News

POST TYPE

HEALTH

မြို့နယ် ၇၀ ကျော်တွင် အတက်ရောဂါ စီမံချက်ဖြင့် ကုသပေးမည်
28-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လေးနှစ်စီမံချက်ဖြင့် မွန်၊ ကရင်၊ ကယား၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ် ၇၃ မြို့နယ်တွင် အတက်ရောဂါကို လိုက်လံကုသပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

“အတက်ရောဂါက အရင်က အကြောင်းအမျိုးမျိုးကြောင့် ရောဂါကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေမှာ ဦးစားပေးအနေနဲ့ မရောက်ရှိခဲ့ဘူး။ အရင်က ထိန်းချုပ်ဆေးဝါးစာရင်းဝင်အဖြစ်ရှိခဲ့တဲ့ Phenobarbitone ဆေးနဲ့ အခုဆို လူနာတွေကို အခမဲ့ကုသပေးနိုင်တဲ့အထိ အောင်မြင်မှုရှိနေပါပြီ”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောဆိုသည်။

ယခင်က တရားဝင် ဝယ်ယူသုံးစွဲရန် ခက်ခဲသည့် အတက်ရောဂါကုရာတွင် ဘေးထွက်ဆိုးကျိုးနည်းပါးသည့် Phenobarbitone (ဖီနိုဘာဘီတုန်း) ကဲ့သို့ အတက်ရောဂါထိန်းချုပ်ဆေးကို စက်မှုဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ဝယ်ယူဖြန့်ဖြူးကာ အခမဲ့ကုသပေးနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဦးနှောက်နှင့် အာရုံကြောဆေးကုဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အစီရင်ခံစာအရ ယခင်ကုသပေးခဲ့သည့် ဧရိယာများတွင် လွှမ်းခြုံမှု ၂ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတွင် မကူးစက်တတ် သောရောဂါများဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိပြီး မကူးစက်တတ်သော ရောဂါများတွင် အတက်ရောဂါမှာ အဖြစ်အများဆုံး အမှတ်စဉ် ၅ တွင်ရှိနေကာ တစ်နိုင်ငံလုံး အတိုင်းအတာအရ လူဦးရေ ငါးသိန်းခန့်မှာ အတက်ရောဂါခံစားနေရကြောင်း မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်၏ဖော်ပြချက်အရ သိရသည်။\

J-12