News

POST TYPE

INTERVIEW

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကူးစက်ဆရာဝန် ဒေါက်တာထူးမြင့်ဆွေနှင့် တွေ့ဆုံခြင်း
06-Sep-2016

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ ထန်ခေါ်လာမား ကျေးရွာနှင့် နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲအောက်ရှိ ကျေးရွာအချို့တွင် ဝက်သက်ရောဂါကြောင့် ကလေးများနှင့် လူကြီးအချို့ သေဆုံးခဲ့ရာ ထန်ခေါ်လားမား ကျေးရွာသို့ ကွင်းဆင်းကုသရာတွင် ပါဝင်ခဲ့သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကူးစက်ဆရာဝန် ဒေါက်တာထူးမြင့်ဆွေနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဆရာတို့ ကွင်းဆင်းကုသမှုပိုင်းကို ပထမဆုံးအနေနဲ့ ပြောပါဦး။

Dr. HMS : သတင်းရရချင်း လဟယ်မြို့နယ် ကာရော်နောက်ညို ကျေးလက်ကျန်းမာရေးဌာန၊ သားဖွားဆရာမက ရောဂါဖြစ်ပွားတဲ့ ထန်ခေါ်လားမား ကျေးရွာကို အရင်ဆုံး ကွင်းဆင်းတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကနေစလို့ လဟယ်မြို့နယ် ထန်ပါခွေတိုက်နယ် ဆရာဝန် ဒေါက်တာကျော်စံဝင်း ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်းဆောင်ရွက်တယ်။ သြဂုတ်လ ၁ ရက်နေ့မှာ ထန်ခေါ်လားမား ကျေးရွာကို ကာရော် နောက်ညို ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသန့်စင်ဦးလည်း ကွင်းဆင်းခဲ့ပါတယ်။

သြဂုတ်လ ၅ ရက်နေ့မှာတော့  ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ကျွန်တော် အပါအဝင် လက်ထောက်ညွှန်ကြားရေးမှူး (ငှက်ဖျား) ဒေါက်တာသန်းနိုင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေသဆိုင်ရာ ပိုလီယိုရောဂါပပျောက်ရေး ဆရာဝန် ဒေါက်တာရန်နိုင်၊ လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဟိန်းထွဋ်ဆွေနဲ့ တပ်မတော်သား ဆရာဝန် ဗိုလ်ကြီး ဟိန်းကိုကိုဦးတို့ အဖွဲ့ ရောဂါဖြစ်ပွားတဲ့ လဟယ်မြို့နယ်၊ ထန်ခေါ်လားမားကျေးရွာ အပါအဝင် တိုက်ရံကျေးရွာ၊ ရောင်ဖွန်ကျေးရွာ၊ ခမ္မလားကျေးရွာနဲ့ ထန်ခေါ်နောက်ကုန်း ကျေးရွာတွေကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုး၊ ခန္တီးခရိုင်ပြည်သူ့ ဆေးရုံကြီးက လက်ထောက်ဆရာဝန် ဒေါက်တာစံဖူးအောင်နဲ့ တပ်မတော်သား ဆရာဝန် ဗိုလ်မှူး နွေဦးလတ်တို့ ပါဝင်တဲ့ အဖွဲ့ကတော့ နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲအောက်က ကျေးရွာတွေကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသံလွင်ထွန်းတို့ ဦးဆောင်တဲ့အဖွဲ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ဦးဆောင်တဲ့ တပ်မတော်ဆေးအဖွဲ့နဲ့အတူ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။

နောက်ပိုင်းမှာလည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ သဘာဝဘေးနဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဌာနက ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်နဲ့ ဌာနခွဲ အသီးသီးက ပြည်သူ့ကျန်းမာရေး အထူးကု ဆရာဝန်ကြီးတွေ၊ ကုသရေးဦးစီးဌာနက အထူးကု ဆရာဝန်တွေနဲ့ အခြားကျန်းမာရေး ဝန်ထမ်းတွေလည်း အဲဒီဒေသကို ကွင်းဆင်းပြီးတော့ အသက်ကိုးလကနေ အသက် ၁၅ နှစ်အတွင်း ရှိတဲ့ ကလေးငယ် အားလုံးကို ဝက်သက်ကာကွယ်ဆေး ထိုးနှံရေး၊ အာဟာရ ကျန်းမာရေး၊ တီဘီ၊ ငှက်ဖျား စတဲ့ ကူးစက်ရောဂါ နှိမ်နင်းရေးနဲ့ ဆေးကုသခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

