News

POST TYPE

INTERVIEW

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး၊ စီမံချက် မန်နေဂျာ (သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင် ရောဂါ) ဒေါက်တာဇော်လင်းနှင့် တွေ့ဆုံခြင်း
23-Aug-2016

ဂျပန်ဦးနှောက်ရောင် ရောဂါကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကလေးငယ် လေးဦး သေဆုံးခဲ့ပြီး အဆိုပါ ဒေသတွင် ယင်းရောဂါနှင့် စပ်လျဉ်း၍ ကာကွယ်ကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရောဂါ အခြေအနေများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး၊ စီမံချက်မန်နေဂျာ (သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင် ရောဂါ) ဒေါက်တာဇော်လင်းနှင့် The Voice က မေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : လက်ရှိ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေလေး ပြောပြပေးပါဦး။
Dr.ZL : ဂျပန်ဦးနှောက်ရောင် ရောဂါက ဂျပန်ဦးနှောက်ရောင် ဗိုင်းရပ်စ်ပိုး သယ်ဆောင်တဲ့ ကျူးလက်စ် (Culex Tritaeniorhynchus) အမျိုးအစားခြင် ကိုက်တာကြောင့်ပါ။ အခု ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ် ၁ဝ မြို့နယ်မှာ ဖြစ်ပွားမှု ရှိတယ်။ ရှိတဲ့အခါမှာ ဓာတ်ခွဲစစ်ဆေး အတည်ပြုပြီးတဲ့သူ ၁၉ ဦး ရှိပါတယ်။ ၁၉ ဦးထဲ မှာ လောလောဆယ် သေဆုံးမှုက လေးဦး ရှိပါတယ်။ ဒါက လုံးဝ ဓာတ်ခွဲစစ်ဆေး အတည်ပြုပြီးတဲ့သူကို ပြောတာပေါ့။ ဓာတ်ခွဲစစ်ဆေး အတည်ပြုပြီးတဲ့သူ အပါအဝင် သံသယရှိသူက ဒီနေ့အထိ ၄၃ ဦး ရှိတယ်။ ကျန်တဲ့သူတွေကလည်း ဓာတ်ခွဲစစ်ဆေးဖို့ ပို့ထားတယ်။ ဓာတ်ခွဲစစ်ဆေးမှုမှာ Positive ဆိုပြီး ထွက်လာတာ ၁၉ ယောက် ရှိပါတယ်။

Voice : ဆရာတို့ ဦးစီးဌာန အနေနဲ့ရော ဘယ်လို ဆောင်ရွက်မှုတွေ လုပ်ဆောင် ပေးနေပါသလဲ။
Dr.ZL : ဆရာတို့က စကတည်းကိုက အချိန်နဲ့ တစ်ပြေးညီ ကာကွယ် နှိမ်နင်းရေးနဲ့ ကုသရေး လုပ်ငန်းတွေကို ဆောင်ရွက်ထားတယ်။ ဒီရောဂါက ယေဘုယျအားဖြင့် ပြောရရင် နည်းနည်းလေး ရောဂါ ဖြစ်ပွားလာရင် လူနာအနေနဲ့ ဆုံးရှုံးမှု ရှိနိုင်တယ်။ ရှိနိုင်တဲ့ကြားက ကြိုးစားပြီး ကုသတာ ဖြစ်နေပါတယ်။ နေ့စဉ် ရောဂါကို စုံစမ်း ထောက်လှမ်း ရှာဖွေတယ်။ နောက်သက်ဆိုင်ရာ မြန်မာဘာသာနဲ့ရော၊ တိုင်းရင်းသား ဘာသာတွေနဲ့ပါ ကျန်းမာရေး ပညာပေးဖို့ ဆရာတို့က လုပ်နေတယ်။ နောက် တစ်ယောက်ချင်းစီအတွက် ခြင်ကိုက် မခံရအောင် ဘယ်လို နေထိုင်ပြုမူမလဲ ဆိုတဲ့ဟာကို ဆရာတို့က လူထုကို ပြောပြပေးတဲ့အပြင် ဆေးစိမ်ခြင်ထောင် အလုံး ၂ဝဝဝ ကို ရောဂါဖြစ်ပွားမှု ရှိတဲ့နေရာနဲ့ အနီး ပတ်ဝန်းကျင် သတ်မှတ်နေရာတွေကို ဖြန့်ဝေပေးဖို့အတွက် မြို့နယ်တွေကို ပို့လိုက်ပြီ။

