News

POST TYPE

INTERVIEW

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်၏ သမီးဖြစ်သူ စဝ်ဟေမာသိုက်နှင့် တွေ့ဆုံခြင်း
30-Aug-2016

စဝ်ဟေမာသိုက်မှာ ယခုအခါ အသက် ၇၂ နှစ် ရှိပြီဖြစ်သည်။ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်သမီးဖြစ်ပြီး ယခုအခါ အမျိုးသမီး အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသည်။ Shan State Women Development Organization (SSWDO) ကို အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ခံမှု လျှော့ချရန် ၂၀၁၂ ခုနှစ်တွင် စဖွဲ့သည်။ ဒုက္ခရောက်နေသည့် အမျိုးသမီးများ၊ ကလေးများကို အလုပ်ကိုင် ရှာဖွေပေးသည်။ ရှမ်းစာနှင့် အင်္ဂလိပ်စာကို သင်ကြားပေးသည်။ နောက်ပိုင်း ရွာများတွင် စွမ်းရည်မြှင့်တင်ရေး သင်တန်းများပေးသည်။ စီဒေါ (CEDAW)၊ Gender နှင့် UNSCR 1325 တို့ သွားသင်ပေးသည်။ အမျိုးသမီးများ လက်မှုပစ္စည်း ပြုလုပ်နည်း သင်ပေးပြီး ညောင်ရွှေဟိုတယ်တွင် ပြန်ရောင်းပေးသည်။ SWAN အဖွဲ့၏ မဟာမိတ်ဖြစ်ပြီး SSWDO မှ သင်တန်းများကို စီစဉ်ပေးလျက်ရှိသည်။ သူနှင့် တောင်ကြီးမြို့တွင် တွေ့ဆုံစဉ်အတွင်း မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice - အဘွားရဲ့ အဖေက သမ္မတကြီးဖြစ်ပြီး နောက်ပိုင်း အစိုးရဘက်က ထောက်ပံ့တာရှိလား။ မျိုးဆက်တွေ ဘယ်မှာ ဘယ်လိုနေထိုင် ဘာတွေလုပ်ကိုင်နေပါသလဲ။

SHMT - ဘာမှမရှိဘူး။ သမ္မတဖြစ်ပြီးတော့ လူမျိုးစု လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သေးတယ်။ နာယက ဖြစ်တဲ့အချိန် ၁၉၆၂ မတ်လ ၂ ရက်မှာ အဖမ်းခံရတယ်။ နိုဝင်ဘာ ၂၁ ရက်မှာ ထောင်ထဲမှာပဲ ဆုံးတယ်။ အဘွားအမေရဲ့ အစ်မကလည်း ဇနီးတစ်ယောက်ပဲ။ သူလျှောက်တော့ နိုင်ငံရေးပင်စင် ရတယ်။ ကြီးကြီးဆုံးတာ နှစ်ပေါင်း ၂၀ ရှိပြီး သူဆုံးပြီးတော့ မရတော့ဘူး။ အဘွားရဲ့ အမေက အထက်တန်းပြလုပ်တယ်။ ကလောမှာလည်း လုပ်တယ်။ ကျောင်းအုပ်ဆရာမကြီး။ မြို့နယ်ပညာရေးမှူး။ သူ့အရည်အချင်းနဲ့ တက်လာတယ်။ အဲဒါကြောင့်မို့ အမေရိကန်သံရုံးမှာလည်း လျှောက်လွှာ ၃၀၀၀ မှာ အဘွားတစ်ယောက်တည်း ရတယ်။ သမ္မတသမီးမို့ ခန့်တာလား။ စိတ်ထဲမှာ ဇဝေဇဝါဖြစ်တယ်။

Voice -  အဘွားရဲ့ ဖခင်ဖြစ်သူ (ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်) က ပင်လုံစာချုပ်ကို ထိုးခဲ့တဲ့ အထဲမှာလည်း ပါခဲ့တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ တိုင်းရင်းသားတွေကို စုစည်းပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ်လို့ ပြောနေတာရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

