News

POST TYPE

HEALTH

ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျပ် ၃၄၀ ဘီလီယံကျော် ထောက်ပံ့မည်
18-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund)က မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် မြန်မာကျပ်ငွေ ၃၄၂ ဒသမ ၆၉ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၁၅ သန်းကျော်)ကို ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းရန်ပုံငွေအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအနေနှင့် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထောက်ပံ့ပေးခဲ့သည့် ထောင်စုနှစ် ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) ၏ လုပ်ဆောင်ချက်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် ပိုမိုတိုးတက်ကောင်းမွန်လာသော်လည်း အချို့သောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုရရန် အခက်အခဲများရှိနေဆဲဖြစ်ပြီး ပဋိပက္ခများဖြစ်ပေါ်လျက်ရှိသော ဒေသများတွင်နေထိုင်သည့် ပြည်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကို ပိုမိုခံစားရကြောင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုရန်ပုံငွေသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၃ ခုနှစ်ကုန်အထိ ငါးနှစ်တာကာလအတွင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ၏ အဓိက ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံပေးနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် အဓိကထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေကို ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) က စီမံခန့်ခွဲမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရသည့် လူအုပ်စုများနှင့် ထိခိုက်အလွယ်ဆုံးသော လူအုပ်စုများအတွက် လူ့အခွင့်အရေးဆိုင်ရာ အခြေခံနည်းလမ်းများအတိုင်း အဓိကထား လုပ်ဆောင်သွားမည်ကြောင်း၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်းဖြင့် အဓိက ဦးတည်အုပ်စုများထံ ကျန်းမာရေးဝန်ဆောင်မှုရရှိရန် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

J-12