News

POST TYPE

INTERVIEW

တေးသံရှင်နီနီခင်ဇော်နှင့်တွေ့ဆုံခြင်း
07-Sep-2016
လူမှုကွန်ရက် Facebook မှာ မကြာမီ ရက်ပိုင်းအတွင်းက ပျံ့နှံ့ခဲ့တဲ့ လူမှုရေးကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ တေးသံရှင် နီနီခင်ဇော်နဲ့ တွေ့ဆုံပြီး ယင်းဖြစ်ရပ်မှာ ၎င်းဘက်ကနေ ရပ်တည် အားပေးခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေ ရှိခဲ့တဲ့အပေါ် သူ့ရဲ့ခံစားမှု၊ လက်ရှိကာလမှာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပရိသတ်တွေအတွက် အနုပညာ အလုပ်တွေကို အကောင်းဆုံး ဆက်လက် လုပ်ဆောင်သွားမယ့် အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : မကြာမီ ရက်ပိုင်းအတွင်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ လူမှုရေးကိစ္စမှာ  နီနီ့ဘက်က ရပ်တည် အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကို ဘာများ ပြောချင်လဲ။
NNKZ : လူသားချင်း ကိုယ်ချင်း စာပေးတဲ့ စိတ်၊ မိန်းကလေးချင်း ကိုယ်ချင်း စာပေးတဲ့ စိတ်တွေအတွက် နီနီ အားလုံးကို လေးစားပါတယ်။ နီနီ့ကို သူငယ်ချင်းတွေ ဝိုင်းအားပေးတဲ့ စာလေးတွေကိုလည်း နီနီ ဖတ်ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။

Voice : ဒီဖြစ်ရပ်ကြောင့် နီနီရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားမှာကို ပရိသတ်တွေကလည်း စိုးရိမ် နေကြတယ်နော်။
NNKZ : နီနီသာ စိတ်ဓာတ် ကျနေမယ်ဆိုရင် ဒီကိစ္စကို ပရိသတ်ကိုတောင် ပြောမှာ မဟုတ်ပါဘူး။ နီနီက အခုချိန်မှာ ပရိသတ်ကို ပြန်အားပေးရမယ့် အခြေအနေပါ။ အခုချိန်မှာ နီနီသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေမယ့် အမျိုးသမီး တစ်ယောက် မဟုတ်ပါဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ အားစိုက်ပြီး လုပ်နေပါတယ်။ အခုချိန်မှာ အရမ်းလည်း အလုပ် များနေတယ်။ အနီရောင် ဒီဗီဒီနဲ့ Super Redနှုတ်ခမ်းနီ ထွက်ဖို့ အလုပ် များနေပါတယ်။ နီနီ့အတွက် ပရိသတ်တွေ မစိုးရိမ်စေချင်ပါဘူး။

Voice : နီနီ ကြုံခဲ့ရတဲ့ ဖြစ်ရပ်က အပြင်လောကက မိန်းကလေးတွေထဲမှာလည်း ကြုံရလေ့ ရှိတဲ့ ဖြစ်ရပ်မျိုးလေ။ ဒီကိစ္စကို နီနီ့ဘက်က ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဝန်ခံလိုက်တဲ့ အပေါ်မှာ တချို့လည်း အံ့သြကြတယ်။
NNKZ : အမှန်တရားကို ပရိသတ်တွေ သိစေချင်လို့ နီနီ ပြောပြခဲ့တာပါ။ နီနီ့ရင်ထဲမှာ အမှန်တရားကို ပြောလိုက်ရတဲ့အတွက် ပိုပြီးတော့တောင် နေလို့ထိုင်လို့ အဆင်ပြေသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက နီနီ အားလုံး စဉ်းစားထားပြီးသားပါ။ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဘယ်လိုမျိုး ပရိသတ်ကို ပြောမလဲ ဆိုတာကအစ နီနီ စဉ်းစားထားပါတယ်။

Voice : လက်ရှိ အချိန်မှာရော နီနီ့ရဲ့ ပရိသတ်တွေအတွက် အနုပညာ အလုပ်တွေကို ဘယ်လို အကောင်းဆုံး ဆက်လုပ်သွားဖို့ စဉ်းစားထားလဲ။
NNKZ : အခုချိန်က နီနီ့အတွက် အရမ်းကို အလုပ် များနေတဲ့ အချိန်ပါ။ အလုပ်ကိုပဲ အရမ်း အားစိုက်နေရတယ်။ ပရိသတ်တွေက နီနီ့ကို ချစ်တယ်၊ အားပေးတယ် ဆိုတဲ့ဟာက နှစ်ဆ၊ သုံးဆ နီနီ့ကို ပိုပြီး ကြိုးစားချင်စိတ်တွေ ဖြစ်စေပါတယ်။ ပရိသတ်ရဲ့ စကားသံက နီနီ့ကို ပိုပြီး အားဖြစ်စေပါတယ်။ Super Red နှုတ်ခမ်းနီနဲ့ အနီရောင် ဒီဗီဒီကို သိပ်မကြာခင်အချိန်မှာ ပရိသတ်တွေကို ပေးနိုင်ဖို့အတွက် နီနီ အကောင်းဆုံး ပြင်ဆင်နေပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် နီနီ့ရဲ့ အလုပ်တွေကို နှစ်ဆ တိုးပြီး နီနီ လုပ်နေတယ်။ ခါးနာနေပေမယ့်လည်း နီနီ ပရိသတ်တွေအတွက် အရင်ကထက် ပိုပြီး Strong ဖြစ်တဲ့ နီနီခင်ဇော် ဖြစ်နေတယ်။ ပရိသတ်တွေအတွက် နီနီ ကြိုးစားနေပါတယ်။