ထန်ခေါ်လားမားမှာတော့  အမည်မသိ ကူးစက်ရောဂါ ဖြစ်နေတယ်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းတွေ တက်လာတယ်။ ကမ္ဘာမှာတောင် မပေါ်ပေါက်ဖူးသေးတဲ့ ရောဂါဆန်း ဖြစ်နေသလိုလိုပေါ့။ ကျွန်တော်တို့ ရောက်သွားတော့ ရောဂါလက္ခဏာ စိစစ်တယ်။ စိစစ်တဲ့အခါ ဖျားတယ်၊ ချောင်းဆိုးတယ်၊ နှာစေးတယ်၊ မျက်စိနာတယ်၊ အရေပြားမှာ အနီစက်ထွက်တယ် ဆိုတော့ ဝက်သက်ရောဂါနဲ့ တူနေတယ် ဆိုတာကို သွားတွေ့တယ်။ အချို့ကလေးတွေရဲ့ ပါးစောင်မှာ Koplik Spot လို့ခေါ်တဲ့ အဖြူရောင် အစက်လေးတွေလည်း တွေ့ရတယ်။ ဒါကတော့ ကျွန်တော်တို့က ရောဂါလက္ခဏာကို သုံးသပ်တာပေါ့။ အနီစက် ထွက်တာတို့ ဘာတို့ဆိုတာက တခြားရောဂါတွေလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ လူနာဆီကသွေးတွေ ဓာတ်ခွဲကြည့်ဖို့က အရေးကြီးတဲ့အတွက် အဲဒီက လူနာ ၁၀ ဦးဆီကနေ သွေးနမူနာယူပြီး ရန်ကုန်မြို့က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနကို ပို့ပြီးစစ်တော့ ရှစ်ဦးမှာ ဝက်သက်ရောဂါ ပဋိပစ္စည်း တွေ့တဲ့အတွက် ထန်ခေါ်လားမားမှာ ဖြစ်တဲ့ရောဂါဟာ ဝက်သက်ရောဂါလို့ အတည်ပြုနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့အဖွဲ့ အနေနဲ့ကတော့ လူနာအသစ် ရှာဖွေတာတွေ ထန်ခေါ်လားမားမှာ တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်တယ်။ ယာယီဆေးခန်းဖွင့်တယ်။ အဲဒီမှာ ဝက်သက်ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါဖြစ်တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ ကလေးတွေနဲ့ အာဟာရဓာတ် ချို့တဲ့နေတဲ့ ကလေးအချို့ကို တွေ့လို့ ဆေးကုသမှု ပေးခဲ့ပါသေးတယ်။ ဘေးပတ်ဝန်းကျင် ကျေးရွာတွေမှာလည်း တုံ့ပြန်ဝက်သက် ကာကွယ်ဆေးထိုး လုပ်ငန်းတွေ၊ ဗီတာမင်အေ တိုက်ကျွေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
   
Voice : ဆရာတို့ ရောက်သွားတဲ့အခါ ရောဂါအခြေအနေက ဘယ်အဆင့်အထိ ရောက်နေပြီလဲ။ 

Dr. HMS : လူတစ်ယောက်မှာ ဝက်သက်ရောဂါ ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ခံရချိန်ကစလို့ ခန္ဓာကိုယ် အရေပြားမှာ အနီစက်တွေ စပေါ်တဲ့အချိန်အထိ ရောဂါပျိုးချိန်ဟာ ခုနစ်ရက်ကနေ ၁၈ ရက်အထိ ရှိတတ်တယ်။ ပျမ်းမျှအားဖြင့် ၁၄ ရက်ခန့် ရှိတတ်ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အချို့ကလေးတွေက ကူးစက်ခံရပြီးတဲ့ အနေအထား တွေ့ရတယ်။ လူနာသစ် အနေနဲ့  ကိုးဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ 

Voice : အဲဒီဒေသမှာ ဘာကြောင့် အခုလို ဝက်သက်ရောဂါ ဖြစ်ရတာလဲ ခင်ဗျ။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကရော။