SHMT - တကယ်ဆိုတော့ ၁၉၃၅ (သိပ်မမှတ်မိ) စော်ဘွားတစ်ဦးရဲ့ မဟာဒေဝီ အသုဘမှာ အင်္ဂလိပ်လက်ထက်မှာ စော်ဘွားတွေ စုစည်းပြီး ငါတို့ လွတ်မြောက်မှ ရမယ်လို့ ဆွေးနွေးတယ်။ ၁၉၄၇ ဖေဖော်ဝါရီ ၃ ကနေ စပြီး ဆက်တိုက်ဆွေးနွေးလိုက်တာ ၇ ရက်နေ့ကျတော့ ရှမ်းအမျိုးသားနေ့၊ အခုတော့ ရှမ်းပြည်နယ်နေ့ အနေနဲ့ လုပ်ပြီးတော့မှ ရှမ်းစော်ဘွားတွေက လက်မှတ်အရင်ထိုးတယ်။ လက်မှတ်ထိုးပြီးတော့မှ ရှမ်းအလံ ဘယ်ပုံစံ၊ ဘယ်လိုဘယ်ဝါဆိုပြီး မြန်မာ့အသံမှာ သံပိုင်စော်ဘွား ခွန်ပန်းဆိုင် ကြေညာတယ်။ အလံရဲ့ အဓိပ္ပာယ်တွေ  ဘာတွေ။

အဲဒီအကြောင်းကို ဗိုလ်ချုပ်ကကြားတော့ ဗိုလ်ချုပ်ကလည်း ပြည်နယ်ချည်းပဲ မဟုတ်ဘူး၊ တောင်တန်းချည်းပဲ မဟုတ်ဘူး။ မြန်မာပြည် လွတ်လပ်ရေး ရချင်တယ်ဆိုပြီး လာဆွေးနွေးတယ်။ ၈ ရက်နေ့မှာ ဗိုလ်ချုပ် ရောက်လာတယ်။ ၁၂ ရက်နေ့မှာ ထိုးတယ်။ ညှိနှိုင်းပြီးတော့မှ။ အဲဒီမှာ စော်ဘွားက ခုနစ်ဦး၊ လူထုကိုယ်စားလှယ်က ခုနစ်ဦး၊ ၁၄ ဦးနဲ့ ထိုးတယ်။ ဗိုလ်ချုပ်ကတစ်ဦး ပေါင်း ၁၅ ဦးပေါ့။ အဲဒီမှာ ပင်လုံအချက်အလက် ပါတယ်။ တန်းတူညီမျှ အခွင့်အရေး ကိစ္စတွေပေါ့။ ဗိုလ်ချုပ် အသတ်ခံလိုက်ရတော့ ဒါအကောင်အထည် မဖြစ်လာဘူး။ အဘွားအနေနဲ့ကတော့ ဒီအခွင့်အရေးတွေ ဘာတွေက အဘွားစိတ်ထဲ ထင်တာက အဲဒီတုန်းက ရှမ်းပြည်မှာက တိုင်းရင်းသားများများ ဒါမျိုးမဟုတ်သေးဘူး။ ရှိတာပေါ့ အင်းသား၊ ပအို့ဝ်၊ ဓနုတို့ ရှိပေမယ့် ရှမ်းအနေနဲ့ ရှမ်းပြည်သားလို့ သတ်မှတ်ထားတော့ သိပ်ပြဿနာ သိပ်မပေါ်ဘူးပေါ့။