Voice : အနီရောင် ဒီဗီဒီနဲ့ Super Red နှုတ်ခမ်းနီကိုရော ဒီလအတွင်း ဖြန့်ဖြစ်မှာလား။
NNKZ : အဲ့ဒါကတော့ ဒီလအတွင်း အနီရောင် ဒီဗီဒီနဲ့ Super Red နှုတ်ခမ်းနီကို Launch လုပ်ပါမယ်။ နှုတ်ခမ်းနီနဲ့ ဒီဗီဒီအကြောင်းကို ပရိသတ်တွေအတွက် အသေးစိတ် ပြောပြပေးသွားမှာပါ။

Voice : နီနီကြုံခဲ့ရတဲ့ လူမှုရေး ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အခုချိန်အထိ အမြင် အမျိုးမျိုးနဲ့ ပြောဆို နေကြတာတွေ ရှိနေတုန်းပဲနော်။
NNKZ : အဲ့ဒါနဲ့ ပတ်သက်ပြီး နီနီ့ဘက်က ဘာမှ ရှင်းစရာ မရှိတော့ပါဘူး။ လူတစ်ယောက်မှာက Personal Life ဆိုတာ ကိုယ်စီ ပိုင်ဆိုင်ကြပါတယ်။ နီနီ့ရဲ့ ပရိသတ် တစ်ယောက်စီတိုင်းမှာလည်း Personal Life ကိုယ်စီ ရှိကြပါတယ်။ နီနီ့ရဲ့ Personal Life ကို ပရိသတ်က တစ်မျိုး ထင်မှာစိုးလို့ ဒီအကြောင်းတွေကို နီနီ ရှင်းပြခဲ့တာပါ။ Personal Life ဆိုတာ လူတိုင်းမှာ ရှိကြတယ်။ ဒီအကြောင်းကို ပြောချင်တဲ့လူ ရှိသလို၊ မပြောချင်တဲ့ လူတွေလည်း ရှိကြမှာပဲ။ ဒါက သူ့ဘဝရဲ့ ရွေးချယ်မှုပါ။ ဒါပေမဲ့ နီနီကတော့ ပရိသတ်အတွက် အားလုံး ပြောပြခဲ့ပါတယ်။ နီနီ့မှာ ဘာမှ ထပ်ပြီး ပြောပြစရာ မရှိတော့ပါဘူး။ တချို့ ထင်ယောင်ထင်မှား ကိစ္စတွေကိုတော့ အားလုံးလည်း ပြန်လည် သုံးသပ်ပြီးတော့ပဲ ကြည့်စေချင်ပါတယ်။ ဒီ့ထက်ပိုပြီးတော့ မိန်းကလေး တစ်ယောက် အနေနဲ့ ဘာမှ ရှင်းပြစရာ မရှိတော့ပါဘူး။

Voice : နီနီ့အတွက် စိုးရိမ်နေတဲ့ အမာခံ ပရိသတ်တွေကိုရော ဘာများ ဖြည့်စွက် ပြောကြားချင်သေးလဲ။
NNKZ : အခုချိန်မှာ နီနီ့ကို ပရိသတ်တွေ ချစ်တယ်ဆိုရင် ပရိသတ်တွေ အာရုံစိုက်ထားရမှာက နီနီ မြတ်နိုးတဲ့ အနုပညာကိုပါပဲ။ နီနီသည်လည်း ဟိုးအရင်ကတည်းက အနုပညာကို ချစ်မြတ်နိုးပြီး တက်လာတာ ဖြစ်ပါတယ်။ နီနီ့ ဘဝမှာ အမြတ်နိုးဆုံးက အနုပညာပါ။ နောက်တစ်ခုက နီနီ့ မိသားစုပါ။ နီနီက အနုပညာနဲ့ နီနီ့ မိသားစုကိုသာ အလေးထားတယ်။ နီနီ့ရဲ့ အနုပညာ ခြေလှမ်းသစ် ဖြစ်တဲ့ အနီရောင် ဒီဗီဒီကို ပရိသတ်တွေ အားလုံးရဲ့ ချစ်မြတ်နိုးမှုကို နီနီ ခံယူချင်တယ်။ နီနီ နှစ်ပေါင်း များစွာ ကြိုးစားလာခဲ့ရတဲ့ Super Red နှုတ်ခမ်းနီကို ပရိသတ် လက်ထဲ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့နဲ့ ရောက်နိုင်ဖို့အတွက်ကို ဦးစားပေးပြီးတော့ ကြိုးစားနေပါတယ်။ ဒီနှစ်ခုတည်းကို နီနီကိုယ်တိုင်လည်း အာရုံ စိုက်ထားမှာ ဖြစ်သလို၊ ပရိသတ် အားလုံးကလည်း ဒီနှစ်ခုတည်းကိုပဲ အာရုံစိုက်ထားစေချင်ပါတယ်။

သန့်ဇင်ဦး


  • VIA