News

POST TYPE

HEALTH

ဝင်ငွေနည်းပါးသူများအတွက် ရောဂါအမျိုးအစား ၁၅၀ အခမဲ့ကုနိုင်ရန် ဆောင်ရွက်
ရန်ကုန်၊ ဇူလိုင် ၁၇ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်တွင် ဝင်ငွေနည်းပါးလွန်းသည့် ပြည်သူများအတွက် ရောဂါအမျိုးအစား ၁၅၀ ကို အခမဲ့ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနမှ အမျိုးသားကျန်းမာရေး စီမံကိန်းမန်နေဂျာ ဒေါက်တာသန့်စင်ထူးက ပြောကြားသည်။

“အခမဲ့ကုပေးမယ်လို့ အာမခံထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အကန့်အသတ်ရှိရလိမ့်မယ်။ ဘယ်ရောဂါတွေ ဆိုပြီးတော့ပေါ့။ ဆင်းရဲနွမ်းပါးရင် အစိုးရက အခမဲ့ကုပေးမယ်။ အဲဒီရောဂါတွေရဲ့ဘောင်ထဲက လွတ်ထွက်သွားရင်တော့ အခမဲ့မပေးနိုင်ဘူး”ဟု ၎င်းက ရှင်းပြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လေ့လာဆန်းစစ်မှုများအရ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လုပ်ခလစာ ၁,၃၀၀ ကျပ်အောက်ရရှိသည့် ဝင်ငွေနည်းပါးသည့်လူတန်းစားမှာ ၁၆ သန်းရှိပြီး တစ်နေ့လျှင် လုပ်ခလစာ ၁,၃၀၀ မှ ၂,၀၀၀ ကျပ်ကြားရရှိသည့် ဝင်ငွေနည်းပါးသည့် လူတန်းစားမှာ ၁၄ သန်းရှိကာ ၎င်းတို့ကို အခမဲ့ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကုသမှုကို အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုများ (Basic Essentials Health Package) ဟုခေါ်ပြီး ယင်းတို့အထဲမှ ခွဲထုတ်ရာတွင် အမျိုးအစား ၁၅၀ ရရှိခဲ့ပြီး ၎င်းတို့မှာ ပြည်သူ့ကျန်းမာရေးနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အမျိုးအစား ၇၅ ခု၊ ဆေးဝါး ကုသရေးနှင့်ဆိုင်သော ကျန်းမာရေး စောင့်ရှောက်မှုအမျိုးအစား ၇၅ ခုတို့ဖြစ်ကြောင်း အမျိုးသားကျန်းမာရေး စီမံကိန်းတွင် ဖော်ပြထားသည်။

“အခု လူထုကနားလည်နေတာက ရှိသမျှရောဂါအကုန်ကို အစိုးရကုပေးမယ်။ ဒီတော့ မျှော်လင့်ချက်ကိုယ်စီနဲ့ ဆေးရုံတွေဆီ ချီတက်လာတယ်။ ဆေးရုံရောက်တော့ ရှိတဲ့ဆေးနဲ့ ဖြစ်တဲ့ရောဂါက မကိုက်ဘူး။ ဆေးမရှိတော့ ဝယ်ခိုင်းတော့ မကျေနပ်ဘူး။ တိုင်တယ်ပေါ့။ အရင်က လူနာ ၁၀ ယောက်လောက်လာတာ။ အခု အခမဲ့ဆိုတော့ အယောက် ၁၀၀ လောက် လာကြတယ်”ဟု ဒေါက်တာသန့်စင်ထူးက ဖြည့်စွက်ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပြင် အခြားသောသက်ဆိုင်သည့် ဌာနများပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာငွေစီမံခန့်ခွဲရေး မဟာဗျူဟာကို ရေးဆွဲသွားမည်ဖြစ်ပြီး အခြေခံကျသည့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆက်စပ်သည်များ ဆောင်ရွက်ပြီးစီးပါက ကုသနိုင်မည့် ရောဂါအမျိုးအစားများကို ရောဂါကုသမှုပေးမည့်ဆေးရုံများတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေး စီမံကိန်းအရ သိရသည်။

J-12