News

POST TYPE

HEALTH

အာဟာရဖွံ့ဖြိုးရေးအတွက် ကျပ်ဘီလီယံ ၉၀၀ ကျော်အသုံးပြုမည်
28-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၃ ခုနှစ်ကာလအထိ ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကျပ် ၉၂၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၃ သန်းကျော်)အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးအမျိုးသားအဆင့် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

အဆိုပါစီမံကိန်းမှ မိခင်များနှင့် ကလေးသူငယ်များတွင် ဖြစ်ပွားသည့် အာဟာရပြဿနာများ အားလုံးကို လျှော့ချခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အားလုံး အလယ်တန်းပညာကို သင်ယူပြီးမြောက်၍ အာဟာရပြည့်ဝကာ မှန်ကန်သော အာဟာရဆိုင်ရာ အမူအကျင့်ကောင်းများ ရရှိစေရန်၊ ဥပဒ်ကင်း၍ အမျိုးအစားအုပ်စု စုံလင်သော အစားအသောက်များကို ပုံမှန်လက်လှမ်းမီ စားသုံးနိုင်ရန်နှင့် အာဟာရချို့တဲ့ လွယ်သောလူအုပ်စုများသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေးပံ့ပိုးမှုများ၊ အာဟာရမြှင့်တင်ရေး အကျိုးကျေးဇူးများကို ရရှိခံစားရရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အာဟာရနိမ့်ကျရတဲ့အကြောင်း သုံးခုရှိတယ်။ အာဟာရပြည့်တဲ့ စားသောက်ကုန်တွေကို လက်လှမ်းမမီတာ၊ မသိနားမလည်တာ၊ ကာလတို၊ ရှည်ရောဂါဖြစ်ပွားတာတွေပဲ။ ဒီတော့ မတတ်နိုင်တဲ့သူတွေကို လက်လှမ်းမီအောင် ဘယ်လိုပံ့ပိုးပေးမလဲ၊ အာဟာရဖြစ်အောင် ဘယ်လိုစားရမလဲဆိုတာတွေကို ကဏ္ဍအလိုက် ဆောင်ရွက်ပေးသွားရမယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းပြပြောဆိုသည်။

ငါးနှစ်အတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ် ၂၈၅ ဘီလီယံ၊ ပညာရေး ဝန်ကြီးဌာနအတွက် ကျပ် ၂၀၄ ဘီလီယံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကျပ် ၁၉၇ ဘီလီယံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအတွက် ကျပ် ၂၂၅ ဘီလီယံတို့ သုံးစွဲမည်ဖြစ်ကြောင်း အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

J-12