14-Jan-2021
ရန်ကုန်မြို့သစ်စီမံကိန်းကို ဆောက်လုပ်ရေးလုပ်ငန်းအသင်း ၃ သင်းစုပေါင်းပြီး Swiss Challenge ဝင်ပြိုင်ထားသည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို ဝင်ပြိုင်ခြင်းက စီးပွားရေးလုပ်ငန်းဆိုသည့် ရှုမြင်မှုတစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ဗိသုကာများ၊ အင်ဂျင်နီယာများ၊ အခြေခံလုပ်သားများ မဖြစ်မနေပါဝင်သင့်သည့် စီမံကိန်းတစ်ခုဆိုသည့် ယုံကြည်ချက်ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ယင်းအသင်း ၃ သင်းက ဆိုသည်။ နိုင်ငံရေးဗျူဟာအရ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ထည့်ထားသင့်ကြောင်းလည်း အသင်း ၃ သင်းက ဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားကုမ္ပဏီကို Swiss Challenge အခွင့်အရေး ပေးခဲ့ရသည့်တိုင် ယခုလုပ်ငန်းကို မြန်မာနိုင်ငံသားများက ၆၀ ရာခိုင်နှုန်း၊ နိုင်ငံခြားသားများက ၄၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအချိုးကျစီဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းတို့က ပြောကြသည်။ ယင်းစီမံကိန်းနှင့်ပတ်သတ်၍ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့၏ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။