အခုကျတော့ အမျိုးမျိုးပေါ့။ အမြင်သစ် ဖြစ်လာတော့ ပအို့ဝ်က ပြည်နယ်တောင်းတယ်။ ပလောင်ကလည်း ပြည်နယ်တောင်းတယ်။ ဝကလည်း ပြည်နယ်တောင်းတယ်။ သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင် မဟုတ်ဘူး။ ပြည်နယ်တောင်းတာလေ။ ၂၁ ရာစု ဒေါ်အောင်ဆန်းစုကြည် လုပ်မယ့်ဟာက သူတော်တော်လေးတော့ ဖြေရှင်းရမယ်လို့ အဘွား ထင်တယ်လေ။ ဟိုးတုန်းကတော့ သူအဖေ့က လွယ်လွယ်လေးနဲ့ တစ်ယောက်တည်း မြန်မာကိုယ်စားလှယ်ဆိုပြီး ထိုးလိုက်တော့ အကုန်လုံး အဆင်ပြေတယ်။ နိုင်ငံရေး အသိစိတ်ဓာတ် သိပ်မရှိသေးဘူး။ အခုလူငယ်တွေက သိတဲ့အတိုင်းပဲ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၁ ရာစုမှာ ပေါင်းစည်းရေး အတွက်ကို တော်တော်လေးတော့ သူ လုပ်ရမယ်ထင်တာ။ နောက် လက်နက်ကိုင် အဖွဲ့အစည်းတွေ။ အခု ပြဿန ာပေါ်နေတာ NCA ထိုးတဲ့ ရှစ်ဖွဲ့က တက်မယ် သေချာတယ်။ မထိုးသေးတဲ့ အဖွဲ့တွေက ဟိုးအရင်တုန်းက သတင်းအရ သူတို့ မထိုးချင်နေ ပေးတက်မယ်ပေါ့။ အခုကျတော့ ထိုးထိုးမထိုးထိုး ပေးတက်မယ်။ ဒါပေမဲ့ Decision လုပ်ခွင့် မရဘူး။ ဒါပေမဲ့ ဒီအဖွဲ့တွေကလည်း ပြောမယ်ဆို ၂၀၁၅ အောက်တိုဘာ ၁၅ မှာ ထိုးတယ် ဟုတ်လား NCA ကို။ ဖေဖော်ဝါရီတုန်းက လက်မှတ်မထိုးတဲ့ အဖွဲ့တွေကလည်း NCA ပါ အချက်အလက်ကို သဘောတူပြီးသား။ လက်မှတ်သာ လာမထိုးတာ။ သဘောတူညီချက် ရှိပြီးသားပဲ။

Voice - ရှမ်းပြည်နယ်ရှိ ပအို့ဝ်၊ ပလောင်၊ ဝ စသော တိုင်းရင်းသားမျိုးနွယ်စုများ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုတဲ့အပေါ် အဘွားအနေနဲ့ ဘယ်လိုမြင်လဲ။

SHMT - တောင်းတာတော့ သူတို့အခွင့်အရေးပေါ့။ စဉ်းစားရမှာက ရာဇဝင် ခေတ်အလိုက် စဉ်းစားရမှာ အရင်တုန်းက ရှမ်းပြည်နယ်ပဲ။ တခြားတိုင်းရင်းသားတွေ ပြည်နယ်ဆိုတာ ရာဇဝင်အရ မရှိဘူး။ အရင်တုန်းက ကျောင်းသွားရင် ရှမ်းပြည်ကျောင်းသူ ကျောင်းသားများ ဆိုရင် ပအို့ဝ်၊ အင်းသား၊ ဓနုပါတယ်။ အကုန်လုံးက ရှမ်းပြည်သားပဲ။
ဘောလုံးပွဲတွေ ဘာတွေဆို အားပေးတယ်ဆို သူတို့လူမျိုးစု ဆိုလည်း ရှမ်းဘောလုံးပဲ အားပေးတယ်။ ခွဲခြားမှု မရှိဘူး။ ဒါပေမဲ့ ၆၄ မှာ ပညာရေးစနစ် အရပေါ့။ ပအို့ဝ်စာပေယဉ်ကျေးမှု၊ ဓနုစာပေယဉ်ကျေးမှု၊  အင်းသားစာပေ ယဉ်ကျေးမှု အမျိုးမျိုး ခွဲပြီးလုပ်တော့ လူငယ်တွေက တက်တက်ကြွကြွနဲ့ ဖြစ်လာတော့ အတ္တစိတ်တွေ များသွားတယ်။ သူတို့ ရှမ်းပြည်သားဖြစ်တာ မေ့သွားတယ်။

Voice - အဲဒါနဲ့ ဆက်စပ်ပြီးတော့ အခု ရှမ်းပါတီတစ်ခု ကျားခေါင်းပါတီကျတော့ ဖက်ဒရယ်မူအရ နိုင်ငံကို ရှစ်ပြည်နယ်နှင့် ဖွဲ့စည်းရေးအပေါ် အဘွားအနေနဲ့ ဘယ်လိုမြင်လဲ။

SHMT - အဘွားစိတ်ထဲမှာတော့ ပြည်နယ်တွေ ဘာတွေ အရေးမကြီးဘူး ထင်တယ်။ နဂိုအတိုင်းပဲ ဒါမျိုးပဲ တိုင်းနဲ့ပြည်နယ် ပုံစံကို။ သိပ်ပြီးတော့ အတ္တသိပ်မရှိဘူးလေ အဘွားက။ အဓိကက လူထုတိုးတက်ရေးအတွက်၊ တိုင်းပြည်တိုးတက်ရေးအတွက်။ အဲဒါ အဓိကထားမှ ရတာလေ။ ပြည်နယ်တွေ လုပ်ပြီးမှ စကားများနေမှာ အုပ်ချုပ်ရေးမှာ။ ဒီတိုင်းရှိနေတဲ့ဟာတောင် ဘယ်လောက်ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတုန်း အုပ်ချုပ်ရေးစနစ်မှာ။

ဒီပြည်နယ် ပြန်ခွဲမယ်၊ ပြန်လုပ်မယ်ဆို အများကြီး ပြန်လုပ်ရမှာ။ သူတို့လုပ်နိုင်မလား။ သူတို့ တာဝန်ခံပြီးမှ  စနစ်တကျ Good Governance ဖြစ်လာအောင် သူတို့ ပြန်လုပ်နိုင်မလား၊ ရှစ်ပြည်နယ် ဥပမာ - အဘွားကတော့ အခုတိုင်းနဲ့ ပြည်နယ်ကိုပဲ သဘောကျတယ် ဘယ်လိုပဲပြောပြော။ အခြေချထားပြီးသား အဓိကကတော့ လူထုအတွက် ကောင်းကျိုးအတွက် လုပ်ရမှာပဲလေ။

အုပ်ချုပ်ရေးအတွက်ကို အချိန်က ကုန်သွားရင် လူထုက ဒုက္ခရောက်နေကြပြီ။ ဥပမာ- ဘိန်းတွေ ဘာတွေ။ Issues တွေ အများကြီး ဖြေရှင်းရမှာ။ Issues တွေ အများကြီး မဖြေရှင်းဘဲနဲ့ ပြည်နယ်တွေ ဘာတွေ စကားများနေလို့ အချိန်ကုန်ရုံပဲလို့ အဘွားက ထင်တာပဲ။ စိတ်တူကိုယ်တူ ဖြစ်ရမှာလေ အကုန်လုံးက။ အတ္တစိတ် မရှိဘဲနဲ့။

Voice - ရှမ်းပြည်နယ်ထဲမှာလည်း လက်နက်ကိုင် အဖွဲ့အစည်းများ အရမ်းများတယ်။ ဒီလိုကွဲပြားနေတဲ့အပေါ် ဘယ်လိုမြင်လဲ။


SHMT - လက်နက်ကိုင် အဖွဲ့အစည်းများပေမယ့် အဘွားထင်တာတော့ RCSS က အကြီးဆုံးပဲ။ သူတို့အနေနဲ့ တခြားအဖွဲ့တွေ ထိုးဖို့ကြိုးစားနေတယ်။ RCSS ကတော့ လက်မှတ်ထိုးဖို့ ကြေညာပြီး ၁၇/၁ နဲ့ လွတ်သွားပြီး အကြမ်းဖက်မှု မလုပ်တော့ဘူး။

ငြိမ်းချမ်းရေးအတွက် ဦးတည်မယ်လို့ ရှိတာလေ။ ဒါပေမယ့်လည်း ကျောက်မဲမှာ ပလောင်နဲ့ တိုက်ရတဲ့ကိစ္စ သူတို့ကို လာတိုက်လို့။ သူတို့ကတော့ မတိုက်ဘူး။ သူတို့က မတိုက်ရင် သူတို့သေမှာဘဲ။ ခုခံတဲ့အနေနဲ့ပေါ့။