Dr. HMS : ပုံမှန်အားဖြင့် ကူးစက်ရောဂါတွေဟာ သူ့ဘာသာသူတော့ ထမဖြစ်ပါဘူး။ ရောဂါကူးနိုင်တဲ့ အချိန်က လူနာတစ်ဦးရဲ့ ခန္ဓာကိုယ် အရေပြားမှာ အနီစက်မထွက်ခင် လေးရက်ကနေ အနီစက်ထွက်ပြီး လေးရက်အတွင်းမှာ တခြားတစ်ယောက်ကို ကူးနိုင်တယ်။ ဝက်သက်ရောဂါဟာ လူအချင်းချင်းကနေ ကူးတာ။ ဒီရောဂါဟာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ကူးစက်တယ်။ နှာချေတာတို့၊ ချောင်းဆိုးတာတို့ကနေ တစ်ဆင့် ကူးစက်တယ်။ လူနာရဲ့ လည်ချောင်းနဲ့ နှာခေါင်းကနေထွက်တဲ့ အရည်တွေကို ထိတွေ့တာကနေ တစ်ဆင့်လည်း ကူးစက်တတ်တယ်။ အဲဒီမှာ ဝက်သက်ရောဂါရှိသူ တစ်ယောက်ဆီကနေ ကူးစက်ပုံရတယ်။ ကျွန်တော်တို့ သုံးသပ်မိတာက ဒီဒေသဟာ မြန်မာ-အိန္ဒိယနယ်စပ်နဲ့ နီးတယ်။ အသွားအလာတွေလည်း ရှိတယ်။ မြန်မာနယ်စပ်နဲ့ နီးတဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းက ဒေသတစ်ခုမှာ ၂၀၁၆ ခုနှစ် မေလက ဝက်သက်ရောဂါ ဖြစ်ပွားသူ ၇၆ ယောက်ရှိပြီး ငါးဦး သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆီက သိရပါတယ်။

Voice : ဒီရောဂါဟာ အိန္ဒိယဘက်ကနေ ကူးစက်လာတယ်လို့ ကောက်ချက်ချနိုင်သလား။

Dr. HMS : ကောက်ချက်ချလို့တော့ ရပါတယ်။ ဒါပေမဲ့ အတိအကျတော့ ပြောလို့တော့ မရပါဘူး။ စွပ်စွဲလို့ မရဘူးလေ။ ဒါဟာ အနီးစပ်ဆုံး သုံးသပ်ချက် တစ်ခုပါ။

Voice : အဲဒီဒေသမှာ ဒီဝက်သက်ရောဂါနဲ့  ကလေးသေဆုံးမှု မြင့်တက်ခဲ့တယ်လို့ ပြောရပါမယ်။ ဒီလိုကလေးသေဆုံးမှု မြင့်တက်ခဲ့တာဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတစ်ခုတင်ပဲလား။ တခြားဘာတွေရှိဦးမလဲ။

Dr. HMS : ဒါလည်း အဓိကကျပါတယ်။ အများကြီး ပါပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။  သတင်းရရှိမှု နောက်ကျတယ်။ ဆက်သွယ်ရေးစနစ် မကောင်းဘူး။ ပြီးတော့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားတယ်။ ဝက်သက်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်တာတွေ။ အဲဒါတွေ ဖြစ်ပွားတဲ့အတွက် သေဆုံးမှု များခဲ့တာလို့ ပြောရမယ်။ ဝက်သက်ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတယ်။ ပုံမှန်ဆိုရင်တော့  ကလေးတစ်ယောက်ဟာ သူ့အသက် ကိုးလမှာ တစ်ကြိမ်၊ တစ်နှစ်ခွဲမှာ တစ်ကြိမ် ဝက်သက်ကာကွယ်ဆေး ထိုးရပါတယ်။ ကာကွယ်ဆေး ပုံမှန်မထိုးရတာလည်း ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိတော့ ဝက်သက်ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု အားနည်းတာကို တွေ့ရပါတယ်။

နောက်တစ်ခုက ကလေးငယ်တွေ သေဆုံးရတာဟာ အာဟာရချိုတဲ့တာကြောင့်လည်း ပါတယ်။ ဝက်သက်နဲ့ ပတ်သက်ပြီး ခုခံအား ကျဆင်းတာတွေလည်း ရှိပါတယ်။ ပြီးတော့ နာဂဒေသရဲ့ အိမ်တည်ဆောက်မှု အနေအထားကြောင့်လည်း ပါတယ်။ အိမ်ထဲမှာ မီးဖိုက အမြဲဖိုထားတာ။ မီးခိုးကြောင့် ကလေးငယ်တွေမှာ အသက်ရှူကျပ်ရတာလည်း ပါတယ်။ ကလေးတွေက တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး အသိပညာ နည်းပါးတာတွေကလည်း သေဆုံးမှု မြင့်ရခြင်း အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။

Voice : လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု နှေးကွေးတဲ့  ခုလိုဒေသတွေမှာ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးဖို့ ဘာတွေလိုနေသလဲ။

Dr. HMS : အဲဒီဒေသမှာ ကျန်းမာရေးဖွံ့ဖြိုးဖို့ ဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းရပါမယ်။ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ တခြားကဏ္ဍတွေလည်း ဖွံ့ဖြိုးဖို့ လိုပါတယ်။ အဲဒီအတွက် ရေတို၊ ရေရှည်စီမံချက်တွေ ချမှတ်ဆောင်ရွက်ရပါမယ်။ ပြီးတော့ အဲဒီဒေသမှာ လစ်လပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း ဖြည့်ဆည်းရပါမယ်။