Voice : ဒီရောဂါရဲ့ ကူးစက် ပျံ့နှံ့ပုံလေး ပြောပြပေးပါဦး။
Dr.ZL : ဒီရောဂါက လယ်ကွင်းတွေမှာ ပေါက်တဲ့ခြင်ကနေ ဝက်ကို ရောဂါကူးတယ်။ ဝက်ကနေမှတစ်ဆင့် လူကို ခြင်ကနေ ပြန်ကူးတာပေါ့။ အဲဒီလို ဖြစ်တဲ့အတွက် အဓိကတော့ ဝက်ပေါ့။ ဝက်နဲ့ ပတ်သက်တာကို တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ပြည်နယ်အဆင့် တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်နေပါတယ်။ နောက် ခြင် ခိုအောင်းနိုင်တဲ့ နေရာတွေကိုလည်း  သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ရှင်းလင်း သုတ်သင်တာတွေလည်း လုပ်နေတယ်။ ဒါ့အပြင် သက်ကြီးခြင်တွေကို သေဖို့အတွက် ခြင်ဆေးမှိုင်း မှုတ်ခြင်းကိုလည်း ဆောင်ရွက်နေတယ်။

Voice : ရောဂါဖြစ်ပွားရင် ဘယ်လို လက္ခဏာတွေ ဖြစ်နိုင်ပါသလဲ။
Dr.ZL : ဖျားတယ်။ အန်တယ်။ ခေါင်းကိုက်တယ်။ အချိန်နဲ့ နေရာကို မဝေခွဲနိုင်အောင် စိတ် ကယောင်ချောက်ချား ဖြစ်တဲ့ဟာမျိုးတွေ ဖြစ်တတ်သလို၊ သတိလစ် မေ့မြောတာတွေ ဖြစ်တတ်တယ်။ အသက် သေဆုံးတဲ့အထိ ဖြစ်တတ်တယ်။ လူထုကိုလည်း အကြောက် မလွန်စေချင်ဘူး။ ဆရာတို့ကတော့ လိုအပ်တဲ့ အတိုင်းအတာအထိ ထိန်းချုပ်နိုင်တဲ့အထိ လုပ်ကိုင်မှာပဲ ဖြစ်တယ်။ လူထုကလည်း မကြောက်ဘဲနဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရေ အနေနဲ့ ခြင်ကိုက် မခံရအောင် ကာကွယ်ဖို့ ခြင်ဆေး လိမ်းတာတွေ ရှိတယ်။ နောက် အင်္ကျီရှည်၊ ဘောင်းဘီရှည် ဝတ်ပြီး ကာကွယ်လို့ ရတယ်။ နောက်ပြီး ဘယ်နေရာ အိပ် အိပ်၊ ဘယ်အချိန် အိပ်အိပ် ခြင်ထောင်နဲ့ အိပ်ပါ။ အထူးသဖြင့် ညနေစောင်းနဲ့ ညဘက်မှာ ကိုက်လေ့ရှိတဲ့ ခြင်မျိုးဆိုတော့ ညဘက် တောက်လျှောက် အိပ်တဲ့အခါမှာ လုံလုံခြုံခြုံနဲ့ ခြင်ကိုက် မခံရအောင် အိပ်သင့်တယ်။ ကိုယ်ရဲ့ အိမ်နား ဒါမှမဟုတ် အိမ်ထဲမှာ ဝက်လိုမျိုး ကျွဲ၊ နွား တိရစ္ဆာန်တွေ မွေးမြူထားခဲ့ရင် လူနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာ ထားပြီး မွေးမြူခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်။ ဒီခြင်က တိရစ္ဆာန်သွေးကို ကြိုက်တာဖြစ်တယ်။ လူကို မတော်တဆ ကိုက်တာ ဖြစ်တယ်။ လူကို ရည်ရွယ်ချက်ရှိရှိ မကိုက်ဘူး။ သူ တကယ် ကိုက်ဖို့လာတာက တိရစ္ဆာန်ကို ကိုက်ဖို့လာတာ။ အဲဒီအခါကျတော့ တိရစ္ဆာန်တွေကို လူတွေနဲ့ တတ်နိုင်သမျှ ဝေးရာမှာ မွေးမယ်။ မွေးမြူရေး ခြံတွေကို ရှင်းရှင်းလင်းလင်း ထားမယ်။ ကိုယ့်ရဲ့ အိမ် ပတ်ဝန်းကျင်မှာ ခြင် ခိုအောင်းနိုင်တဲ့ ချုံပုတ်လိုမျိုးကို ရှင်းလင်းမယ်ဆိုရင် ကိုယ့်ကိုယ် ကိုယ် တစ်ကိုယ်ရေ ကာကွယ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