ဒါဆို ငြိမ်းချမ်းရေးဘက်ကို ပြန်ဆက်ချင်တယ်။ လက်နက်ကိုင်အဖွဲ့တွေက ရှစ်ဖွဲ့က တက်မယ်။ ကျန်တဲ့အဖွဲ့က မသေချာသေးဘူး။ အားလုံးကို တက်ခွင့်ပေးမယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။ အဘွားကတော့ သူတော်တယ်လို့ ပြောရမှာပဲ။ ဝ နဲ့  သူပြောနိုင်တယ်လေ။ ဝလူမျိုးတွေက တော်တော်ခက်ခက်ခဲခဲ ပြောရမယ့် လူမျိုးတွေလေ။ ဒါပေမဲ့ သူပြောနိုင်ခဲ့တယ်။ သူနည်းနဲ့ သူဟန်နဲ့ပေါ့ သူလုပ်တာပေါ့။  အဓိကကတော့ မြန်မာ့တပ်မတော်ပေါ့။ ကာကွယ်ရေးဦးစီးချုပ်နဲ့ သဘောတူညီချက် တစ်ခုခု ရရမယ်။ ဘာလို့လဲဆိုတော SSPP က ပြောလာတယ်။ လက်မှတ်မထိုးတဲ့ ရှမ်းအဖွဲ့ထဲက။
တပ်မတော်က သူတို့ကို လာဖိနေတယ်။ ဒါကြောင့် ပြန်တိုက်ရတယ်။ တပ်မတော်ကလည်း ပြန်ပြောလာတယ်။ SSPP တပ်သားတွေက ရွာမှာရှိလို့။ တကယ်ဆို မဟုတ်ဘူး။ အဘွားအနေနဲ့ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်က အဓိကပဲ။ တပ်မတော်နဲ့ သဘောတူညီချက် ရှိမယ်ဆိုရင်။ ဘာဖြစ်လို့လဲဆို လွှတ်တော်ထဲမှာလည်း ၂၅ ရာခိုင်နှုန်းနဲ့ ကန့်လန့်ကန့်လန့် ဖြစ်နေတယ် မဟုတ်ဘူးလား။

Voice - အဲလိုသဘောတူညီချက် ရမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရှေ့ဆက် ငြိမ်းချမ်းရေး အောင်မြင်နိုင်မယ် ထင်လား။

SHMT - လက်နက်ကိုင်တွေကလဲ CoC ရှိရမယ်။ Monitoring အဖွဲ့တွေ၊ CoC အဖွဲ့တွေ ရှိရမယ်။ ကတိတည်ရမယ်။ ယုံကြည်မှုနဲ့ ကတိပေါ့။

Voice -  အဘွားက မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီးရဲ့ သမီးအနေနဲ့ လက်ရှိသမ္မတ ဦးထင်ကျော်နဲ့ NLD အရပ်သားအစိုးရအပေါ် ဘယ်လိုအမြင်ရှိလဲ။ ဘာတွေ မျှော်လင့်ထားတာရှိလဲ။


SHMT - အစိုးရကတော့ သူတို့မူဝါဒအရ လုပ်နေတာပဲ။ သူတို့ကတော့ အရင့်အရင် အနှစ် ၅၀ ကျော် ရှိခဲ့တဲ့ အရှုပ်အထွေး သပွတ်အူကို ရှင်းနေတာပဲ။ ပြောဖို့ကတော့ စောသေးတယ်။ လောလောဆယ်တော့ ညောင်ရွှေဟော်နန်း ပြန်ရဖို့တော့ မျှော်လင့်ချက်ရှိတယ်။

(ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ ဟော်နန်းကို အစိုးရက သိမ်းယူပြီး ပြတိုက်အဖြစ် အသွင်ပြောင်းထားသည်။ ယင်းကို စော်ဘွားကြီး၏ မိသားစု စီမံမှုအဖြစ် ပြန်လည်ရယူလိုကြောင်း ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားသည်။ လက်ရှိတွင် ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရန်ဟုဆိုကာ ညောင်ရွှေဟော်ဝင်းအတွင်း ညဈေးတန်းဖွင့်မည့် ထိုအစီအစဉ်ကိုလည်း စဝ်ရွှေသိုက်မိသားစုက ကန့်ကွက်ထားသည်- တွေ့ဆုံမေးမြန်းသူ)

Voice - ရှမ်းပြည်နယ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး၊ ပညာရေး၊ ဖက်ဒရယ် သုံးသပ်ချက် ဘယ်လိုရှိလဲ။


SHMT - လောလောဆယ် အခြေအနေက ဘိန်းပေါ့။ မူးယစ်ဆေးဝါးလည်း အများကြီး လိုအပ်တာပဲ။ ပညာရေးလည်း လိုအပ်တာပဲ။ လုံခြုံရေးကတော့ နည်းနည်းလေး အဆင်ပြေလာပြီ ထင်ရမှာပေါ့။ အခု အစိုးရတက်ပြီး နောက်ပိုင်း ရဲတွေက တော်တော်လေးကို အဆင့်တန်းမြင့်လာပြီး လုပ်ကိုင်မှုတွေ။ လူမှုဝန်ထမ်းဆို တော်တော်လေးကို အရေးယူနိုင်ပြီ။ ဥပမာ- အကြမ်းဖက်မှု၊ ကလေးတွေ  အမျိုးသမီးတွေ အကြမ်းဖက်မှုကို သူတို့ တော်တော်လေးကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်နေပြီ။

Voice - အဘွားရဲ့အဖေက ရှမ်းပြည်နယ်အတွင်း စာမတတ်သူ ပပျောက်ရေးလိုမျိုး စီမံကိန်းတွေ လုပ်ခဲ့ဖူးတော့ လက်ရှိပြည်နယ်ရဲ့ ပညာရေး အခြေအနေကိုကော ဘယ်လိုမြင်လဲ။ ဘာတွေလုပ်စေချင်လဲ။

SHMT - ပညာရေး အခြေအနေဆို အများကြီး လိုသေးတယ်။ ကျောင်းသူကျောင်းသားတွေ Gender အရ၊ ကလေးတွေ၊ ကောင်မလေးတွေ ကျောင်းမနေရတာတို့။ ဆရာမတွေ နည်းတာတို့။ ကျောင်းသူ၊ ကျောင်းသား များတာတို့။ နောက်တစ်ခုကလည်း ရှမ်းပြည်က အခုငြိမ်းချမ်းလာပြီ။ ဟိုတုန်းက မငြိမ်းချမ်းတော့လည်း ကျောင်းတွေက နည်းပါးတယ်။ ပညာရေး အခက်အခဲ ရှိတယ်။ စီးပွားရေး အရလည်း ဆင်းရဲကြတယ်။ စာအုပ်ဖိုးတို့၊ ခဲတံဖိုးတို့ လိုအပ်တယ်။ တော်တော်လေးများများ လိုတယ်။

Voice - ရှမ်း၊ ချင်း၊ ကချင် ပင်လုံစာချုပ်တွင် ပါဝင်ခဲ့တဲ့  ခေါင်းဆောင်တွေရဲ့ မျိုးဆက်များနဲ့ အဆက်အသွယ်ရှိလား။

SHMT - ရှိတယ်။ တောင်ပိုင် စော်ဘွားမြေးနဲ။့ သူက အင်္ဂလန်မှာ နေတယ်။ မိုင်းပွန်စော်ဘွားရဲ့မြေး၊ သူက SSWDO မှာ ဝင်လုပ်နေတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အဒေါ်လေ။

Voice - နောက်ဆုံးအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်အပေါ်မှာ အဘွားဘယ်လိုအမြင်ရှိလဲ။

SHMT - အဘွားအနေနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သဘောတူတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးတွေကို ဦးစားပေးတဲ့ အုပ်ချုပ်ရေးပဲ။ အောက်ကနေလာတဲ့ အုပ်ချုပ်ရေး။ ဒေသခံတွေကို ဦးစားပေးတဲ့ အုပ်ချုပ်ရေး။ ဒေသခံမှပဲ ကိုယ့်ဒေသ အခြေအနေ၊ စေတနာ၊ မေတ္တာ ပိုရှိတယ်။ တစိမ်းလူတွေကို သိပ်ပြီးတော့မှ အဘွားက သိပ်အားမကိုးဘူးပေါ့။ ဥပမာ ပြောရမယ်ဆိုရင် ဆရာဝန်တွေ၊ ဒေသခံတွေ အများကြီး ရှိတယ်။ ဒေသခံတွေက စေတနာ၊ မေတ္တာ အများကြီးထားတယ်။ ကျန်တဲ့ဆရာဝန်တွေက သုံးနှစ်လုပ်ပြီး ပြန်တာပဲ။

Voice - ကျေးဇူးတင်ပါတယ် အဘွား။

ရင်သီ