News

POST TYPE

HEALTH

အစားအသောက်အာဟာရတန်ဖိုးများ ပါဝင်သည့်စာအုပ် ထုတ်ဝေရန်စီစဉ်
12-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံရှိ လူထုအတွင်း အစားများသည့် အစားအသောက်များ၏ အာဟာရတန်ဖိုးများပါဝင်သည့်စာအုပ် ထုတ်ဝေရန်စီစဉ်လျက်ရှိကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) အာဟာရသုတေသနဌာနခွဲမှ ဒေါက်တာမို့မို့လှိုင်က ပြောကြားသည်။

“အဲဒါမျိုးစာအုပ်ကို လွန်ခဲ့တဲ့နှစ် ၂၀ က ထုတ်ဝေခဲ့တာရှိတယ်။ အရင်က စမ်းသပ်တဲ့နည်းတွေက Out of Date ဖြစ်နေပြီ။ ခေတ်မီစက်တွေ၊ နည်းတွေနဲ့ စမ်းဖို့လိုလာတဲ့အတွက် ပြန်စမ်းသပ်တယ်။ ၂၀၂၀ လောက်မှာ ထုတ်ဝေဖို့ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

ပြည်သူများ၏ အစားအသောက် စားသုံးမှုပမာဏကို သိရှိနိုင်ရန် အစားအသောက်များ၏ အာဟာရတန်ဖိုးများကို သိရှိရန်လိုအပ်ပြီး သုတေသီများအနေနှင့် ရခိုင်နှင့်ရှမ်းရိုးရာ အစားအစာများတွင် ပါဝင်သည့် ကယ်လိုရီနှင့် အဆီဓာတ်ပါဝင်မှု ပမာဏကို လေ့လာခဲ့ကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သို့ တင်သွင်းသည့် သုတေသနများအရ သိရသည်။

အဆိုပါ သုတေသနအရ ရခိုင်အစားအစာများတွင် ပါဝင်သည့် ကယ်လိုရီနှင့် အဆီဓာတ်ပမာဏသည် ရှမ်းအစားအစာများထက် လျော့နည်းသည်ကိုတွေ့ရှိရကြောင်း၊ ရန်ကုန်မြို့ပေါ်ရှိ တိုင်းရင်းသား အစားအစာဆိုင်များမှ ရခိုင်နှင့်ရှမ်းအစားအစာ အမျိုး ၅၀ ကိုဝယ်ယူ၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာနထံမှ သိရသည်။

“အခု ရခိုင်နဲ့ရှမ်းအစားအစာတွေ စမ်းတယ်။ ပြီးရင် မွန်နဲ့ ကချင် စမ်းမယ်။ ဒီလေးမျိုးရဲ့ဆိုင်တွေက ရန်ကုန်မှာ များတယ်။ တခြားရိုးရာအစားအစာတွေက ရှိပေမယ့်နည်းတယ်။ အဖြေတွေကို စုနေတုန်းပဲ”ဟု ဒေါက်တာမို့မို့လှိုင်က ဖြည့်စွက်ပြောကြားသည်။

အဆိုပါ အစားအသောက် အာဟာရတန်ဖိုးများ ပါဝင်သည့်စာအုပ်ကို နိုင်ငံတကာအဆင့်နှင့်အညီ စမ်းသပ်သွားမည်ဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရသည်။

J-12