Voice : ဒါနဲ့ပတ်သက်ပြီး ဘယ်လိုစီမံချက်ချ ဆောင်ရွက်သင့်တယ် ထင်သလဲ ခင်ဗျ။

Dr. HMS : နာဂတောင်တန်းဒေသမှာ ကျန်းမာရေးလုပ်ငန်း ဖွံ့ဖြိုးဖို့ဆိုရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန တစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ အခြားဆက်စပ်ဌာနတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှ ရမှာပါ။ ခုတော့ ဖြစ်ပြီးသွားပြီ။ ကူးစက်ရောဂါတွေ ကပ်အသွင် ထပ်မဖြစ်ဖို့ လိုပါတယ်။ သတင်းရရှိမှုစနစ် အမြန်ဆုံးဖြစ်အောင် ထူထောင်ဖို့ လိုပါတယ်။ သတင်းရပြီးတဲ့အခါ ချက်ချင်းကုသမှုနဲ့ ထိန်းချုပ်တုံ့ပြန်နိုင်တဲ့ အစီအစဉ်တွေ ရှိဖို့လည်းလိုပါတယ်။ ပြီးတော့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ  ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

Voice : ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါ။

Dr. HMS : ဖြည့်စွက်သုံးသပ်ကြည့်မယ်ဆိုရင် လဟယ်မြို့နယ်၊ ထန်ခေါ်လားမားကျေးရွာမှာ ၆-၆-၂၀၁၆ ကနေ ၁၂-၈-၂၀၁၆ အတွင်း အသက် ၁၅ နှစ် အောက် ကလေးအများစု အပါအဝင် ၂၅ ဦး သေဆုံးခဲ့ တယ်။ ဒီသေဆုံးမှုဟာ ဝက်သက်နဲ့ ဆက်စပ်တာတော့ ရှိတယ်။ ဒါပေမဲ့ လူနာအားလုံးတော့ မဟုတ်ပါဘူး။ နောက်တစ်နေရာဖြစ်တဲ့ နန်းယွန်းမြို့နယ် ဒုံဟီးတိုက်နယ်အောက်က ကျေးရွာအချို့မှာလည်း ၂၀၁၆ ခုနှစ်၊ ဧပြီနဲ့ မေလတွေကစလို့ သြဂုတ်လအထိ ကလေးလူကြီး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့တယ်။ နန်းယွန်းဘက်မှာ သေဆုံးခဲ့သူတွေကတော့ ဝက်သက်ရောဂါက ကပ်အသွင်ဖြစ်ပြီး သေဆုံးတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ နန်းယွန်းဘက်က လူနာတွေရဲ့ သွေးအဖြေတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို ပို့စစ်တော့လည်း ဝက်သက်ရောဂါ ပဋိပစ္စည်း မတွေ့ခဲ့ရပါဘူး။ လူနာတွေကို ကြည့်လိုက်တော့လည်း ဝက်သက် ရောဂါလက္ခဏာတွေနဲ့ မတူဘူးပေါ့။

ဆိုတော့ဗျာ လဟယ်၊ ထန်ခေါ်လားမားမှာက ဝက်သက်နဲ့ ဆက်စပ်တယ်။ နန်းယွန်း၊ ဒုံဟီးမှာက ဝက်သက်ရောဂါကြောင့် မဟုတ်ဘဲ အာဟာရချို့တဲ့တာ၊ ရာသီတုပ်ကွေး၊ အဆုတ်ရောင်ရောဂါ စတာတွေကြောင့် သေဆုံးခဲ့တာလို့ ပြောရပါမယ်။

သြဂုတ်လ ၆ ရက်နေ့ကစပြီး လဟယ်နဲ့ နန်းယွန်းက ကျေးရွာတွေမှာ အသက်ကိုးလကနေ အသက် ၁၅ နှစ်အတွင်း ရှိတဲ့ ကလေးတွေကို ဝက်သက်ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ သြဂုတ်လ ၂၅ ရက်နေ့အထိ ကလေးငယ်  တစ်သောင်းခွဲကျော်ကို ဝက်သက်ကာကွယ်ဆေးထိုး နှံပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ နာဂဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ဖို့အတွက် Comprehensive Health Development Plan လည်း ရေးဆွဲအကောင်အထည်ဖော်နေပါတယ်။

Voice : အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။          

မောင်ရဲနွေ