Voice : ဆရာတို့အနေနဲ့ ရောဂါဖြစ်ပွားနေတဲ့ နေရာတွေမှာ တခြား ဘယ်လို ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ရှိပါသေးလဲ။
Dr.ZL : ဆရာတို့ အခု မကြာခင်မှာပဲ အသက် ကိုးလ အထက် ၁၅ နှစ်အောက် ကလေးတွေ အတိအကျ သတ်မှတ်ပြီး ဆရာတို့က ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ရေးနဲ့ တုံ့ပြန်ကာကွယ်ဆေး ထိုးနိုင်ရေးလုပ်ငန်း ပြည် နယ် ကြီးကြပ်ရေး ကော်မတီဆိုပြီး ကော်မတီ ဖွဲ့စည်းထားတယ်။ လာမယ့်အပတ် ၂၈ ရက်နေ့လောက်မှာ ကာကွယ်ဆေး ထိုးနှံဖို့အတွက် ဒီကရောဂါဖြစ်ပွားမှု ရှိတဲ့နေရာနဲ့ သတ်မှတ်နေရာတွေ အတိအကျ သတ်မှတ်ပြီး ကာကွယ်ဆေးထိုးနှံဖို့ရှိပါတယ်။

Voice : ဆရာ့အနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။
Dr.ZL : အဓိကတော့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေနဲ့ရော ဌာနပေါင်းစုံနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဆေးထိုးလုပ်ငန်း ကျွမ်းကျင်တဲ့သူရော၊ ရောဂါနှိမ်နင်းရေး ကျွမ်းကျင်တဲ့သူရော အားလုံး ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ လူထုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခြင်ကိုက် မခံရအောင် ကာကွယ်ရေး၊ မွေးမြူထားတဲ့ တိရစ္ဆာန်တွေနဲ့ နေထိုင်မှု သီးသန့် ဖြစ်စေရေး ဒါတွေကို စနစ်တကျ ဆောင်ရွက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုပါတယ်။ အင်မတန် ထင်ရှားတဲ့ အချက်က ဒီရောဂါက လူကနေ လူကို မကူးပါဘူး။ အဲဒီအခါကျတော့ အကြောက် မလွန်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပြီး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေမှာလည်း ပူးပေါင်း ဆောင်ရွက်ကြပါ။ အခုလိုအချိန်မှာ ကလေးဖျားတာပဲ ဖြစ်ဖြစ်၊ လူကြီးဖျားတာပဲဖြစ်ဖြစ် အထူးသဖြင့် ၁၅ နှစ် အောက် ကလေးတွေ ဖျားရင် သက်ဆိုင်ရာ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ကျေးလက်ဒေသ ဆေးပေးခန်းတွေ၊ ဆေးရုံတွေမှာ အစရှိသဖြင့် အလျင်အမြန် ပြဖို့ လိုပါတယ်။ ဒီရောဂါက စောစော ကုသမယ်ဆိုရင် ရောဂါရဲ့အန္တရာယ် ပေးနိုင်တဲ့ အခြေအနေတွေ အများကြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပြသခြင်းဖြင့် မိမိတို့ ရင်သွေး၊ မိမိတို့ကိုယ်တိုင် ကျန်းမာရေးကို စောင့်ရှောက်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA