် လက်ရှိအချိန်မှာ ရင့်ကျက်တဲ့ မိန်းမတစ်ယောက် ဖြစ်နေတယ်လို့ ပြောရင်ရမလား။
AMT : အေးမြတ်သူက ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကြောင့် ရှိရင်းစွဲ အသက်ထက်ပိုပြီးတော့ ရင့်ကျက်တည်ငြိမ်တဲ့ မိန်းမတစ်ယောက်ပုံစံ ပေါက်နေတာပါ။ ညီမကို ဘဝကပေးတဲ့ သင်ခန်းစာတွေ တော်တော်များပါတယ်။ ဘဝကပေးတယ်၊ ပတ်ဝန်းကျင်က ပေးတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က အကောင်း၊ အဆိုးတွေကို ဝေဖန်ပိုင်းခြားတတ်အောင်လည်း သင်ပြပေးတယ်။ ကောင်းဖို့အတွက် လမ်းပြပေးသလို၊ အဆိုးတွေကို ရင်ဆိုင်နိုင်ဖို့အတွက်လည်း ခွန်အားတွေပေးပါတယ်။ အဆိုးတွေကြုံလာရင် ဘယ်လိုရင်ဆိုင် ဖြေရှင်းရမလဲ၊ အမှားတွေကြုံလာရင်လည်း အမှန်ကို ပြင်နိုင်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို ကိုယ့်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ပတ်ဝန်းကျင်ကပဲ သင်ပေးသွားတာပါ။

Voice : တချို့ကျတော့လည်း အမှားတွေထဲကနေ ရုန်းမထွက်နိုင်ကြတာမျိုးလည်း ရှိကြတယ်နော်။ အမှားတွေထဲကနေ ရုန်းထွက်နိုင်ဖို့ကျတော့ ဘယ်လို စိတ်ဓာတ်ခွန်အားမျိုးလိုလဲ။
AMT : အမှားကနေ အမှန်ပြင်နိုင်ဖို့ကတော့ ကိုယ့်မှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း လိုပါတယ်။ မှားခဲ့တာက မှားပြီးပြီ။ မှားခဲ့တဲ့အရာတစ်ခုအတွက် တွေဝေနေတာတွေ၊ နောင်တရတာတွေ၊ ဝမ်းနည်းနေတာတွေဖြစ်နေမယ့် အစားအမှားတွေထဲကနေ ကိုယ့်ဘဝအတွက် ဘယ်လိုသင်ခန်းစာတွေ ရမလဲဆိုတာကို ပြနု်သုံးသပ်ရပါမယ်။ လူတိုင်းက မှားဖူးကြတာပါပဲ။ ကိုယ်မှ မှားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ အမှားတစ်ခုအတွက် ဘယ်တော့မှ စိတ်မဆင်းရဲပါနဲ့ ။ အဆိုးတွေထဲကနေ အမှားတွေထဲကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ လူတစ်ယောက်က မမှားဖူးရင်လည်း ဘဝမှာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ အမှားမကြုံဖူးခဲ့ရင် သူလုပ်သမျှ အမှန်တွေချည်းပဲ ထင်နေတတ်တယ်။ တစ်ခါတလေဘဝမှာ ဆိုးရွားတဲ့အမှားတွေ ကြုံလာရင်တောင် အဲ့ဒါတွေက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်ပေးမယ့်အရာတွေလို့ ခံယူလိုက်ပါတယ်။ အမှားတွေထဲကနေ ရုန်းထွက်ပြီး ပိုမိုလှပတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ 

Voice : အကယ်ဒမီပေးပွဲလည်း နီးလာပြီဆိုတော့ အေးမြတ်သူရဲ့ ရင်ခုန်မှုကရော ဘယ်လိုရှိနေလဲ။ ကိုယ်လည်း “ခေါက်ထီးလေး မလုံ့တလုံ” နဲ့ နာမည်ထွက်နေတာဆိုတော့လေ။ အကယ်ဒမီ ပွဲတက်ဝတ်စုံအတွက်ရော စီစဉ်ပြီးပြီလား။
AMT : အကယ်ဒမီနဲ့ ပတ်သက်လို့တော့ အများကြီး မျှော်လင့်ထားတာမျိုး မရှိပါဘူး။ ဒီနှစ်မှာ ကိုယ့်ထက်တော်တဲ့၊ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတွေရဲ့ ဇာတ်ကားတွေလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာ ဆိုတော့လေ။ ညီမတို့ကတော့ ဘယ်သူပဲဆုရရ လက်ခုပ်တီးပြီး အားပေးမှာပါ။ ကိုယ့်အတွက်ကတော့ ပရိသတ်တွေပေးတဲ့ အချစ်တွေနဲ့တင် လုံလောက်နေပါပြီ။ အကယ်ဒမီဆိုတာကို မမျှော်မှန်းနိုင်သေးပါဘူး။ ဒီနှစ် အကယ်ဒမီပွဲတက် ဝတ်စုံနဲ့လက်ဝတ်လက်စားကိုတော့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က စီစဉ်ပေးမှာပါ။ ဘယ်လိုဒီဇိုင်းမျိုး ဖြစ်မလဲတော့ မသိပါဘူး။ ညီမက ဒီဇိုင်နာကို ဆရာလုပ်တာမျိုးလည်း မရှိပါဘူး။ အန်တီပေါက် စီစဉ်ပေးတဲ့ အလှဆုံးဝတ်စုံကိုပဲ အေးမြတ်သူ ဝတ်မှာပါ။ 

သန့်ဇင်ဦး


  • VIA