News

POST TYPE

HEALTH

ဓာတ်ရောင်ခြည် ကင်ဆာဌာနသို့ လာရောက်ကုသမှုခံသူ ခုနစ်ထောင်ကျော်ရှိ
15-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရန်ုကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာနသို့ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း လာရောက်ကုသမှု ခံယူသူ ၇၄၀၀ ကျော်ရှိကြောင်း ယင်းဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်ချိုဝင်းက ပြောကြားသည်။

“စက်အရေအတွက်ထက် လူနာဦးရေက တော်တော်များတယ်။ အချိုးအစား မညီဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ ဓာတ်ရောင်ခြည်ကင်ဆာ ဌာနသို့ ၂၀၀၅ ခုနှစ်တွင် လူနာ ၃,၈၆၂ဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ၄,၉၉၅ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၇,၂၅၂ ဦးနှင့် ၂၀၁၇-၂၀၁၈ ခုနှစ် တွင် ၇,၄၀၀ ကျော်အထိ များပြားလာကြောင်း၊ အဆိုပါဌာနကို လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်ကပင် ဖွင့်လှစ်ခဲ့ကြောင်း ယင်းဌာန၏ အချက်အလက်များအရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၂၀၀၀ ဆံ့ဆေးရုံကြီးဖြစ်ပြီး ယင်းဆေးရုံကြီးအတွင်း ခုတင် ၃၀၀ ဆံ့ ကင်ဆာကုသဆောင်အသစ်ကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်ရောင်ခြည်ကုသမှုပေးသည့် စက်လေးလုံးဖြင့် တစ်နေ့လျှင် လူနာဦးရေ ၃၀၀ ခန့်ကို ကုသမှုပေးလျက်ရှိကြောင်း ဓာတ်ရောင်ခြည်ကင်ဆာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်ချိုဝင်းက ဖြည့်စွက် ပြောကြားသည်။

“လူဦးရေက တက်လာသလို ကင်ဆာဖြစ်တဲ့သူကလည်း တက်မှာပဲ။ ဒါက ပြည်သူ့ကျန်းမာရေးလုပ်ဆောင်ချက်မှာ တစ်ခုခုလိုနေတာ တွေ့ရတယ်။ လူဦးရေတက်လာပေမယ့် လူနာကျရင်တော့ အောင်မြင်တယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနသို့ လာရောက်ပြသသည့် လူနာထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ပြီး ၎င်းတို့တွင် သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးနှင့် စအိုလမ်းကြောင်းကင်ဆာများအဖြစ်များပြီး အမျိုးသားများ၌မူ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်အူလမ်းကြောင်း ကင်ဆာများအဖြစ်များကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

J-12