News

POST TYPE

INTERVIEW

EU သံအမတ်ကြီး Mr. Roland Kobia နှင့် တွေ့ဆုံခြင်း
26-Aug-2016
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး Mr. Roland Kobia မန္တလေးမြို့သို့ ရောက်ရှိလာပြီး သတင်းမီယာများနှင့် တွေ့ဆုံခဲ့ရာ၌ The Voice က မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားခဲ့တာနဲ့ ပတ်သက်ပြီး EU ရဲ့ သဘောထားက။

Mr. RK : ကျွန်တော်တို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည် သွားခဲ့တာ ဘာကြောင့်ဆိုတာ အတိအကျ မသိပါဘူး။ တိတိကျကျ မသိတဲ့အတွက် ဖြေရခက်တာပေါ့။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ထုံးစံပါဗျ။ ဘာပဲပြောပြော နိုင်ငံတော်အစိုးရက တာဝန်ရှိသူတစ်ယောက် တရုတ်သွားတယ်။ ပြန်လာတယ်ပေါ့။ ဒါပေမဲ့ပေါ့ဗျာ တရုတ်ပြည်ဆိုတာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ နိုင်ငံကြီးတစ်ခု ဖြစ်ပါတယ်။ သံတမန်အရလည်း တရုတ်နိုင်ငံနဲ့ ပါဝင်ပတ်သက်မှု ရှိတယ်။ ဒေါ်စုအနေနဲ့ တရုတ်ခရီးစဉ်ကနေ ကျေနပ်နှစ်သိမ့်မှုတွေ ရခဲ့မယ်လို့ ကျွန်တော့် အနေနဲ့  မျှော်လင့်ပါတယ်။

Voice : လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး NCA မှာ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ရှိနေတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ ဒီနှစ်ဖွဲ့ကို EU အနေနဲ့ ဘာများ အကြံပြုချင်သလဲ။  

Mr. RK : NCA နဲ့ ပတ်သက်ပြီး လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာ သူတို့ဆုံးဖြတ်ရမယ့် ကိစ္စပေါ့။  ကိုယ်ပိုင်ဆုံးဖြတ်ရမှာ။ ကျွန်တော်တို့ကတော့ သူတို့ကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မျက်နှာစုံညီ ဆွေးနွေး စကားပြောစေချင်တာပါ။ စကားပြောမှ ဘာမကျေနပ်တယ်ဆိုတာ သိရမယ်။ မကျေနပ်ဘူး ဆိုတာနဲ့ မပြီးစေချင်ဘူး။ အဲဒီတော့ National Counsellor ကလည်း ဒါနဲ့ပတ်သက်ပြီး အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူကလည်း အားလုံးကို ဖိတ်ကြားတယ်။  တက်စေချင်တယ်။ အားလုံးလက်ခံတယ်ဆိုရင် တစ်ခုခုတော့ ရလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ EU က ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး  အများကြီး အားပေးပါတယ်။ နိုင်ငံတကာ မျက်မြင်သက်သေ ခြောက်ဖွဲ့ထဲမှာ EU လည်းပါတယ်။ အနောက်နိုင်ငံတွေထဲမှာလည်း တစ်ဦးတည်းသော အဖွဲ့အစည်းလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း EU အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်မှာ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ပြန်ပြီး အသိအမှတ်ပြုတယ်လို့ မြင်ပါတယ်။ EU အနေနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ EU ဟာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးမှာ ကူညီပံ့ပိုးမှု လုပ်နေပါတယ်။ အဲဒီတော့ တိုင်းရင်းသားအုပ်စုတွေက ပိုပိုပြီးတော့မှ အပစ်အခတ်ရပ်စဲရေး လုပ်လာကြမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဝမ်းသာပါတယ်။ ကျွန်တော်တို့က  ဒီလိုမျိုးပဲ ပြောလို့ ရပါတယ်။ တိုက်တွန်းလို့ ရပါတယ်။ တကယ်တမ်း ဆုံးဖြတ်ရမှာက သက်ဆိုင်ရာ အဖွဲ့အစည်းတွေပါ။ ဆွေးနွေးမယ် မဆွေးနွေးဘူး၊ လာမယ်မလာဘူး ဆိုတာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

Voice : ငြိမ်းချမ်းရေးလို့ ပြောနေပြီး  နှစ်ဖက်တိုက်နေတဲ့ အဖွဲ့အစည်းတွေ အပေါ်ကိုရော EU က ဘာပြောချင်လဲ။

Mr. RK : ကျွန်တော့်ဘဝမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ခဲ့တာတွေ အများကြီး ရှိပါတယ်။ သင်ခန်းစာ ရခဲ့တာလည်း အများကြီး ရှိပါတယ်။ ပထမတစ်ခုက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အချိန်အမြဲရှည်ကြာတယ်။ အရမ်းလည်း ခက်ခဲတယ်။ ရဲတွေကို သင်တန်းပေးခဲ့တဲ့ ပုံစံမျိုးပေါ့။ အချိန်အများကြီး ယူရတယ်။ အရမ်းလည်း စိတ်ရှည်သည်းခံရတယ်။ ဒီဟာက ချက်ချင်း ရုတ်တရက်ကြီး နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်တဲ့ အတွက်ကြောင့် သည်းခံပြီး အချိန်ပေးရတယ်။ အရေးကြီးတာ တစ်ခုက ယုံကြည်မှု တည်ဆောက်တာပေါ့။ အဖွဲ့နှစ်ဖွဲ့ နှစ်ဦးနှစ်ဖက်  ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်လည်း သူတို့မှာ တည်ဆောက်ချင်တဲ့စိတ် ရှိဖို့လည်း လိုပါတယ်။ ဒါတွေမရှိဘူးဆို ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ တကယ့်ကို ငြိမ်းချမ်းချင်တယ်။ တကယ့်ကို ယုံကြည်မှု တည်ဆောက်နိုင်မှ ဖြစ်လာနိုင်တာမျိုးပါ။ 

နောက်တစ်ခုက အကုန်လုံး ပါဝင်နိုင်တာမျိုးလည်း ဖြစ်ရမယ်။ အကယ်၍ အကုန်လုံး မပါဘဲ နည်းနည်းပဲ လုပ်တယ်ဆိုရင်၊ ရေရှည်အတွက် မဟုတ်ဘဲ ရေတိုကာလ အတွက်ပဲ ဖြစ်မယ်။ ရေရှည်ကာလ အတွက်ကျ အကုန်လုံး ပါဝင်ပြီး လုပ်ချင်ဖို့လိုတယ်။

ဒီတိုင်းပြည်ကလူတွေ ကိုယ်တိုင်က ငြိမ်းချမ်းရေးကို လုပ်ချင်မှ ငြိမ်းချမ်းရေးအတွက် တကယ်ပါချင်မှ ဖြစ်မှာပါ။ ဒီလိုမှ မဟုတ်ရင် အပြင်က နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘယ်လောက်ပဲ ဘယ်လိုပဲ လုပ်နေနေ တိုင်းပြည်ထဲက လူတွေမပါရင် မဖြစ်နိုင်တဲ့ ကိစ္စပါ။

ဘယ်တိုင်းပြည်ကမှလည်း အခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးတို့ ငြိမ်းချမ်းရေးတို့ကို ဝင်မစွက်ဖက်ပါဘူး။ လုပ်လို့လည်း မရဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အကြံပဲပေးလို့ပဲ ရတယ်။ ဘယ်လိုလုပ်ပါဆိုတဲ့ အကြံပဲပေးလို့ရမယ်။ ဝင်စွက်ဖက်လို့ မရဘူး။ စွက်ဖက်ပိုင်ခွင့်လည်း မရှိဘူး။ ငြိမ်းချမ်းရေး ရှိဖို့ကလည်း ဒီမိုကရေစီနည်းတကျနဲ့  ဒီမိုကရေစီ ရှိရမယ်။ ဒီမိုကရေစီရပြီး ငြိမ်းချမ်းတဲ့ အတွက်ကြောင့် တိုင်း ပြည်ရဲ့ စီးပွားရေး အခြေအနေတွေလည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ မြန်မာနိုင်ငံမှာလည်း တကယ့်ကို ဒီမိုကရက်တစ် နည်းလမ်းကျတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေ လုံးဝအဆုံးသတ်ဖို့ လိုတယ်။ ပဋိပက္ခတွေ အဆုံးသတ်နိုင်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်။ တန်းတူညီမျှရေး ဆိုတာတွေကတော့  နောက်ပိုင်းမှ ဖြစ်လာမယ့် ကိစ္စတွေပါ။

မောင်ရဲနွေ