News

POST TYPE

HEALTH

တီဘီဖြစ်ပွားမှု မပျက်မကွက် သတင်းပို့ခြင်းအတွက် ဒေါ်လာ ၁၀ သန်းထောက်ပံ့
12-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ကမ္ဘာ့ရန်ပုံငွေအဖွဲ့က တီဘီရောဂါဖြစ်ပွားမှုကို မပျက်မကွက်သတင်းပေးပို့ခြင်းလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

တီဘီရောဂါလူနာတိုင်းကို ကုသမှုပေးနိုင်ရန်အတွက် တီဘီရောဂါ ဖြစ်ပွားမှု မပျက်မကွက်သတင်းပေးပို့ တိုင်ကြားခြင်းဆိုင်ရာ လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ပြင်ပဆေးရုံများနှင့် ဆေးခန်းများမှ တီဘီရောဂါ ဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များ မပျက်မကွက်ရရှိခြင်းဖြင့် နိုင်ငံအတွင်း တီဘီရောဂါ ဖြစ်ပွားမှုနှင့် ကုသခြင်းခံယူမှုအခြေအနေများကို တိကျစွာရရှိနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“ဒီလိုလုပ်ခြင်းက တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တီဘီလူနာတွေကို ပိုမိုဖော်ထုတ်ကုသပေးနိုင်မယ်။ ပြီးတော့ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်လာမှာပါ” ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ဆောင်ရွက်ခြင်းများမှ ရရှိလာသော စာရင်းဇယားနှင့် သတင်းအချက်အလက်များကို သုံးသပ်ဆန်းစစ်၍ တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ၊ နည်းဗျူဟာနှင့် စီမံချက်များကို ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် တီဘီလူနာများကို တိုးမြှင့်ရှာဖွေနိုင်ရန် Digital Mobile X-ray Rom ကား ၅ စီးကို အသုံးပြု၍ လူနာရှာဖွေခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးယဉ်ပါးတီဘီရောဂါသည် သလိပ်ပိုးတွေ့ တီဘီသစ်များတွင် ၅ ရာခိုင်နှုန်းခန့်နှင့် တီဘီရောဂါပြန်ဖြစ် လူနာများတွင် ၂၇ ရာခိုင်နှုန်းတွေ့ရှိခဲ့ကြောင်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် 3rd Drug Resistance Survey အရ သိရသည်။

ထို့အတူ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် တီဘီဓာတ်ခွဲခန်းများဖြင့် ဆေးယဉ်ပါးတီဘီ ရောဂါရှာဖွေခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး Gene-Xpert စက်စုစုပေါင်း ၈၆ လုံးဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

J-12